မူဝါဒနှင့် နိုင်ငံတော်

မူဝါဒနှင့် နိုင်ငံတော်
Published 22 March 2015
နန္ဒဝင်း (ဆေး-၁)

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုး ၁၃ဝ ကျော် စုဝေးနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံကြီးတစ်ခု ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်တစ်ခု အဓွန့်ရှည်ကြာ တည်တံ့အောင်မြင်စွာ ကမ္ဘာ့အလယ် တင့်တင့်တယ်တယ် ဖြစ်စေနိုင်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဟာ “မူ” လို့ ယုံကြည်မိပါတယ်။ လက်ရှိ ကမ္ဘာ့အလယ်မှာ အောင်မြင်နေတဲ့ ပြည်ထောင်စုနိုင်ငံတွေကို လေ့လာကြည့်ရင်လည်း “မူ”သာလျှင် ပဓာနဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
 
ကျွန်တော်တို့ သမိုင်းမှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အကြိမ်ကြိမ် တည်ဆောက်ခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ဆိုခဲ့ကြပါတယ်။ ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံတော်ကို ဘုရင့်နောင် တတိယမြန်မာနိုင်ငံတော်ကို အလောင်းမင်းတရား စတုတ္ထမြန်မာနိုင်ငံတော်ကို ဗိုလ်ချုပ်အောင်ဆန်းတို့က အသီးသီး တည်ထောင်ပေးခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အတွေးခေါင်တယ်ဆိုဆို ကျွန်တော်ကတော့ ခဏခဏ တည်ဆောက်နေရတာကို မနှစ်သက်ပါဘူး။ 
တစ်ခါတည်း တည်ဆောက်ပြီး တောက်လျှောက်အောင်မြင် တိုးတက်တာကိုသာ လိုချင်တာပါ။ ခဏခဏ တည်နေရတယ်ဆိုတာ ခဏခဏပျက်နေလို့ သာပေါ့၊။ နောက်ပြီး ကျွန်တော်နားလည်မိတာက ကျွန်တော်တို့နိုင်ငံဟာ “မူ” ထက်စာရင် လူကို ပိုအလေးပေးတယ်လို့ သုံးသပ်မိပါ တယ်။ သူရဲကောင်းကို ကိုးကွယ်တယ်။ သူရဲကောင်းကို မြတ်နိုးတယ်။ သူရဲကောင်းကို မျှော်တယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်နောက်ကို ပုံအပ်တတ်တယ်။ အဲဒီ သူရဲကောင်း မျက်ကွယ်ပြုရင်တော့ သူတစ်လူ ငါတစ်မင်း နှင့် စစ်တလင်းခင်းလုလု ဖြစ်ကုန်တော့တာပါပဲ။ ပြည်သူတွေချစ်တဲ့ အလုံးစုံပြည့်စုံသော သူရဲကောင်းဆိုတာကလည်း ထွက်နိုင်ခဲလှပါတော့တယ်။ ရှေးကပေါ်ခဲ့တဲ့ လေးကြိမ်တည်ဆောက်ခဲ့တဲ့ နိုင်ငံ့ဖခင်ကြီးတွေသာပဲ ပြည်သူအားလုံးရဲ့ တစ်ခဲနက်ထောက်ခံမှုကို ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
 
ဟုတ်လည်း ဟုတ်ပါတယ်။ တောင်ပေါ် မြေပြန့်နေရာဒေသ ပထဝီမတူကြတဲ့ လူမျိုးစုတွေအကြား မတူကွဲပြားခြင်းတွေ ရှိနေကြချိန်မှာ မှန်ကန်တဲ့မူတစ်ရပ် မရှိဘဲ အားလုံး တညီတညွတ်တည်း ပါဝင်နိုင်အောင် အဲဒီလို ထိတ်ထိတ်ကြဲ သူရဲကောင်းတွေကသာ စွမ်းဆောင်နိုင်မှာပါပဲ။ ဒါပေမဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဟာ ခေတ်အဆက်ဆက် ပြည်သူအားလုံးကို သူတို့ဘက်ပါအောင် သူတို့ကိုလက်ခံအောင် သူတို့ချမှတ်တဲ့ လမ်းစဉ်မှာ တစ်ခဲနက်ပါဝင်လာအောင် နည်းအသွယ်သွယ်နှင့် ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။
 
သမိုင်းပညာရှင် မဟုတ်ပေမယ့် သမိုင်းကို စိတ်ဝင်စားမိသူပီပီ စမ်းစစ်ကြည့်မိတဲ့အခါ ပထမမြန်မာနိုင်ငံတော်ကြီးကို ဆက်ခံခဲ့တဲ့ ကျန်စစ်မင်းကြီးကို သွားတွေ့မိပါတယ်။ အနော်ရထာမင်းစောရဲ့ ထက်မြက်လှတဲ့စွမ်းရည်နှင့် တည်ဆောက်ခဲ့တဲ့ နိုင်ငံတော်ကြီးဟာ ဆက်ခံသူ သားစောလူးမင်းရဲ့အရည်အသွေးမဲ့မှုကြောင့် တစ်စစီပြိုကွဲလုဆဲဆဲမှာ ကျန်စစ်မင်းကြီးဟာ သမိုင်းရဲ့လိုအပ်ချက် အရပေါ်ပေါက်ခဲ့ရတဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့ပါတယ်။ ကျန်စစ်မင်းကြီးရဲ့ ကျေးဇူးတရားတွေကို ချပြရေးသားလို့တောင် မကုန်နိုင်ပါဘူး။ ထင်ရှားတဲ့ သူ့ရဲ့မူတစ်ခုဖြစ်တဲ့ ပူလောင်သောကရောက်နေသော ပြည်သူများ၏ မျက်ရည်အား ဘယ်လက်ဖြင့် သုတ်ကာ ညာလက်ဖြင့် စားသောက်ဖွယ်ရာများကို ပေးအံ့လို့ အဓိပ္ပာယ်ရတဲ့ အဆိုအမိန့်တစ်ခုတည်းနှင့်တင် မင်းကောင်းမင်းမြတ်ဆိုတာ သိသာလှပါတယ်။ 
အနော်ရထာမင်း တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ကြီးကို အားကောင်းမောင်းသန် နိုင်ငံတော်ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ တိုင်တည်တံ့အောင် သူအစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အောင်လည်း အောင်မြင်ခဲ့ပါတယ်။ 
 
ဒါပေမဲ့ သုံးသပ်မိရသလောက် ကျန်စစ်မင်းကြီးဟာ ပြည်သူတွေ သူ့ဘက်ပါအောင် ထီးနန်းပလ္လင်ပေါ်မှာ သူရှိနေတာကို လက်ခံအောင် အတော့်ကို ကြိုးစားခဲ့ရပါတယ်။ တိုင်းပြည်ရဲ့လိုအပ်ချက်အရ အာဏာကို သူလက်လွှတ်လို့ မဖြစ်ပါဘူး။ အဲဒီခေတ်ရဲ့ အယူအဆအရလည်း ဘုရင်ဆိုတာ ဘုရင်မျိုးရိုးကပဲ အုပ်ချုပ်လို့ လက်ခံတဲ့အချိန်ပါ။ ငတပါးမင်း (မင်းမျိုးမင်းနွယ်မဟုတ်သော မင်း) ကို လက်မခံသေးပါဘူး။ အရည်အသွေးကြောင့်သာ သူ့ကို မလှန်ရဲပေမယ့် ကျိုးကျိုး နွံနွံ မချိုးချင်တဲ့ခေါင်းတွေကို သူတွေ့ခဲ့မှာပါ။ 
ဒီလို ငတပါးမင်းတစ်ယောက်ရဲ့ အနေအထားကို နားလည်စွာနှင့် ထီးမွေနန်းမွေ လွှဲအပ်တာ တောင်အရပ်သွေးစင်စစ်ဖြစ်တဲ့ သားတော် ရာဇကုမာရကို မလွှဲပြောင်းပေးဘဲ သူ့သွေးရော နန်းဆက်သွေးပါပါတဲ့ မြေးတော်အလောင်းစည်သူကိုသာ လွှဲအပ်ပေးခဲ့ပါတယ်။ 
ကိုယ်ကျိုး မိသားစုအကျိုးထက် တိုင်းပြည်အကျိုး ကို ရှေးရှုခဲ့တဲ့ ပရဟိတ မင်းကောင်းမင်မြတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတာဝန်ယူတဲ့အချိန်ကာလမှာ ပြည်သူ့အားက သူ့ဘက်ရှိနေအောင် အတော့်ကိုကြိုးစားခဲ့ရပါသေးတယ်။ ကျန်စစ်မင်းကြီးဟာ စိတ်ဓာတ်စစ်ဆင်တဲ့နေရာမှာ အတော်တော်တဲ့သူ တစ်ဦးပါပဲ။ အနော်ရထာလက်ထက်က မင်းမိန့်နှင့်တားခဲ့တဲ့ နတ်ကိုးကွယ်ခြင်းအလေ့အထကို မသိမသာ ပြန်ခွင့်ပြုပေးခဲ့ပါတော့တယ်။ ဒီမိုကရေစီနည်းလမ်းကျကျ သုံးသပ်ရင်တော့ ကိုးကွယ်မှုဆိုတာ ပြည်သူ့အခွင့်အရေး ဖြစ်ပါတယ်။ ကိုးကွယ်မှုကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချခဲ့ရင် တဒင်္ဂအောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် ရေရှည်မှာ အကျိုးမဲ့စေပါတယ်။ ပုဂံခေတ်ကြီးကတော့ ကျန်စစ်မင်းနောက် မင်းဆက်ပေါင်းများစွာ သာယာခဲ့ပေမယ့် ခုခေတ်နိုင်ငံတော်မှာတော့ သက်ရောက်မှုတွေ ရှိသလိုပါပဲ။
 
နိုင်ငံတစ်နိုင်ငံ တကယ်တိုးတက်ချင်ရင် မူကောင်းကောင်း ချမှတ်ဖို့လိုပါတယ်။ လက်ရှိအစိုးရတက်လာခါစက ကျွန်တော်တို့ မျှော်လင့်တာက မူဝါဒကောင်းပေါင်းများစွာကို ချထားပေးသွားမယ်လို့ ယုံကြည်မိခဲ့ပါတယ်။ 
 
တကယ်တမ်းတော့ သက်တမ်းကုန်ခါနီးအထိ ပဋိပက္ခတွေ အငြင်းပွားမှုတွေ ပြဿ နာတွေနှင့်သာ လုံးပန်းခဲ့ရပါတယ်။ မူကောင်းကောင်းကို လူကောင်းကောင်းက ချမှတ်စောင့်ရှောက်ရမှ တိုင်းပြည်တိုးတက်မှာပါ။ 
 
တစ်ခဏတွင်မက ရေရှည်အထိ ပြည်သူကို အကျိုးပြုမယ့် မူဝါဒကို ချမှတ်ပြီး အသက်သွေးလို စောင့်ရှောက်မယ့်အစိုးရနှင့် အဲဒီမူဝါဒကို သေချာသိနားလည်တဲ့ ပြည်သူ၊ ပြည်သူနှင့် အစိုးရကြား ထိန်းမတ်ပေးမယ့် ဝန်ထမ်းတွေသာ ရှိနေရင် ပြည်ထောင်စုကြီး အစဉ်တည်တံ့နေမှာပါပဲ။ တစ်ပွဲထိုး ထုံးမန်း နှင့် ပြည်သူအညှာလွယ်တဲ့ ကိုးကွယ်မှုကို ဗန်းပြပြီး နိုင်ငံရေးနှင့် ရောထွေးဦးမယ်ဆိုရင်တော့။