ကျေးဇူးရှင် မွေးမေမေများသို့

ကျေးဇူးရှင် မွေးမေမေများသို့
Published 22 March 2015
လှကျော်ဇော

“ဗိုလ်မှူးရယ်.. ဗိုလ်မှူးတို့ သူ ဘယ်ရောက်နေသလဲ သိချင်တာထက် ကျွန်မက အများကြီးပိုသိချင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအတွက်က သူတစ်ယောက်တည်း မဟုတ်ဘူးလေ။ သားတွေရော သမီးရော ပါသွားတာ”
 
ဒီစကားစုကတော့ ၁၉၇၆ ခုနှစ် ဇူလိုင်လတွင်း ကျွန်မတို့ သားအဖတစ်တွေ တောခိုသွားအပြီး ကျန်ခဲ့တဲ့ မေမေကို စစ်ထောက်လှမ်းရေးက ခေါ်ယူပြီး ဖေဖေ ဘယ်ရောက်နေသလဲဆိုတာ မေးမြန်းစစ်ဆေးစဉ်က မေမေပြောခဲ့တဲ့ စကားတွေပါ။ ဒါတွေကို မေမေက ကျွန်မတို့နောက် တောထဲကို လိုက်လာပြီး ပန်ဆန်းမှာ ၁၉၈ဝ ပြန်တွေ့တော့ ပြောပြခဲ့ဖူးပါတယ်။ လင်ယောကျ်ားအပူထက် သားသမီးအပူက ပိုကြီးတယ်အေ့”လို့လည်း ပြောပါတယ်။ အဲဒီတုန်းက ကျွန်မ မျက်ရည်ကျ ခဲ့ပါတယ်။ အခုလည်း ကျွန်မ မျက်ရည်ကျရပြန်ပါပြီ။
 
မတ် ၁ဝ ရက်က လက်ပံတန်းက ပင်မသပိတ်စစ်ကြောင်းကို အစိုးရက အကြမ်းဖက်ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းအဆီးခံလိုက်ရတဲ့ ကျောင်းသားကျောင်းသူများရဲ့ မိခင်များနဲ့ သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းခန်းတွေကို နားထောင်ရင်း မျက်ရည်ကျမိတာပါ။ သားတွေ သမီးတွေကို ဒဏ်ရာတွေနဲ့ ဖမ်းသွားပြီး ရုံးချိန်းထုတ်မယ်ဆိုတော့ ကလေးတွေမျက်နှာ မြင်ရနိုးနိုးနဲ့ အပြေးအလွှားလိုက်ရပုံတွေ မမြင်လိုက်ရပေမယ့် သတင်းကြားလေးနဲ့ပဲ  ဒဏ်ရာတော့ မပြင်းထန်လောက်ပါဘူးလေလို့ ဖြေတွေးတွေးရတာလေးတွေ ကြားရတော့ ရင်ထဲမချိပါဘူး။
 
ဪ-အားကြီးမောရတဲ့ သားသမီးဇောကိုး။ တဆက်တည်းမှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်က ပုံရိပ်တစ်ခုကို ပြန်သတိရမိပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးအခင်းကြီး အပြီးကာလမှာ  ကျွန်မတို့ စမ်းချောင်း ဆီဆုံလမ်းအိမ်ကို ဧည့်သည်နှစ်ယောက် ရောက်လာခဲ့ပါတယ်။ ဖေဖေတို့ ငြိမ်းချမ်းရေးတရားတွေ သွားဟောပြောခဲ့တဲ့ မြစ်ဝကျွန်းပေါ် မြို့တစ်မြို့ကပါ။ ဖေဖေတို့ အဖွဲ့ကို ကူညီခဲ့ဖူးတဲ့ စစ်ပြန်ရဲဘော်ဟောင်းကြီးတစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦးပါ။ အဲဒီ အမျိုးသမီးကြီးက ဖေဖေ့ကိုတွေ့တာနဲ့  ထိုင်ဦးချလိုက်ပြီး မျက်ရည်လည်ရွဲနဲ့ဖြစ်ကြောင်း ကုန်စင်ပြောပြပါတော့တယ်။
 
သူက မုဆိုးမကြီးအဖြစ် ဈေးရောင်းပြီး သူရဲ့တစ်ဦးတည်းသော သားကို တက္ကသိုလ်ရောက်အောင် ထားခဲ့တယ်။ ဇူလိုင် ၇ ရက် နောက်ပိုင်းမှာတော့ အဲဒီသား ပျောက်သွားပြီး ဘယ်ရောက်သွားမှန်းလည်း မသိတော့ဘူး။ ဒါကြောင့် ပျောက်သွားတဲ့ သူ့သားကို ရှာပေးဖို့ ဖေဖေကို “ဗိုလ်ကြီး-ဗိုလ်ကြီး” ထပ်အောင်ခေါ်ပြီး (တစ်ချက်တစ်ချက်လည်း လက်အုပ်ချီပါသေးတယ်။) တောင်းပန်နေတာပါ။ သူ ကြိုးစားပမ်းစားနဲ့ ဘဝရဲ့မျှော်လင့်ချက်ကြီးတစ်ခုအဖြစ် ဒီသားအပေါ် ပုံပြီးထားခဲ့ပုံတွေကို အသည်းပေါက်မတတ် ငိုယိုပြောနေတဲ့ အဲဒီအမျိုးသမီးကြီးရဲ့ ပုံရိပ်ဟာ ကျွန်မအတွက် တစ်သက်မမေ့နိုင်စရာပါ။
 
ဒီ မိခင်တွေရဲ့ပုံရိပ်တွေဟာ ပြည်သူတွေ အောင်ပွဲမခံနိုင်သေးသရွေ့ ဆက်လက်တိုက်ပွဲဝင်နေမယ့် နောင်မျိုးဆက် အဆက်ဆက်အတွက် အင်အားတွေပါ။ ဗမာပြည်သူတွေ ကျခဲ့ရတဲ့ သွေးတွေ ချွေးတွေ မျက်ရည်တွေ အသက်တွေတစ်ခုမှ အလဟဿ မဖြစ်စေရပါဘူးဆိုတဲ့ သန္နိဋ္ဌာန်တွေကိုလည်း ပိုခိုင်မာစေပါလိမ့်မယ်။
 
အခုပဲကြည့်ပါ။ 
 
ဒီသပိတ်စစ်ကြောင်း စကတည်းက ဝိုင်းရံပေးခဲ့တဲ့ ပြည်သူတွေ နည်းရော့သလား။ မရှိ ရှိတာလေးတွေ ပုံလှူခဲ့တဲ့ ပြည်သူတွေရဲ့ သတင်းတွေ ဓာတ်ပုံတွေ သတင်းကွန်ရက်တွေမှာ အပျံ့အနှံ့ပါ။ သပိတ်ဖြိုခွဲနေတဲ့ လူရမ်းကားတွေရဲ့ပုံတွေကို အသက်စွန့် ရိုက်ကူးပေးခဲ့ပြီး ကမ္ဘာအနှံ့ဖြန့်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း သတင်းသမားတွေရော။ ဒါတွေကြောင့် အစိုးရအနေနဲ့ (မဆလ ခေတ်၊ နဝတ၊ နအဖ ခေတ်များကလို) ပြည်သူလူထုကို လုပ်ချင်သလို လုပ်လို့မရတော့ပါဘူး။ 
 
တိုက်ပွဲဝင် ကျောင်းသားများရဲ့လှုပ်ရှားမှု ခြေလှမ်းများကို ကြည့်ရင်လည်း သူတို့တစ်တွေရဲ့ ဘက်စုံစဉ်းစားနိုင်မှု လူထုအားနဲ့ စာနာစိတ်များ (မိမိတို့ကို ရန်လုပ်ဖို့ ဝိုင်းထားတဲ့ ပုလိပ်များအပါ)ရအောင် စည်းရုံးနိုင်မှု စတာတွေကို အလွန်အားရဖွယ် တွေ့ရပါတယ်။
 
မတ် ၁ဝ ရက် ရိုက်နှက်ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ ဗကသကျောင်းသားခေါင်းဆောင် မင်းသွေးသစ်က နှုတ်ဆက်စကား ရေးသွားရာမှာ အရင့်အရင်က စွန့်လွှတ်သွားခဲ့ကြတဲ့ အစ်ကိုတော် အစ်မတော်တွေကို ကျေးဇူးတင်ကြောင်း ရေးသွားတာ ဖတ်ရတော့ ကျောင်းသားတွေအဆက်ဆက် ဆင်နွှဲခဲ့တဲ့ လှုပ်ရှားမှုတွေဟာ တစ်ပွဲမှ မရှုံးနိမ့်ခဲ့ဘူး။ ယာယီအရေးနိမ့်သွားမှုသာဖြစ်ပြီး အောင်ပွဲအတွက် အရေအတွက်အရ စုဆောင်းနိုင်မှုဟာ များသထက်များလာပြီဆိုတာ တွေ့ရပါတယ်။ တစ်နေ့ မုချ ဒီအရေအတွက်တွေဟာ အရည်အချင်းကို ခုန်ကူးပြောင်းလဲပြီး ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မုချရောက်ရှိသွားပါလိမ့်မယ်ဆိုတာ လက်တွေ့ပြနေပြီ။
 
၁၉၆၂ ဇူလိုင်အရေးအခင်းအပြီးမှာ အုပ်စိုးသူများက “ဓားဓားချင်း-လံှလံှချင်း” လို့ ကြုံးဝါး စိန်ခေါ်ရဲခဲ့ပေမယ့် အခု ၂ဝ၁၅ မတ် ၁ဝ ရက်အပြီးမှာတော့ ပြန်ကြားရေးဝန်ကြီး (တစ်နေ့တစ်မျိုး အမျိုးမျိုး မရိုးရအောင်) ဘာတွေပြောနေရလဲ ကြည့်ပါ။ ကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့  လွှတ်တော်ကတစ်ဆင့် တောင်းဆိုစရာရှိတာတွေ  တောင်းဆိုဖို့ ပြောဆိုနေတာတွေ ကျောင်းသားတွေရဲ့ တင်ပြချက်တွေကို (နောင်မလုပ်ကာမှနေရော)လောလောဆယ် လိုက်လျောပေးနေရတာတွေ တွေ့နေရတော့ ဒီပွဲမှာ ကျောင်းသားတွေ (Moral ground) စိတ်ဓာတ်ရေးရာအရ နိုင်လိုက်တယ်ဆိုတာ ပိုသေချာသွားပါတော့တယ်။
 
မိခင်များနဲ့ ကျောင်းသူကျောင်းသားအပေါင်းကို ကျွန်မ အားပေးလိုက်ပါရစေ။ “တောင့်ထားကြပါ။ အောင်ပွဲဟာ တိုက်ရဲသူများအတွက်သာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ မေမေ့ကို ရည်စူးပြီး ကျွန်မရေးသားထုတ်ဝေခဲ့တဲ့ “အလွမ်းစာပန်းခြင်းလေး”စာ အုပ်ရဲ့ ရည်ညွှန်းစာလေးကို ပြန်တင်လိုက်ပါရစေ။
 
“ဗမာပြည်ရဲ့ အလွန်ပြင်းထန်လှသော နိုင်ငံရေးမုန်တိုင်းများအကြား လင်သားများနောက်မှ လည်းကောင်း၊ သားသမီးများနောက်မှ လည်းကောင်း ကျောက်စိုင်ကျောက်သားလို မားမားရပ်ပြီး ဒုက္ခဟူသမျှ ဝေမျှရင်စည်းခံခဲ့ကြသော “မေမေ” ကဲ့သို့သော ဇနီးများ မိခင်များသို့ ရည်ညွှန်းဦးညွတ်လျက်။