သတင်းနဲ့ အတင်း

သတင်းနဲ့ အတင်း
Published 24 March 2015
သဲသီရိကျော်

“အတင်းအဖျင်း” ဆိုတာက အကြောင်းအရာ ရေရောရာရာမရှိတဲ့ ကိစ္စတစ်ခုကို ကိုယ့်အထင်နဲ့ ဝေဖန်သုံးသပ်ပြောဆိုပြီး တစ်ဖက် သူသိက္ခာကျအောင်လုပ်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကျွန်မကတော့ အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုချင်ပါတယ်။
 
လူ့ပတ်ဝန်းကျင်မှာ ရှင်သန်ကြတဲ့အခါ ကျွန်မတို့ မလွဲမသွေ အမြဲတမ်းကြုံတွေ့ရင်ဆိုင်နေရတဲ့ ကိစ္စကတော့ အတင်းအဖျင်းပြောဆိုခံရတဲ့ ကိစ္စပါပဲ။ ကျွန်မတို့ ကိုယ်တိုင်က တခြားသူကိုသော် လည်းကောင်း၊ တခြားသူက ကျွန်မတို့ကိုသော် လည်းကောင်း ပြောဆိုကြ၊ ပြောဆိုခံကြရတာမျိုး ရှိပါတယ်။ လူတွေက အခြားသူတစ်ယောက်ရဲ့ ကောင်းသတင်းကိုသာ ပြောဆိုဖို့ ခက်ခဲကြပေမယ့် အားနည်းချက်တစ်ခု အပြစ်တစ်ခုခုကိုတွေ့ရတဲ့အခါ အဲ့ဒီအားနည်းချက်၊ အပြစ်ကို နင်းပြီး သူတို့လိုရာဘက်ကို ဆွဲတွေးတတ်ကြပါတယ်။ ပြီးတော့ အချင်းချင်း တီးတိုးဝေဖန် မကောင်းသတင်း ဖြန့်ကြတော့တာပါပဲ။ ဒါကို အတင်းအဖျင်းလို့ ကျွန်မတို့တွေက သတ်မှတ်ထားကြပါတယ်။ အတင်းနဲ့ သတင်းကို ကွဲကွဲပြားပြား မသိတဲ့သူတချို့နဲ့ သိပါရက်နဲ့ ကိုယ့် ကိုယ်ကိုယ် ဖုံးကွယ်ချင်တဲ့ လူအချို့က သူတို့ပြောတာက အတင်းအဖျင်းစကား မဟုတ်ပါ။ သတင်းတစ်ခုသာ ဖြစ်ပါတယ်လို့ အခြားသူတစ်ယောက်၊ အခြားအဖွဲ့အစည်းတစ်ခုရဲ့ မကောင်းကြောင်း၊ အားနည်းချက်ကို ဝေဖန်ကဲ့ရဲ့ပြောဆိုပြီး လူအများရှေ့အရှက်ကွဲသိက္ခာကျစေဖို့ သူတို့ရဲ့ နောက်ကွယ်က အပြောအဆိုတွေကို မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို ဖုံးကွယ်ဖို့အတွက် ပြောတတ်ကြပါတယ်။
 
ကျွန်မမှာ မိတ်ဆွေတစ်ယောက် ရှိပါတယ်။ သူက လူတစ်ယောက် သူ့ရှေ့ကဖြတ်သွားရင်တောင် အဲ့ဒီလူတစ်ယောက်ရဲ့ အသွင်အပြင်ပေါ် သူ့ဘာသာသူဝေဖန်ပြီး၊ လိုရာဘက်ကို ဆွဲတွေးပြီး မှတ်ချက်ပေးတတ်ပါတယ်။ ကျွန်မနဲ့ တွေ့တဲ့အခါ တခြားမိတ်ဆွေတွေရဲ့ မကောင်းတဲ့အကြောင်းတွေကို အမြဲလို ပြောတတ်ပါတယ်။ကျွန်မကတော့ မိတ်ဆွေတစ်ယောက်နဲ့ အလုပ်အကြောင်း၊ ကျွန်မတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေထဲက ဘဝသင်ခန်းစာတွေအကြောင်း၊ သူ့ရဲ့ အလုပ်အတွေ့အကြုံ တွေ၊ ကျွန်မရဲ့ အတွေ့အကြုံတွေကနေ မတူညီတဲ့ အမြင်တွေကို ဖလှယ်ချင်ပါတယ်။ ဒါမှမဟုတ်လည်း ပေါ့ပေါ့ပါးပါးနဲ့ နှစ်ဦးနှစ်ဖက်စလုံး ပျော်ရွှင်စရာကောင်းမယ့် စကားမျိုးတွေပဲ ပြောချင်ပါတယ်။ ဒါပေမဲ့ သူနဲ့ တွေ့တဲ့အခါ သူအများဆုံးပြောတဲ့ အကြောင်းအရာက ကျွန်မတို့နဲ့အတူ မရှိနေတဲ့ အခြားမိတ်ဆွေတွေရဲ့ မကောင်းကြောင်း၊ ဘယ်မင်းသား၊ မင်းသမီးက ဘယ်လိုမကောင်းတာ ဆိုတာမျိုးတွေကို မမောနိုင်မပန်းနိုင် ပြောလေ့ရှိပါတယ်။ အဲ့ဒီအကြောင်းအရာတွေကိုပဲ အမြဲပြောလေ့ရှိတဲ့အခါ ကျွန်မ အဲ့ဒီမိတ်ဆွေ နဲ့ တွေ့ရမှာကိုတောင် စိတ်ပျက်မိပါတယ်။ သူနဲ့တွေ့တဲ့အခါ ကျွန်မအတွက်လည်း ဘာမှအကျိုးမရှိ၊ သူ့အတွက်လည်း ဘာမှအကျိုးမရှိတဲ့စကားတွေနဲ့ ကျွန်မတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးနေသလိုပါပဲ။ ကျွန်မကလည်း အဲ့ဒီသူ့ရဲ့အမူအကျင့်၊ အပြောအဆိုကို သည်းမခံနိုင်တဲ့အဆုံး အဲ့ဒါက မကောင်းတဲ့ အကျင့်တစ်ခုဖြစ်တဲ့အကြောင်း မနေနိုင်မထိုင်နိုင် ဆရာမကြီးလုပ်ပြီး ပြောမိတဲ့အခါ အဲ့ဒီသူက ကျွန်မတို့လုပ်နေတဲ့ မီဒီယာအလုပ်ကရော ဘာထူးလို့လဲ အတင်းအဖျင်းပဲ မဟုတ်လား၊ သူများရဲ့အားနည်းချက်ကို ဝေဖန်ပြီး ကိုယ့်မီဒီယာတစ်ခု ဖွံ့ဖြိုးလာဖို့အတွက် လုပ်နေကြတာပဲ မဟုတ်လားလို့ ခနဲ့သလိုလိုပြောလာတယ်။ တကယ်တော့ တချို့လူတွေက အတင်းနဲ့သတင်းကို ကွဲပြားစွာ မသိသလို၊ သိရင်လည်း အုတ်ရောရော ကျောက်ရောရော ရောချပစ်တတ်တယ်ဆိုတာကို ကျွန်မ သိလိုက်ရပါတယ်။ သူ့ကို ကျွန်မ စကားလုံးတွေ အများကြီးနဲ့ ကျွန်မနားလည်သလောက် အချိန်ယူ ရှင်းပြခဲ့ပါတယ်။ 
 
သတင်းတွေကို ပြည်သူတွေဆီကို ရောက်အောင် အချိန်အား၊ ငွေအား၊ လူအားတွေ သုံးပြီး လုပ်ကိုင်နေတဲ့ မီဒီယာတွေလည်း များစွာရှိပါတယ်။ အများပြည်သူကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မျိုးတွေကို လုပ်ကိုင်နေတဲ့သူတွေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည် သူတစ်ပါးလက်ထဲ ရောက်စေမယ့် လုပ်ရပ်တွေကို လုပ်နေတဲ့သူတွေရဲ့ မကောင်းမှုတွေကို အများပြည်သူ သိရှိအောင် အမှန်တရားဘက်က ချက်ကျလက်ကျ ဝေဖန်ထောက်ညွှန်ရေးသား၊ ပြောဆိုတာက အတင်းအဖျင်းတစ်ခုမဟုတ်ကြောင်း အဲ့ဒါကို သတင်းလို့ခေါ်ကြောင်း တော်တော်လေး ရှင်းပြခဲ့ရပါတယ်။ လူမသိ သူမသိနဲ့ ကိုယ့်အတွက်အကျိုးမရှိ၊ အပြောခံရတဲ့သူအတွက် ထိခိုက်နစ်နာအောင် တမင်အပုပ်ချ စော်ကားတာမျိုးမဟုတ်ဘဲ ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်တာ၊ မှားယွင်းနေတာတွေကို ဝေဖန်ထောက်ပြပြီး တိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်အောင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးတာက မှန်ကန်တဲ့ သတင်းမီဒီယာတစ်ခုပဲ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ကျွန်မရေးတဲ့ စာတွေမှာ မှားယွင်းနေတဲ့အပြုအမူရှိတဲ့ လူတစ်ယောက်၊ အကြောင်းအရာတစ်ခုကို စာဖတ်သူ မြင်အောင်ရေးပြီး နောက်ထပ်လူတွေ ထပ်မမှားဖို့ အသိပေးရေးသားရတာက လူတစ်ယောက်ကို နောက်ကွယ်ကနေ အပုပ်ချစော်ကားတာ၊ သိက္ခာကျစေတာမျိုး မဟုတ်ဘဲ လူအများ မှန်ကန်တဲ့အသိတစ်ခုရဖို့ အမည်မသိဆိုပြီး အခြားလူတစ်ယောက်ရဲ့ ကာရိုက်တာကို မဖြစ်မနေ ထည့်သွင်းပြောဆို ရေးသားခြင်းဖြစ်တယ်ဆိုတာကိုလည်း ရှင်းပြခဲ့ရပါတယ်။
 
“မကောင်းဘူး”လို့ ဝေဖန်လိုက်တာနဲ့ အတင်းအဖျင်းပြောတာ မဟုတ်သလို၊ “ကောင်းတယ်၊ လှတယ်၊ လိုက်တယ်”လို့ ပြောတာနဲ့လည်း မှန်ကန်တဲ့အပြောအဆိုတစ်ခု၊ လူကောင်းတစ်ယောက်လို့ သတ်မှတ်လိုက်လို့ ရတာမျိုး မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရှင်သန်ရာ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး စိတ်အထွေထွေပါ။ တချို့က သူတစ်ဖက်သားကို ထိခိုက်နစ်နာစေချင်တဲ့ စိတ်နဲ့ ပြောတာမျိုးမဟုတ်ဘဲ အဲ့ဒီလူရှေ့မှာပဲ အဲ့ဒီလူက တခြားသူတွေရှေ့ရောက်တဲ့အခါ အရှက်တကွဲ ဖြစ်မှာစိုးလို့ ဒီအဝတ်အစားနဲ့ မလိုက်ပါဘူးဆိုတာမျိုး၊ ဒီလိုအပြုအမူမျိုး မလုပ်သင့်၊ မပြောသင့်ဘူးဆိုတာမျိုးကို အမှန်တိုင်း ပြေပြေလည်လည် သုံးသပ်ပြောဆို ဝေဖန်ပေးတာကိုတော့ မှန်ကန်တဲ့လုပ်ရပ်တစ်ခုလို့ သတ်မှတ်ရမှာပါ။ ဒါပေမဲ့ မှန်ကန်တယ်ဆိုတိုင်းလည်း လူအများကြားအောင် တစ်ဖက်လူရဲ့အားနည်းချက်ကို အော်ဟစ်ဝေဖန်ပြီး ပြောတာကတော့ အရှက်ခွဲလိုက် တာနဲ့ အတူတူပဲမို့ ဆင်ခြင်သင့်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဖရိုဖရဲနဲ့ မလှတာကို လှတယ်ဆိုပြီး တမင်လူအများရှေ့ ရောက်တဲ့အခါ အဲ့ဒီလူ အဟားခံရအောင်၊ သူများ အပြောခံရအောင် မမှန်ကန်တဲ့စိတ်ဓာတ်နဲ့ “လိုက်တယ်၊ လှတယ်” လို့ ပြောလိုက်တာကလည်း မရိုးသားတဲ့ လူတစ်ယောက်ရဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါတွေကို ခွဲခြားသိမြင်နိုင်ဖို့ ကျွန်မတို့မှာ မှန်ကန်တဲ့အသိတရားနဲ့ စဉ်းစားဆင်ခြင်တတ်တဲ့၊ ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသားရှိဖို့လည်း လိုအပ်ပါတယ်။
 
အတင်းအဖျင်းဆိုတာက ပြောတဲ့သူအတွက် အကျိုးမရှိပေမယ့် အပြောခံရတဲ့သူ ပြန်ကြားတဲ့အခါ စိတ်ထိခိုက်ခံစားရစေတဲ့ ကိစ္စမျိုး၊ အပြောခံရတဲ့လူရဲ့ ကိုယ်ကျင့်တရား နဲ့သိက္ခာကို ထိခိုက်စေတဲ့ကိစ္စမျိုးလည်း ဖြစ်ပါတယ်။ ပြောတဲ့သူအတွက်လည်း ပြောနေတဲ့အချိန်မှာ ကိုယ့်ကို တစ်ဖက်လူက အထင်သေးသွားစေသလို၊ နားထောင်နေတဲ့ တစ်ဖက်လူကလည်း ကိုယ့်ကို မယုံကြည်ရတဲ့သူတစ်ယောက်အဖြစ်လည်း သတ်မှတ်သွားစေနိုင်ပါတယ်။ သူများကို အတင်းအဖျင်းစကားမျိုးပြောလိုက်တိုင်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဓာတ်က တစ်ဆင့်ပြီးတစ်ဆင့် နိမ့်ကျသွားတယ်ဆိုတာကို သတိထားမိဖို့ လိုပါတယ်။
 
ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားလေးတစ်ခုကို အရမ်းသဘောကျမိပါတယ်။ “သင့်ရှေ့မှာ တခြားသူတစ်ယောက် မကောင်းကြောင်းလာပြောနေတဲ့သူကို မယုံကြည်ပါနဲ့။ တခြားသူ ရှေ့ရောက်တဲ့အခါမှာလည်း သင့်မကောင်းကြောင်းကို သူက အဲ့ဒီတခြားလူတွေရှေ့မှာ ထပ်ပြောဦးမှာမို့လို့ပဲ ဖြစ်ပါတယ်” တဲ့။ 
 
ကျွန်မတို့နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့အချိန်တွေကို ဘာမဟုတ်တဲ့ အတင်းအဖျင်းတွေ ပြောခြင်း၊ အတင်းအဖျင်းစကားတွေကို ယုံကြည်ခြင်းနဲ့ ကုန်ဆုံးမှာလား။ အတင်းအဖျင်းစကားတွေပြောပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဓာတ်အဆင့်အတန်းကို နိမ့်ကျ သွားအောင် လုပ်မှာလား။ ဒါကတော့ ကျွန်မတို့ တစ်ဦးချင်းစီရဲ့ အသိတရားနဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီး လုပ်သင့်၊ မလုပ်သင့်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြပါစေ။

Most Read

Most Recent