ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၃)

ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၃)
Published 24 March 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

(၄)
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ။(၂) ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေး ကိစ္စ။(၃) လက်ရှိပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်း ကိစ္စ။(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ။(၅) လက်ရှိ ကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန်ကိစ္စ။(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ။(၇) တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား၊ အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (Mother Tongue Based Multi Lingaul Education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ကိစ္စ။(၈) မသန်စွမ်း ကလေးများ အပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး (Inclusive Education) ကိစ္စ။(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ခွင့် ကိစ္စ။(၁ဝ) ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ရာခိုင်နှုန်း ၂ဝ သတ်မှတ်နိုင်ရေး ကိစ္စ။(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့် သာမက အလယ်တန်းအဆင့်ထိ တိုးမြှင့်ကျင့်သုံးရေး ကိစ္စ။အဆိုပါ တောင်းဆိုချက် ၁၁ ချက်တွင် မည်သည့်နိုင်ငံရေး တောင်းဆိုချက်မှ မပါဝင်ပါ။ မာက္ခဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ် သင်ကြားရန် မပါပါ။ အစိုးရအဖွဲ့ ဆင်းပေးရန် မဆိုထားနှင့်။ ပညာရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ပင် တောင်းဆိုချက်မပါ။ ‘အာဏာနှင့် လူ’ ကိစ္စ လုံးဝ မတို့မထိဘဲ ပညာရေးတောင်းဆိုချက် သက်သက်ကိုသာ ရိုးရိုးသားသား တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း ထမင်းစားကြီးပြင်းသူတိုင်း ဝန်ခံကြရမည် ဖြစ်ပါသည်။အမျိုးသားပညာရေး ဥပဒေကြမ်း ဆိုသည်ကို လွှတ်တော်တွင် ဆွေးနွေးရန် စိုင်းပြင်းချိန်မှစ၍ ကျောင်းသားများနှင့် NNER တို့က တင်ပြချက်၊ အကြံပြုချက်များ ပြုခဲ့ကြောင်း ထင်ရှားပြီး ဖြစ်ပါသည်။ အစိုးရအနေဖြင့် NNER ကို ဦးဆောင်သူမှာ ဒေါက်တာသိန်းလွင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖြစ်သောကြောင့် တင်ပြချက်များကို လက်ခံချင်ဟန် မတူ။ ကျောင်းသားများကိုလည်း မတူမတန် ရာရာစစ သင်းတို့ကများ ဟိုဟာတောင်း၊ ဒီဟာတောင်းနဲ့ဟု သဘောထားခဲ့ကြပုံ ပေါက်သည်။ စင်စစ်အားဖြင့် ကျောင်းသားများ အရေးဆိုနေသည့် ရက်ပေါင်း ၆ဝ အတွင်း ပညာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ယောက်လောက်က အရေးအရာလုပ် လာတွေ့ခဲ့လျှင် ပြီးသွားမည့်ကိစ္စ ဖြစ်သည်။ သို့သော်လည်း ‘ဥပေက္ခာဥပါယ်’ ဖြင့် အရေးမလုပ် ပစ်ထားခဲ့ပြီး ကျောင်းသားသပိတ်ကြီး အရှိန်အဟုန် ပြင်းလာကာ လူထုထောက်ခံမှု တစ်စထက်တစ်စ ကြီးထွားလာသည့် အချိန်ရောက်မှ သမ္မတက လွှတ်တော်သို့ အကြံပေးသလိုလို လွှဲချသလိုလို စာထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆင့်ဆင့် တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပြီး ထိုသို့ တားဆီးခြိမ်းခြောက်လေလေ (၎င်းတို့၏ နန်းဇာတိရုပ်ကို ကောင်းစွာသိပြီဖြစ်သော) ပြည်သူများက စိုးရိမ်ဝိုင်းရံမည်ဖြစ်ရာ သပိတ်ကြီးမှာ နိုင်ငံအဝှမ်း ကူးစက်မည့် အနေအထား ရောက်ရှိလာမည် ဖြစ်သည်။ သမ္မတရုံး (အမြင့်ဆုံး အစိုးရအာဏာပိုင် အဖွဲ့ရုံး)မှ ပြည်ထောင်စုဝန်ကြီး တစ်ဦးက “ပုပ္ပါးကျော်လျှင် တာဝန်မခံ” ဟု ဆိုခြင်းမှာ ဘာကို ရည်ညွှန်းပါသလဲ။ကျွန်တော်တို့ မျိုးဆက်မှာ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇ဝ တက္ကသိုလ်ရွှေရတု လှုပ်ရှားမှုများကို တက္ကသိုလ်ဘဝ အစဦးတွင် တွေ့လိုက်ရသည်။ ၁၉၇၄-၇၅-၇၆ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်ကြီးများကို ဖြတ်သန်းခဲ့ရသည်။ ကျွန်တော်တို့ခေတ်က ကျောင်းသားသပိတ်မှောက်၊ စစ်တပ်က ဝင်ရှင်း၊ ထွက်ပြေး၊ မိလျှင် ထောင်ကျ ဒါက ပုံစံက ဇာတ်ထုပ်။ ကျွန်တော်ကိုယ်တိုင် ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားသပိတ် လှုပ်ရှားမှုတွင် ပါဝင်ပြီး စစ်ခုံရုံးမှ အလုပ်ကြမ်းနှင့် ထောင်ခုနစ်နှစ်ချကာ ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရသည်။ ယခုလို အစိုးရအဖွဲ့က လေးပွင့်ဆိုင် အရေးတယူ တွေ့ဆုံဆွေးနွေးပြီဆိုတော့ အလွန်အားတက်မိသည်။ သမ္မတကြီး ပြောပြောနေတဲ့ ‘တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှု’ ဆိုတာ ဒါပဲဟု ဝမ်းမြောက်ဝမ်းသာ သာဓုနှစ်ကြိမ် ခေါ်မိပါသည်။ ကျောင်းသားကို လက်ခံတွေ့ဆုံ ဆွေးနွေးသဖြင့် အစိုးရအဖွဲ့တွင် သိက္ခာမကျသည့်အပြင် သိက္ခာပင် တက်ပါသေးသည်။ လူကြီးလူကောင်း အစိုးရ အရင်အစိုးရများနှင့် မတူဘဲ ကျောင်းသားကို ‘ရင်ဝယ်သားကဲ့သို့’ သဘောထားသည့် အစိုးရ စသည်စသည် ကျန်သာဓုတစ်လုံး ခေါ်မိမည့်ဆဲဆဲ မသင်္ကာဖွယ်ရာများနှင့် အန္တရာယ် အနံ့အသက်များ ရလာသည်။နိုင်ငံပိုင် သတင်းစာများတွင် ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင်များနှင့် ကျောင်းသားခေါင်းဆောင်များကို တိုက်ခိုက်သည့် သတင်းများ တက်လာသည်။ လူမှုကွန်ရက်တွင် ကျောင်းသားလှုပ်ရှားမှုကို ကွန်မြူနစ်များ ကြိုးကိုင်နေကြောင်းနှင့် ကျောင်းသားခေါင်းဆောင်များ တိုက်ခန်းတစ်ခန်း၊ ကားတစ်စီးရကြောင်း စသည်ဖြင့် အောက်တန်းစားကွက်များ နင်းလာသည်။ (အမှန်မှာ ဒေါ်လာ-ရာထူး-ကားပါမစ်ဖြင့် စည်းရုံးသည့် အောက်တန်းစားနိုင်ငံရေး အလုပ်လုပ်သူမှာ မည်သူများဖြစ်ကြောင်း တစ်နိုင်ငံလုံး အသိ၊ မောင်ပွစိများ အသိပင် ဖြစ်ပါသည်။) မိမိကိုယ်တိုင် ပါဝင်ဆွေးနွေး သဘောတူခဲ့သည့် ဥပဒေကြမ်းကို သဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ခိုက်သည့် ဆောင်းပါးများ နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြသည်။ တက္ကသိုလ် အာဏာပိုင်များကို ဝေဖန်ခိုင်းသည်။ လူမှုကွန်ရက်တွင် ကျောင်းသားခေါင်ဆောင်များကို အပုပ်ချသည်။ အဆိုးရွားဆုံးလုပ်ရပ်မှာ မိမိဖိတ်ခေါ်ချက်အရ ဆွေးနွေးရန် လာရောက်သည့် ဆွေးနွေးဖက် (Counter Part) ကို နေပြည်တော် စည်ပင်ရိပ်သာတွင် ညကြီးသန်းခေါင် တည်းခိုခွင့်မပေးဘဲ ဒုက္ခရောက်အောင်လုပ်သည့် ကိစ္စဖြစ်သည်။ ဆွေးနွေးရန်လာသည့် NNER မှ လက်ရှိပညာရေးဝန်ထမ်း ဒေါက်တာဘွဲ့ရ ဆရာမတစ်ဦးက ပြည်ထောင်စုဝန်ကြီးတစ်ဦး ပေးခဲ့သည့် ကတိကို ယခုနည်းဖြင့် ဖျက်ပုံမှာ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မယုံနိုင်အောင်ပင် ဖြစ်ရကြောင်း ရှင်းလင်းပွဲတစ်ခုတွင် ပြောပြသည်။ သမိုင်းဖြစ်စဉ်တစ်ခု သတိရမိသည်။၁၉၃၉ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လုဆဲဆဲ ချက်ကိုဆလိုဗက်ကီးယားကို နာဇီဂျာမနီက သိမ်းပိုက်ပြီးချိန်၊ ပထမကမ္ဘာစစ် အပြီးတွင် စစ်ရှုံးဂျာမနီ လက်မှတ်ထိုးခဲ့ရသည့် ဗာဆေးလ်စာချုပ်ကို စတင်ဆုတ်ဖြဲချိန် ဟစ်တလာ၏ အခေါဘဏီတပ်ကြီးကို ကမ္ဘာ့ခေါင်းဆောင်များ ထိတ်လန့်ပြီး ဒုတိယကမ္ဘာစစ်ကြီး ရှောင်နိုင်ရန် ဗြိတိန်ခေါင်းဆောင် နန်းရင်းဝန် ချိန်ဘာလိန်က ဟစ်တလာကို တစ်ထစ်ပြီးတစ်ထစ် လျှော့ပေးနေရချိန်၊ နှစ်ပေါင်းရာချီ၍ ပိုလန်နိုင်ငံ အစိတ်အပိုင်းဖြစ်ခဲ့ကာ ပရပ်ရှားအင်ပါယာ တစ်ဖြစ် လဲခဲ့ရပြီး ပထမကမ္ဘာစစ်အပြီး ပိုလန်အစိတ်အပိုင်း ပြန်ဖြစ်လာသော စင်္ကြံဒေသ ဒန်းဇစ် (Danzing Polish Corridor) ပြဿနာတက်ရသည်။ ဒန်းဇစ်တွင် ပိုလန်များက ဒေသခံ ဂျာမန်လူမျိုးများကို ဖိနှိပ်ချုပ်ချယ်သည်ဆိုပြီး ဂျာမန်အကျိုးစီးပွား ကာကွယ်ရန် ဟစ်တလာ၏တပ်ကြီး ပိုလန်နယ်ခြား ရောက်လာသည်။ ချိန်ဘာလိန်က အထူးကိုယ်စားလှယ်လွှတ်ပြီး ဟစ်တလာကို ချော့သည်။ ဒန်းဇစ်စင်္ကြံဒေသတွင် ဆန္ဒခံယူပွဲ ပြုလုပ်မည်။ ယင်းဒေသအုပ်ချုပ်ရေးကို ဒေသခံများက လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိရမည်။ ဒေသခံများသည် ပိုလန်နှင့် ပေါင်းမလား၊ ဂျာမနီနှင့် ပေါင်းမလား၊ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိရမည် စသည်စသည် ချိန်ဘာလိန်က အဆိုပြုသည်။ အကြိတ်အနယ် တင်းတင်းမာမာငြင်းခုံရန် မျှော်လင့်ထားသည်။ မမျှော်လင့်ဘဲ ဟစ်တလာက အဆိုပြုချက်များကို ရှောရှောရှူရှူ  ခြွင်းချက်မရှိ ချက်ချင်း လက်ခံလိုက်သည်။ တစ်ကမ္ဘာလုံး ဝမ်းသာပျော်ရွှင်သွားကြသည်။ ဒုတိယကမ္ဘာစစ်ကြီးကို ရှောင်လွှဲနိုင်ပြီး နောက်တစ်နေ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးချိန်တွင် ဟစ်တလာ ရောက်မလာတော့။ အတော်ကြီးနောက်ကျ ရောက်လာပြီး အကြီးအကျယ် ဒေါသူပုန်ထနေသော ဟစ်တလာက အထူးသံတမန်ကို လက်ညှိုးငေါက်ငေါက်ထိုး ကြိမ်းမောင်းသည်။ သူက သဘောကောင်းစွာဖြင့် တောင်းဆိုချက်များကို အလုံးစုံ သဘောတူပေးခဲ့ပါလျက် ပိုလန်စစ်သားများက ဂျာမန်ကင်းစခန်းများကို ဝင်စီးရာ အားလုံး အသေဖမ်းဆီးရမိသည်။ သက်သေခံဓာတ်ပုံများကို ဟစ်တလာကပြသည်။ အမှန်မှာ ဂျာမန်ထောင်တွင်းရှိ ပိုလန်အကျဉ်းသားများကို စစ်ယူနီဖောင်း ဝတ်ဆင်ပေးပြီး ပစ်သတ်ကာ ဇာတ်လမ်းဆင်လိုက်ခြင်းဖြစ်သည်။ ဟစ်တလာက အသင့်ရေးပြီးသား သဘောတူစာချုပ်ကို ဆုတ်ဖြဲ အထူးသံကို မောင်းထုတ်ကာ ပိုလန်တစ်နိုင်ငံလုံးကို ကျူးကျော်သိမ်းပိုက်ရန် အမိန့်ထုတ်လိုက်သည်။ (အကြံပိုင်သော ငခွေးပေတကား) ရိုင်းစတက်ဒ်လွှတ်တော်ကို ကိုယ့်ဘာသာမီးရှို့ကာ ကွန်မြူနစ် မီးရှို့သည်ဆိုပြီး လုပ်ကြံအမှုဆင်သော ဟစ်တလာ၊ မဟာအာရိယန်ဝါဒ၏ အမျိုးချစ်ပုဂ္ဂိုလ်ကြီး ဟစ်တလာ၊ မျိုးဆက်သစ်တွေ ချန်ထားရစ်ခဲ့လေသလား ဟစ်တလာရယ်။ ဒါမှမဟုတ် ပညာရှိချင်း အကြံချင်းတူလေလား မသိ။
ကျွန်တော်တို့ မျိုးဆက်မှာ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇ဝ တက္ကသိုလ်ရွှေရတု လှုပ်ရှားမှုများကို တက္ကသိုလ်ဘဝ အစဦးတွင် တွေ့လိုက်ရသည်။ ၁၉၇၄-၇၅-၇၆ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်ကြီးများကို . . . . .

နောက်ထပ် အရူးကွက်တကွက် ချခင်းသည်။ ကွန်မြူနစ်များက ကြိုးကိုင်နေကြသည်တဲ့။ ကျောင်းသားများကို ဝန်းရံသူ၊ မင်းသားကြီးကျော်သူနှင့် NNER မှ ဒေါက်တာကျော်သူတို့မှာ ဆံပင်ရှည် မုတ်ဆိတ်ပါးသိုင်းများနှင့်ဖြစ်ရာ ကားလ်မတ်၏ သူငယ်ချင်းတစ်ဝမ်းကွဲ၏ မြစ်သမက်များဟု ထင်မှားသလား မသိ။ ဆရာ ‘ကိုတာ’ မှာ အသားဖြူ ဖြူ  မျက်ပေါက်ကျဉ်းကျဉ်း အသံဝဲဝဲဖြစ်၍ မော်စီတုံး၏ စတုတ္ထဇနီးမှ ဆင်းသက်သော ဆွေမျိုးတစ်ဝမ်းကွဲဟု ထင်သလားမသိ။ မဟုတ်ရပါ ခင်ဗျား။ အညာသားစစ်စစ် မုံရွေးကြေးမုံသားပါ။ လက်ဝဲနိုင်ငံရေး သီဝရီတွင် တိုက်ပွဲပေါ်လစီနှင့် ပတ်သက်၍ အကြောင်းအချက် ခိုင်လုံရမည်။အကျိုးအမြတ် ရှိရမည်။ အကန့်အသတ် ရှိရမည်ဟူသော ‘မူ’ ရှိရာ ယခုဖြစ်စဉ်နှင့် ချိန်ထိုးကြည့်လျှင် လက်ဝဲသမားများ ကြိုးကိုင်မှု ရှိ၊ မရှိ မြင်နိုင်ပေသည်။ စင်စစ်မှာ ကျောင်းသားများ တောင်းဆိုချက် မှန်ကန်မျှတမှု ရှိ၊ မရှိ ပညာရေးစနစ်ပြင်ဆင်ရန် လိုအပ်မှု ရှိ၊ မရှိ အဓိက စဉ်းစားရန်သာ ဖြစ်ပါသည်။ကျောင်းသားများ၏ တောင်းဆိုချက် (၁၁) ချက်တွင် ပုံဖျက် အတိုက်ခံရဆုံး၊ ဂယက်အထဆုံးမှာ ‘မိခင်ဘာသာ’ စကားဖြင့် သင်ကြားရေးဖြစ်သည်။ ကိုလိုနီခေတ်တွင် ‘ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား’ စသည့် ကြွေးကြော်သံများ တင်ပြီး၊ အင်္ဂလိပ် နယ်ချဲ့သမားကို တိုက်ပွဲဝင်ခဲ့ရသည်။ မိခင်ဘာသာစကား၏ အခန်းကဏ္ဍကို မြင်သာပါသည်။ ပထမ စစ်အာဏာရှင်ခေတ် ဗိုလ်ချုပ်ကြီးနေဝင်း ဓားမိုးအုပ်ချုပ်စဉ် ၁၉၆၄ ခုနှစ် အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားဘာသာ သင်ကြားရေးအဖွဲ့များ အားလုံးတို့ကို ဖျက်သိမ်းခဲ့သည်။ တိုင်းရင်းသားသွေးချင်းများ၏ မိခင်စာပေ ဘာသာစကားကို တိမ်ကောပပျောက်ရန် လူမျိုးကြီးဝါဒဖြင့် ဖိနှိပ်ချုပ်ခြယ်ခဲ့သည်။ ယခုမူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေတ်၊ အမျိုးသားတန်းတူရေးခေတ်၊ ဖက်ဒရယ်ပြည်ထောင်စုခေတ်ကြီး မဟုတ်ပါလား။ ဤအချက်ကိုပင် အာရဗီဘာသာ သင်ကြားရေးလိုလို၊ အိုအိုင်စီကပဲ ခိုင်းသလိုလို ‘တစ်လုံးချိုင့်တိုက်ကွက်’ ‘ချက်အောက်ထိုးသိုင်း’ များဖြင့် ရင်သပ်ရှုမော။ 
(၅)
ဤကျောင်းသားလှုပ်ရှားမှုကြီးက အစိုးရ နိုင်ငံရေးပါတီများ ခေါင်းဆောင်များ အားလုံးကို စိန်ခေါ် အကဲဖြတ်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုအပေါ် သဘောထား၊ ရပ်တည်ချက်တို့ကိုကြည့်၍ လူပုဂ္ဂိုလ် အသီးသီး အဖွဲ့အစည်း အသီးသီးကို တိုင်းတာအကဲဖြတ်နိုင်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုကြီးကို စစ်အာဏာရှင် အဆက်အနွယ်များ၊ ထားရာနေ စေရာသွားများ၊ သခင်အားရ ကျွန်ပါးဝများ၊ စေသည့်ကျွန်များ၊ ဗောင်းတော်ညိမ့် စိတ်တော်သိများ၊ လက်ညှိုးထောင် ခေါင်းညိမ့်များက ဆန့်ကျင်သည်မှာ ဘာမှမဆန်း။သို့ရာတွင် ၎င်းတို့နှင့် ဆန့်ကျင်ဘက် ဒီမိုကရေစီ အသိုင်းအဝိုင်းတွင် စစ်အာဏာရှင်များနှင့် အမြင်ဆုံမှတ် ကျနေသူများရှိရာ အံ့သြစရာ ကောင်းလှသည်။ စင်စစ် ပင်မရေစီးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖြစ်သည်ဆိုခြင်းမှာ အငြင်းမပွားပါ။ ဖွဲ့စည်းပုံ မပြင်နိုင်သမျှ ဘာမှမရနိုင်သည် ဆိုသည်ကိုလည်း သိကြပါသည်။ သိလိုက်သမှ အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ် လေးပုံသုံးပုံက ထောက်ခံသည့်တိုင် စစ်တပ်ဘက်မှ တစ်မဲရပါမှ ဆန္ဒခံယူနိုင်မည်။ ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ထက်ဝက်ကျော် ထောက်ခံမှ ပြင်နိုင်မည်ဆိုခြင်းမှာ ‘လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာပြည်က အပ်တစ်စင်း’ ဖြစ်ကြောင်းကိုလည်း သိပါသည်။ လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုသည်မှာ ရွှေပြည်တော် မျှော်တိုင်းဝေး ဇာတ်လမ်းတွဲပင် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မတီက နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အကောင်အထည်ဖော် လျှောက်လှမ်းနေကြခြင်း ဖြစ်ပါသည်။ သမ္မတရုံး ညွှန်ကြားရေးမှူးကို မီဒီယာသမားတစ်ဦးက အစိုးရအဖွဲ့ဝင်များ၏ သားသမီး၊ ပြည်တွင်းရှိ နိုင်ငံခြားကျောင်းများးနှင့် ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေမှု အရေအတွက်မေးရာ မဖြေနိုင်ဘဲ စာရင်းမရှိပါဟုသာ ဖြေကြားနိုင်သည်။ အမှန်တကယ် ၎င်းတို့ပြဋ္ဌာန်းခဲ့သည့် ပညာရေးစနစ်သည် ကောင်းမွန်မှန်ကန်ကြောင်း ၎င်းတို့ကိုယ်တိုင် ယုံကြည်လျှင် သူတို့၏ သားသမီးများကို နိုင်ငံခြားသွား ပညာသင်ခိုင်းစရာ အကြောင်းမရှိပါ။ မီဒီယာ မေးခွန်းကို ရင်ကော့ပြီး ‘ဟေ့ တစ်ယောက်မှ မရှိဘူး။ တို့ ပညာရေးစနစ် ဒီလောက်ကောင်းတာ ဒီမှာပဲ သင်တာပေါ့။ ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ’ ဟု ဖြေနိုင်စရာ ကောင်းပါသည်။ကင်ဆာရောဂါသည် ဓာတ်ကင်နေစဉ် ချောင်းဆိုးသွေးပါဖြစ်ရာ ကင်ဆာရောဂါ ကုနေသဖြင့် ချောင်းဆိုးသွေးပါပျောက်အောင် ဆေးကုခွင့် မရှိတော့ဘူးလား။ ဤ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြောင်းပြချက်ဖြင့်ပင် လယ်သမားမြေယာ မတရားသိမ်းခံရမှုများ၊ အလုပ်သမားအခွင့်အရေး တိုက်ပွဲများကို ခေါင်းရှောင်ခဲ့ကြသည်။ မျက်နှာလွှဲခဲ့ကြသည်။ အလုပ်သမား၊ လယ်သမားများ ကယ်သူမဲ့ခဲ့ကြသည်။ ‘မီးလောင်ဗုံးယဉ်ကျေးမှု’ ‘နံပါတ်တုတ်ယဉ်ကျေးမှု’ ထွန်းကားခဲ့သည်။ ယခုမူ ကျောင်းသားတို့၏ ဒီမိုကရေစီ ပညာရေးကို နွေးထွေးကြိုဆိုဖို့ အချိန်ကျပြီ။ နောင်လာနောက်သားများ အနာဂတ်အတွက် ယခင်စစ်အစိုးရ အဆက်ဆက် ဖျက်ဆီးခဲ့သည့် ပညာရေးစနစ်ကို ပြင်ဆင်ဖို့ အချိန်ကျပါပြီ။ဤဆောင်းပါးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မေတ္တာပတ္ထနာ လေးချိုးကြီးဖြင့် ရိုသေလေးမြတ်စွာ သိမ်းပါမည်။“ဂန္ထဝင်ဂျာနယ် ဦးစွာအစတွင်ဖြင့်မြန်မာပလ္လင် ရတနာဝယ်ဘီလူး မသာချရအောင်”.........“ကမ္ဘာ့ငြိမ်းချမ်းရေး အစစ်အမှန်ဧကန်ဖြစ်စေကြောင်းရယ်နဲ့ကုသလဓမ္မာ၊ ကုသလာဓမ္မာဆုပတ္ထနာ တောင်းလိုက်ပါရဲ့အမယ်မင်း သောင်းမြန်မာ့အရှေ့ပရမေထီးတွင်ဖြင့်သြ.. အလောင်းဘုရား ပြကတေ့နှင့်တကောင်းအစ ပထမကဲ့သို့အို..ကျောင်းအစ်မရဲ့ဒေါင်းကလို့ တွင်စေသတည်း”
 
ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၁)
ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၂)