မြန်မာနိုင်ငံအတွက် လီကွမ်ယုက စံနမူနာပြ နှစ်လိုဖွယ်ပုဂ္ဂိုလ် မဟုတ်ပါ

မြန်မာနိုင်ငံအတွက် လီကွမ်ယုက စံနမူနာပြ နှစ်လိုဖွယ်ပုဂ္ဂိုလ် မဟုတ်ပါ
Published 25 March 2015
နေထွန်းနိုင်

(၁) 
 
မတ် ၂၃ ရက် နံနက်ပိုင်းမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်ပါတယ်။ အသက် ၉၁ နှစ်။ သာမန်လူတစ်ဦးအတွက် မီးစာကုန်၊ ဆီခန်းချိန် ကွယ်လွန်မှုဖြစ်ပေမယ့် စင်ကာပူနိုင်ငံအဖို့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
 
လီကွမ်ယုဟာ ဆိပ်ကမ်းမြို့ငယ်တစ်ခုကို ချမ်းသာတဲ့ မြို့ပြနိုင်ငံငယ်ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ စင်ကာပူပြည်သူတွေက ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့ပါတယ်။ 
 
လူမှုကွန်ရက် Facebook သုံးစွဲသူ မြန်မာလူငယ်အများစုကလည်း လီကွမ်ယုအတွက် ဝမ်းနည်းကြေကွဲပြကြပါတယ်။ စင်ကာပူဆိုတာ မြန်မာလူငယ် သိန်းချီ သွားရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ နေရာဖြစ်တာကြောင့် လီကွမ်ယု ကွယ်လွန်ခြင်းကို သူတို့ ဝမ်းနည်းပြတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ 
 
ဒါပေမဲ့ စံနမူနာပြ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သဘောထားပြီး ဝမ်းနည်းပြတယ်ဆိုရင်တော့ မြန်မာလူငယ်တွေ ရဲ့ ယုံကြည်နားလည်မှုလွဲစရာ ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ 
 
(၂)
 
 လီကွမ်ယုက အာဏာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီမိုကရေစီအာဏာရှင်စနစ်ရဲ့ ဖခင်ကြီးဖြစ်ပါတယ်။ သူတင်မဟုတ်ပါဘူး။ သူနဲ့ခေတ်ပြိုင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမက်တို့ နှစ်ဦးစလုံးက “ အာရှတန်ဖိုး” ကြွေးကြော်မှုနဲ့ သူတို့နိုင်ငံ တိုးတက်အောင်လုပ်ခဲ့တဲ့ ဒီမိုကရေစီ အာဏာရှင်ကြီးတွေ ဖြစ်ပါတယ်။  
 
လီကွမ်ယုပြုလုပ်ခဲ့သမျှ အရာတိုင်းကလည်း အာဏာရှင်အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ ထိုင်းမှာ ဘုရင်စနစ်ကို ကြောက်ရွံ့မဝေဖန်ရဲအောင် ဖိနှိပ်ခံထားရသလို စင်ကာပူမှာလည်း လီကွမ်ယုအစိုးရကို မထိပါးရဲအောင် ဖိနှိပ်ထားပါတယ်။ 
 
တစ်ဆက်တည်းမှာပဲ  အစိုးရသာလျှင် အဓိကဆိုတာ လက်တွေ့ကျင့်သုံးပြီး ပြိုင်ဘက်နိုင်ငံရေးသမားတွေ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်၊ ထောင်ထဲပို့ခဲ့သလို မျှတမှုမရှိတဲ့ ငွေဒဏ်တွေချမှတ်ပြီး ယိုင်လဲအောင် လုပ်ခဲ့သူပါ။  သတင်းလွတ်လပ်ခွင့်အပိုင်းမှာလည်း နိုင်ငံတိုးတက်မှုနဲ့ နှိုင်းယှဉ်မရအောင် နိမ့်ကျတဲ့အခြေအနေမှာ ရှိခဲ့ပါတယ်။ 
 
သူ့နိုင်ငံကို တိုးတက်အောင် လုပ်နိုင်ခဲ့တာမို့ သူ့ရဲ့အာဏာရှင်စရိုက် အကျည်းတန်မှုမဖြစ်အောင် ဖုံးကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့် ကန့်သတ်ချုပ်ချယ်ခံနေရတာက အမှောင်ချ ခံခဲ့ရပါတယ်။   
 
စင်ကာပူကို တိုးတက်အောင် လုပ်နိုင်ခဲ့တာ စီးပွားရေးတစ်ခုတည်းကြောင့် ဖြစ်ပါတယ်။ လီကွမ်ယုရဲ့ စီးပွားရေးမူဝါဒကြောင့်  စင်ကာပူတိုးတက်ခဲ့ပေမယ့် လီကွမ်ယုရဲ့ အာဏာရှင်နိုင်ငံရေး မူဝါဒကြောင့် နိုင်ငံပြင်ပ ထွက်ပြေးရပြီး ပြည်ပြေးဘဝ ဖြစ်ခဲ့သူတွေ  ရှိခဲ့တာကိုလည်း မေ့ထားလို့မရပါဘူး။ 
 
ဒီအတွက် လီကွမ်ယု ဝန်ခံခဲ့တာလည်း ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်တုန်းက အမေရိကန်သတင်းစာဆရာတွေနဲ့ တွေ့ချိန်မှာ ပြောခဲ့ဖူးတာပါ။ 
 
“ကျွန်တော် လုပ်ခဲ့တာမှန်သမျှ  မှန်တယ်လို့ မဆိုနိုင်ဘူး။ မွန်မြတ်တဲ့ ရည်ရွယ်ချက် နဲ့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အမှုမစစ်ဘဲ ထောင်ချခဲ့တာမျိုးလို ဆိုးဆိုးရွားရွား လုပ်ရပ်တွေလည်း လုပ်ခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။ 
 
(၃)
 
လက်တွေ့အားဖြင့် စင်ကာပူနိုင်ငံဟာ မြို့ပြနိုင်ငံငယ် (City-state) တစ်ခု ဖြစ်ပါတယ်။ ရောမခေတ်က မြို့ပြနိုင်ငံငယ်၊ ဂရိခေတ်က မြို့ပြနိုင်ငံငယ် ပုံစံမျိုးပါပဲ။ မြို့ပြ နိုင်ငံငယ်တစ်ခုက မြို့ပြအဆင့်ပဲ ရှိပါတယ်။ မြို့ပြအဆင့် တိုးတက်မှုဆိုတာ နိုင်ငံထူထောင်ရေးမှာ တာရှည်မခံတတ်ပါဘူး။  
 
လီကွမ်ယုက သူ့ရဲ့ မြို့ပြနိုင်ငံငယ်ကို အာရှတန်ဖိုးဆိုတဲ့ ဖွင့်ဆိုချက်နဲ့ ထူထောင်ခဲ့ပါတယ်။ ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်အရ ဖြစ်လာတဲ့ အာရှတန်ဖိုးဆိုတာမှာ ပထမတစ်ချက်က မိသားစုအပေါ် သစ္စာစောင့်သိခြင်း ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က တိုင်းပြည် အပေါ် ရိုသေနာခံမှု ဖြစ်ပါတယ်။
 
ဒါပေမဲ့ အာရှတန်ဖိုး အခြေခံအချက်နှစ်ချက်စလုံးက ပဋိပက္ခဖြစ်တတ်သလို တိုင်းပြည်နဲ့ ပတ်သက်ရင် မျက်ကန်းသစ္စာခံခြင်းကို မထောက်ခံဘူးလို့ ကွန်ဖြူးရှပ်ကိုယ်တိုင်  ပြောထားတာရှိပါတယ်။ 
 
လီကွမ်ယုက အာရှတန်ဖိုးကို  စင်ကာပူအတွက် ရွေးချယ်အသုံးပြုခဲ့ပါတယ်။ လူတစ်ဦးချင်းစီရဲ့တန်ဖိုးကို အခြေခံပြီး ကွဲပြားခြားနားမှု (Divergence) ကို ထည့်မတွက်ခဲ့ပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုက စင်ကာပူလိုမြို့ ပြနိုင်ငံအတွက် အကျိုးဖြစ်ထွန်းခဲ့ပေမယ့် ရေရှည်မှာ စဉ်းစားစရာ ဖြစ်လာပါတယ်။ 
 
အခုလည်း လီကွမ်ယုအလွန် စင်ကာပူနိုင်ငံကို ဘယ်လိုဆက်သွားမလဲဆိုတာ စိန်ခေါ်မှု ဖြစ်နေပါပြီ။ 
 
ရုပ်ဝတ္ထုအားဖြင့် တိုးတက်မှုရှိခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်လာမှုတွေက အနာဂတ်စင်ကာပူကို ခြိမ်းခြောက်နေပါတယ်။ လီကွမ်ယုရဲ့ အာရှတန်ဖိုးဆိုတာ အခုချိန် ရယ်စရာဖြစ်လာပါပြီ။ 
 
(၄) 
 
လီကွမ်ယုလို ခေါင်းဆောင်မျိုး မြန်မာနိုင်ငံအတွက် မလိုအပ်ပါဘူး။ 
 
မြန်မာနိုင်ငံအတွက် လိုအပ်တာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ စင်ကာပူလို ဒီမိုကရေစီ အာဏာရှင်စနစ် ဖြစ်လို့မရပါဘူး။ စင်ကာပူနဲ့ မလေးရှားပုံစံက မြန်မာနိုင်ငံနဲ့ မတူပါဘူး။  
 
စင်ကာပူဟာ စီးပွားရေးတစ်ခုတည်းကြောင့် တိုးတက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတစ်ခုတည်းကြောင့် တိုးတက်မှု မရှိနိုင်ပါဘူး။ သမိုင်းကြောင်းရှည်လျားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဗုဒ္ဓဘာသာကို အခြေခံပြီး မတူညီတဲ့ ကွဲပြားခြားနားမှု(Divergence) များပါတယ်။ စင်ကာပူမှာ လူဦးရေ အနည်းငယ်ပဲရှိပေမယ့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသလို လူဦးရေထူထပ်တဲ့ တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံကြားမှာ ရှိနေပါတယ်။ 
 
မြန်မာနိုင်ငံအတွက် နမူနာယူစရာက စင်ကာပူနဲ့ မလေးရှား မဟုတ်ပါဘူး။ အနီးစပ်ဆုံးယူနိုင်တာက အိန္ဒိယဖြစ်ပါတယ်။ 
 
နောက်ပြီး လီကွမ်ယုကို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။  အိန္ဒိယက ဂန္ဒီ၊ နေရူး၊ အင်ဒီယာဂန္ဒီ အစရှိတဲ့ နိုင်ငံရေးမျိုးဆက်တွေနဲ့နှိုင်းယှဉ်ပြီး ခြုံငုံသုံးသပ်မှ မြန်မာနိုင်ငံအတွက် ပိုကောင်းပါလိမ့်မယ်။ 
 
(၅)
 
နောက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် လီကွမ်ယုရဲ့သဘောထားက ရိုးဖြောင့်တယ်လို့ မဆိုနိုင်ပါဘူး။ သူ့ဆီက ထွက်လာတဲ့ မြန်မာ့အရေးသဘောထား၊ လုပ်ဆောင်မှုတွေဟာ သူ့နိုင်ငံ အကျိုးစီးပွားနဲ့ ယှဉ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ထောက်ပံ့ကူညီပေးခဲ့တာပါပဲ။ 
 
မြန်မာ့တပ်မတော်သာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကို စွမ်းဆောင်မှုရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာခဲ့ရင် မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်ဆိုတဲ့ စကားကို ၁၉၉၆ ခုနှစ်ကတည်းက လီကွမ်ယု ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ပြဿနာတစ်ခုအဖြစ် ရှုမြင်ခဲ့ပါတယ်။ 
 
 အဲဒီအမြင်ကို သူ့နေရာဆက်ခံခဲ့တဲ့ ဂိုချောက်တောင်က လက်ဆင့်ကမ်းပါတယ်။ 
 
စင်ကာပူအစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို လျစ်လျူရှုခဲ့ပါတယ်။ 
 
စစ်အာဏာရှင်တွေအတွက် စစ်လက်နက်ရောင်းချခြင်း၊ စီးပွားရေးပိတ်ဆို့မှု ကျော်ဖြတ်ပြီး ဝင်ငွေရရှိအောင် ဖန်တီးပေးခြင်း၊ စစ်အာဏာရှင်တွေနဲ့ ခရိုနီလုပ်ငန်းရှင်တွေ ငွေမည်းခဝါချနိုင်ဖို့  ဘဏ်စာရင်းဖွင့်ပေးခြင်း စတဲ့နေရာတွေမှာ စင်ကာပူအစိုးရက ကြားခံဝင်လုပ်ခဲ့ပါတယ်။ 
 
ဒါပေမဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာ ထွက်ပေါ်ခဲ့တဲ့ ဝီကီလိခ်မှတ်တမ်းတွေမှာ လီကွမ်ယုက မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အချက် ပေါ်ထွက်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ “မိုက်မဲတဲ့သူတွေ”၊ “ထုံပေပေ နိုင်သူတွေ”လို့ သူက ပြောခဲ့တာပါ။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရတာ “လူသေများနဲ့ စကားပြောရသလိုပဲ”လို့လည်း သူကပြောခဲ့ပါသေးတယ်။ 
 
ဒီဝေဖန်မှုကို ၂ဝဝ၇ ခုနှစ်မှာ သူပြောခဲ့တာပါ။ အဲဒီဝေဖန်ချက်က မြန်မာပြည်သူလူထုအတွက် စာနာပြီးပြောခဲ့တာ မဟုတ်ပါဘူး။ သူ့အကျိုးစီးပွား ထိခိုက်ခဲ့လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 
 
အင်ဒိုနီးရှား အာဏာရှင် ဆူဟာတိုရဲ့ ယူနီဖောင်းချွတ် အရပ်သားပုံစံပြောင်း အုပ်ချုပ်တဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်ဖို့ ဦးခင်ညွန့်ကို တိုက်တွန်းခဲ့တယ်။ ဆူဟာတို ပြုတ်ကျသွားတဲ့အတွက် သူ့အကြံပေးချက်ကို မြန်မာစစ်ခေါင်းဆောင်တွေက အစောပိုင်းမှာ လက်မခံခဲ့ဘူး။ ၂ဝဝ၄ ခုနှစ်မှာပဲ ဦးခင်ညွန့် အရေးယူခံလိုက်ရပါတယ်။ အဲဒီကာလတွေမှာပဲ လီကွမ်ယုရဲ့ အကြံဉာဏ်နဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ စင်ကာပူ ဟိုတယ်လုပ်ငန်းတွေ ဒေါ်လာသန်းချီ အရှုံးပေါ် ခဲ့ပါသေးတယ်။
 
(၆) 
 
လီကွမ်ယုရဲ့သားဖြစ်သူ လီရှန်လွန်း လက်ထက်မှာတော့ သဘောထားအနည်းငယ် ပြောင်းခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို လက်တွဲမဖြုတ်ခဲ့ဘဲ  ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေရေးအတွက်ပါ ခြေလှမ်းပြင်ခဲ့တာပါ။ 
 
 ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံခဲ့ရရင် မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ဦးရမယ်ဆိုတဲ့ မှတ်ချက်စကားကို ၂ဝ၁၃ ခုနှစ်တုန်းက လီရှန်လွန်း ပြောခဲ့ဖူးပါတယ်။ 
 
ဒါပေမဲ့ ဒါဟာလည်း မြန်မာပြည်သူလူထုအတွက် မဟုတ်ဘဲ သူတို့အကျိုးစီးပွား ချိန်ခွင်လျှာညှိဖို့အတွက်သာ ဖြစ်ပါတယ်။ 
 
မြန်မာပြည်သူတွေအဖို့ လီကွမ်ယု၊ လီကွမ်ယုနေရာဆက်ခံခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမက်တို့ဆိုတာ မိတ်ဆွေကောင်းတွေ မဟုတ်တာ သေချာပါတယ်။ 
 
ပညာတတ်ပြီး ဉာဏ်ရည်ထက်မြက်သူတွေကို ခေါ်ယူနေရာပေး၊ သူ့နိုင်ငံအတွက် အလုပ်လုပ်စေတဲ့ စင်ကာပူအစိုးရရဲ့ စေတနာဆိုလည်း မေးခွန်းထုတ်စရာ အများကြီးရှိနေပါတယ်။သေချာတာကတော့ စင်ကာပူတွေအတွက် လီကွမ်ယုက စံနမူနာပြ နှစ်လိုဖွယ်ခေါင်းဆောင်ဖြစ်ပေမယ့် မြန်မာတွေအတွက်တော့ စံနမူနာပြ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ 
 
ဒီလိုပဲ မြန်မာနိုင်ငံအတွက် လိုအပ်နေတာကလည်း စင်ကာပူပုံစံ ဒီမိုကရေစီအာဏာရှင်စနစ် မဟုတ်ဘဲ စနစ်ကိုအခြေခံပြီး ခိုင်မာတဲ့ ဒီမိုကရေစီရရှိရေးပဲ ဖြစ်ပါတယ်။