ဒီမိုကရေစီကို မြတ်နိုးပါသည် ဆိုလျှင်

ဒီမိုကရေစီကို မြတ်နိုးပါသည် ဆိုလျှင်
Published 23 March 2015

ဒီမိုကရေစီဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်ဟု မှတ်သားရပါသည်။ဒီမိုကရေစီ၏ သဘောတရားကား ‘ပြည်သူအတွက် ပြည်သူက ရွေးချယ်သော ပြည်သူ့အစိုးရ’ ပင်ဖြစ်ရာ ပြည်သူသာလျှင် အဓိကကျသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ပြည်သူအားလုံးက ‘ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး’ ဟူသော ကိစ္စအ၀၀တွင် တာဝန်ယူ၍ ပါဝင်လုပ်ကိုင်နိုင်သော သဘောမရှိသည်ဖြစ်ရာ ပြည်သူ့ကိုယ်စား ပြည်သူများက ယုံကြည်စိတ်ချရသော ပြည်သူ့ကိုယ်စားလှယ်များက ကဏ္ဍအလိုက် တာဝန်ယူပြီး အကောင်အထည်ဖော် လုပ်ဆောင်ကြရသောသဘော ရှိပါသည်။ကျွန်စနစ်ကား အနောက်ဥရောပနိုင်ငံများတွင် အချိန်အတန်ကြာကပင်လျှင် လက်ခံကျင့်သုံးနေကြသည်ဖြစ်ရာ ယခုအခါ၌ ထိုနိုင်ငံများရှိ ပြည်သူများနှင့် အုပ်ချုပ်သူ အစိုးရတို့သည် အတော်အတန်ပင် အသားကျကာ အခြေခိုင်မာနေသည်ကိုလည်း တွေ့ရ၏။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း သီပေါဘုရင် လက်ထက်က ‘ယောမင်းကြီး ဦးဘိုးလှိုင်’ သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ပြည်သူ့ဆန္ဒအရ အုပ်ချုပ်သော စနစ်မျိုးဖြင့် အစားထိုးရန် ရည်ရွယ်၍ ‘ရာဇဓမ္ဓသင်္ဂဟကျမ်း’ ကို ရေးသားဆက်သွင်း ခဲ့ဖူးလေသည်။ သို့သော် အောင်မြင်မှုမရဘဲ အရာချထားခြင်းကိုသာ ခံခဲ့ရလေသည်။ဒီမိုကရေစီစနစ်ကား အာဏာရှင်စနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်၏။ လူ့အခွင့်အရေးနှင့် လူထုဆန္ဒကို လေးစားသော စနစ်ဖြစ်ရာ ဒီမိုကရေစီစနစ်နှင့် လူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ လွတ်လပ်စွာ တွေးခေါ်ပြောဆိုခြင်းကို အလေးထားသကဲ့သို့ အများ၏ ဆန္ဒသဘောထားကိုလည်း အနည်းစုက လေးစားလိုက်နာရသော သဘောရှိလေသည်။ အထူးသဖြင့် လူ့အခွင့်အရေးကို အပြည့်အ၀ ရရှိခြင်းကား ဒီမိုကရေစီစနစ်၏ ကောင်းကွက်ဟုဆိုနိုင်၏။ဇာတ်နိမ့်ဇာတ်မြင့် အလွန်ခွဲခြားသော အိန္ဒိယနိုင်ငံတွင်ပင် ဒီမိုကရေစီစနစ်၏ ကောင်းကျိုးကြောင့် ဇာတ်နိမ့်နိုင်ငံရေး သမားများသည် နိုင်ငံကို ဦးဆောင်ခွင့်ရနိုင်ကြလေရာ ဤအချက်ဖြင့်ပင် ထင်ရှား၏။သို့သော် မည်သည့်စနစ်ကို ကျင့်သုံးသည်ပင်ဖြစ်စေ အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် အခြေခံအချက်ဟူ၍ကား တစ်ခုတည်းသာလျှင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤအချက်ကား ‘စည်းကမ်း’ ပေတည်း။ စည်းကမ်းမရှိလျှင် မည်သည့်စနစ်မှ အောင်မြင်နိုင်စွမ်းရှိမည် မဟုတ်ချေ။ ‘စည်းကမ်း’ ကို ဝိတ္ထာရအကျယ်ချဲ့၍ ဖွင့်ဆိုရမည်ဆိုသော် ‘မိမိကိုယ်မိမိ တာဝန်ယူနိုင်ခြင်း’ ပင်ဖြစ်၏။ ဤနေရာတွင် ပြည်သူတစ်ဦး တစ်ယောက်ချင်းကလည်း ‘မိမိကိုယ်မိမိ တာဝန်ယူနိုင်မှု’ ရှိရမည် ဖြစ်သကဲ့သို့ အာဏာပိုင် အဖွဲ့အစည်း အရပ်ရပ်တွင် တာဝန်ယူ လုပ်ကိုင်နေကြရသူများသည်လည်း ‘မိမိကိုယ်မိမိ တာဝန်ယူနိုင်မှု’ ရှိရမည်သာလျှင် ဖြစ်သည်။ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ စည်းကမ်းရှိစွာ နေထိုင်ခြင်း၊ ပြုမူလုပ်ဆောင်ခြင်းသည်ပင်လျှင် ဒီမိုကရေစီစနစ် ထွန်းကားရေးကို တွန်းအားပေးရာရောက်မည်ဖြစ်သည်။ထို့ကြောင့် စည်းကမ်းရှိခြင်းသည် ခေတ်တစ်ခု၊ စနစ်တစ်ခု အောင်မြင်ရေးအတွက် သော့ချက်ဟုလည်း ဆိုနိုင်ပါသည်။ ဒီမိုကရေစီစနစ်၌ ဤအချက်သည် အမှန်ပင် အရေးပါ၏။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်တွင် လူထု၏ သဘောဆန္ဒအလျောက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် လူသားအခွင့်အရေးတို့ကို လူတိုင်းကပင် လေးစားလိုက်နာရသော သဘောရှိ၏။ ဤသဘောတရားနှင့် ကင်းကွာသွားပြီဆိုလျှင် မင်းမဲ့စရိုက် ဖြစ်သွားနိုင်သောကြောင့် ဖြစ်လေသည်။ ထိုအခါ အာဏာရှင်စနစ်ကို အစားထိုးရန်အတွက် လမ်းဖွင့်ပေးသကဲ့သို့လည်း ဖြစ်သွားနိုင်ကြောင်း သတိထားသင့်၏။
ဒီမိုကရေစီ သက်တမ်းနုသော နိုင်ငံများတွင် ပြည်သူ့ဆန္ဒ အစစ်အမှန်ဟုဆိုရန် မရှိသောမဲဖြင့် လွှတ်တော်အတွင်းသို့ ရောက်နေကြသော ကိုယ်စားလှယ်များလည်း ရှိနိုင်၏။ များသောအားဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစ အချိန်များတွင် လွှတ်တော်၏ ဆုံးဖြတ်ချက်အချို့သည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီဘဲလည်း ရှိတတ်၏ . . . . .

ပြီးခဲ့သည့်နှစ်က မိမိတို့နှင့် အိမ်နီးခြင်း နိုင်ငံတစ်ခုတွင် ထိုကဲ့သို့ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားသွားခဲ့သည်ကို အထင်အရှားပင် တွေ့မြင်ခဲ့ရလေသည်။ နိုင်ငံရေးပါတီတို့၏ သဘောကား ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ပြည်သူကို မျှော်လင့်ချက် တရားလွန်ပေးကာ ကတိကဝတ်များ ပြုတတ်၏။ နောင်အခါ ထိုကတိကဝတ်များကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်သဖြင့် ပြည်သူများက မနှစ်သက်နိုင်ပဲ ရှိလာသောအခါ အင်အားပြ ဆန္ဒထုတ်ဖော်၍ ၎င်းတို့တင်မြှောက်ခဲ့သော အစိုးရကို ဖြုတ်ချဖို့ ကြိုးစားကြလေတော့သည်။ ထိုမျှဆိုလျှင် အကြောင်းမဟုတ်ပါ။ ဒီမိုကရေစီစနစ်တွင် လူထုသည် ၎င်းတို့မနှစ်သက်သော အချက်များကို ဆန္ဒပြထုတ်ဖော်နိုင်ခွင့် ရှိကြသည်ဖြစ်ရာ အပြစ်ဟု ပြောစရာရှိမည် မဟုတ်ချေ။ သို့သော် ဆန္ဒပြထုတ်ဖော်ရာမှ မပြေလည်သဖြင့် ဆန္ဒပြသူအချင်းချင်း တိုက်ခိုက်ကြ၏။ မည်သို့သော စေ့စပ်ဆွေးနွေးမှုမျိုးကိုမှ လက်မခံတော့ဘဲ အုပ်ချုပ်မှုယန္တရား ပျက်ပြား၍ တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများကိုပါ ထိခိုက်အောင်ပြုလာသော အခါတွင်မူ ဆန္ဒပြရာတွင် မပါဝင်သော ပြည်သူအများကပင် လက်မခံတော့ဘဲ နောက်ဆုံးတွင် အာဏာသိမ်းမှုတစ်ရပ်ပင် ဖြစ်ပွားကာ အစိုးရလည်းပြုတ်ကျပြီး ဆန္ဒပြမှုများလည်း ချုပ်ငြိမ်း၍ သွားရလေတော့သည်။ဤတွင် သတိပြုစရာရှိသည့် အချက်မှာ ပြည်သူများ အနေနှင့် နိုင်ငံရေးပါတီများကပေးသည့် ကတိများကို တရားလွန် မယုံစားမိဖို့ အရေးကြီးသကဲ့သို့ မိမိတို့ ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များကိုလည်း အသေအချာ စိစစ်ပြီးမှ မဲပေးကြဖို့သင့်ပါသည်။ ထို့ပြင် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော လွှတ်တော်ကိုလည်း ကောင်းစွာအသုံးချ၍ အစိုးရကို ဖိအားပေးနိုင်ဖို့သာ ကြိုးစားသင့်ပါသည်။ဒီမိုကရေစီစနစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အစိုးရနှင့် လွှတ်တော်သည် အချင်းချင်း ထိန်းကျောင်းကာ တိုင်းပြည်ကို ဦးဆောင်၏။ နိုင်ငံသားတိုင်း အခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အ၀ ရရှိအောင် ဖော်ဆောင်ပေးကြရ၏။ အစိုးရသည် တိုင်းပြည်၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သော်လည်း ထင်သလို ရမ်းကားခွင့်မရအောင် လွှတ်တော်ဖြင့် ထိန်းချုပ်ထား၏။ လွှတ်တော်တွင် ပြည်သူအများက မိမိတို့၏ ဆန္ဒအရ လွတ်လပ်စွာ ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သဖြင့် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ဆုံးဖြတ်သမျှသော ကိစ္စအ၀၀သည် ပြည်သူ၏ သဘောထားနှင့် အတူတူဟုပင် မှတ်ချက်ပြုရမည်သာ ဖြစ်သည်။သို့သော် အမြဲတမ်း ဤကဲ့သို့ ဖြစ်လိမ့်မည်ဟုကား ယုံစား၍ မရချေ။ ဒီမိုကရေစီ သက်တမ်းနုသော နိုင်ငံများတွင် ပြည်သူ့ဆန္ဒ အစစ်အမှန်ဟုဆိုရန် မရှိသောမဲဖြင့် လွှတ်တော်အတွင်းသို့ ရောက်နေကြသော ကိုယ်စားလှယ်များလည်း ရှိနိုင်၏။ များသောအားဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစ အချိန်များတွင် လွှတ်တော်၏ ဆုံးဖြတ်ချက်အချို့သည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီဘဲလည်း ရှိတတ်၏။ ဤသည်ကို ပြည်သူများအနေနှင့် အတိုင်းအတာ တစ်ခုအထိ သည်းခံပြီး စိတ်ရှည်ရန် လိုအပ်လှသည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များသည် လူတစ်စုကို အကာအကွယ်ပေးရန်အတွက် ရည်ရွယ်၍ ထည့်သွင်းသော အချက်များလည်း ပါကောင်းပါနေနိုင်၏။မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီ အသွင်ကူပြောင်းရေး ကာလတစ်ရပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရေးအတွက် ပြည်သူလူထုသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စည်းကမ်းရှိရှိဖြင့် နေထိုင်လုပ်ကိုင်သွားရန် အလွန်ပင်အရေးကြီးပါသည်။ မကောင်းသည့်အချက်၊ ပြည်သူကို အမှန်တကယ် အကျိုးမပြုသည့် အချက်များကိုလည်း ပြည်သူအားဖြင့် ရှင်းလင်းဖယ်ရှားသွားရမည် ဖြစ်သလို ထိုကဲ့သို့ ပြုလုပ်ရာတွင်လည်း ဆန္ဒစောပြီး အလွန်အကျွံ မပြုမိရန် သတိထားသင့်ပါသည်။ ပြည်သူများက အမှန်တကယ် ဆန္ဒရှိပြီး ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်လျှင် တဖြည်းဖြည်းနှင့် ပြည်သူ့အတွက် အမှန်တကယ် အကျိုးရှိသည့် အချက်များကို ပြုပြင်သွားနိုင်မည်သာဖြစ်ရာ ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးလျှင် ဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားပါသည်ဆိုလျှင် ဒီမိုကရေစီစနစ် ပျက်မသွားရအောင် ထိန်းထိန်းညှိညှိနှင့် ကြိုးစားလုပ်ဆောင်ကြပါဟုသာ တိုက်တွန်းလိုက်ရပါသည်။

Most Read

Most Recent