ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၂)

ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၂)
Published 19 March 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၂၈ ကို ဗြိတိသျှတို့က ပြဋ္ဌာန်းခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ အသုံးပြုခဲ့ကြောင်း ဒန်ကလေ ဒိုင်ဂျက်စ် (Dunkely Digest) (1872- 1922)၊ ဦးဘိုးသာ စီရင်ထုံးပေါင်းချုပ် (၁၉၃၇-၁၉၅၅) ဦးသက်ဖေ စီရင်ထုံးပေါင်းချုပ် (၁၉၅၅-၁၉၇၆) စီရင်ထုံးများတွင် လုံးဝရှာမတွေ့ပါ။ သမိုင်းတွင်လည်း အင်္ဂလိပ်နယ်ချဲ့သမားက မြန်မာဆန္ဒပြလူအုပ်ကို အရပ်သားများ အသုံးပြုဖြိုခွဲဖူးကြောင်း မှတ်တမ်းမရှိပါ။ ယခင်အစိုးရ အဆက်ဆက်က ငြိမ်းချမ်းစွာ ဆန္ဒပြလူအုပ်ကို သေနတ်ဖြင့်ပင် ရက်ရက်စက်စက် ပစ်ခတ်သည့် အစဉ်အလာရှိရာ နံပါတ်တုတ်နဲ့ ရိုက်တာလောက်တော့__ရယ်တာပေါ့...ရယ်တာပေါ့...ဟု သံချပ်ထိုးရမလို ဖြစ်ပါသည်။ သို့ပါသော်လည်း မိဘပြည်သူများခင်ဗျားဟု ယဉ်ကျေးစွာပြောဆိုတတ်သော ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းစသည့် လှိုင်းလုံးကြီးများကိုစီးကာ (ဘာလှိုင်းမှန်းမသိ၊ ဘယ်အချိန်က လာလိုက်မှန်းမသိ) ဖယောင်းတိုင်ထွန်း၊ နွားနို့သောက်ရင်း၊ တစ်ရက်နှစ်ထောင်ဖြင့် နယ်လှည့်ပါးရိုက်သူများ ခစားဝန်းရံနေသည့် ‘နွံထဲကကြာ’ သမ္မတကြီးကို ရွေးကောက်ပွဲနီးလာချိန်နှင့်ကပ်၍ တမင်ဒေါက်ဖြုတ်ကြခြင်းလာဟုပင် သံသယ ရှိမိပါသည်။ အကြောင်းမူ သမ္မတကြီး၏ အသိုင်းအဝိုင်းတွင် သမ္မတကြီး၏ ကုလားထိုင်ကို မျက်စောင်းထိုးနေသူများ ရှိသဖြင့် ဖြစ်ပါသည်။အထက်ပါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၂၈ ကို ကျင့်သုံးရာတွင်လည်း ရဲလက်စွဲနှင့် 1945 Police Act ပါ ပြဋ္ဌာန်းကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးခွင့် ရှိပါသည်။ ရဲလက်စွဲ အပိုဒ် ၁ဝ၅၇ နှင့် ၁ဝ၅၈ အရ မထိန်းသိမ်းနိုင်တော့သည့် အခြေအနေ တစ်ခုတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် ရဲအရာရှိသည် အခြေအနေကို တရားရုံးသို့ တင်ပြ၍ အရပ်သားအင်အားစု (Civil Force) သုံးစွဲခွင့် တောင်းခံရမည်ဖြစ်သည်။မတ် ၅ ရက်က မြို့တော်ခန်းမရှေ့တွင် အကြမ်းဖက် ဖြိုခွဲခံရသူများမှာ အမျိုးသားပညာရေးဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြခြင်းသာဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။ ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းကျော် အတည်ပြု ထောက်ခံပါသည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေတော်ကြီး၏ ပုဒ်မ-၃၅၄ တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ (ဤအခြေခံဥပဒေတော်ကြီးကို မြန်မာပြည်သူများက ကြိုက်လိုက်ပုံမှာ အသက်ရှင်နေသူများပါမက နာဂစ်မုန်တိုင်းတွင် သေသွားပြီးသူများကပင် ကြိုတင်မဲ လာရောက်မဲပေးသွားကြသဖြင့် ဖြစ်ပါသည်။) ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ရာ ယဉ်ကျေးသော လူ့သမဂ္ဂတိုင်းက လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declartion of Human Right-UDHR) ကိုလည်း လေးစားတန်ဖိုးထားရန် တာဝန်ရှိပါသည်။ အဆိုပါ ကြေညာစာတမ်းအရ လွတ်လပ်စွာ စုဝေးစီတန်း လှည့်လည်ခွင့် ရှိပါသည်။ ဤအခြေအနေတွင် မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများသည် ဥပဒေနှင့်မညီသော အစုအဝေး မဟုတ်ပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၄၁ တွင် ‘ဥပဒေနှင့်မညီသော အစုအဝေး’ (Unlawful Assembly) ကို အောက်ပါအတိုင်း အဓိပ္ပယ်ဖွင့်ဆိုထားသည်။ပုဒ်မ-၁၄၁။ ။ ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော သူများသည် အောက်ပါ တူသော ရည်ရွယ်ချက် တစ်ခုခုနှင့် စုဝေးကြလျှင်၊ ထိုအစုအဝေးကို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးဟု ခေါ်သည်။ပထမ။ ။ပြစ်မှုပြစ်ဒဏ်ထိုက်သော အနိုင်အထက် ပြုကျင့်ခြင်းဖြစ်သော် လည်းကောင်း၊ ထိုကဲ့သို့သော အနိုင်အထက်ပြုဟန် ပြခြင်းဖြင့်သော် လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တည်ထောင်ခန့်အပ်သော ဥပဒေပြုအဖွဲ့ကို ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်၏ အစိုးရကို ဖြစ်စေ၊ ဥပဒေအရ မိမိ၏အာဏာကို ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကိုဖြစ်စေ ခြောက်လှန့်ရည်ရွယ်ချက် သို့တည်းမဟုတ်ဒုတိယ။ ။ဥပဒေအရသော် လည်းကောင်း၊ ဥပဒေနှင့်အညီ ထုတ်ဆင့်သည့် အမိန့်ဆင့်ဆိုချက် စသော ဆောင်ရွက်မှုကိုသော် လည်းကောင်း၊ ဆောင်ရွက်ခြင်းကို ခုခံရန် ရည်ရွယ်ချက်၊ သို့တည်းမဟုတ်တတိယ။ ။အကျိုးဖျက်ဆီးမှုကိုသော် လည်းကောင်း၊ ပြစ်မှုပြစ်ဒဏ် ထိထိုက်သော ကျော်နင်းမှုကိုသော် လည်းကောင်း၊ အခြားပြစ်မှုများကိုသော် လည်းကောင်း ကျူးလွန် ရည်ရွယ်ချက် သို့တည်းမဟုတ်စတုတ္ထ။ ။တစ်ဦးတစ်ယောက်သောသူကို ပြစ်မှုပြစ်ဒဏ်ထိုက်သော အနိုင်အထက် ပြုခြင်းဖြင့်သော် လည်းကောင်း၊ ထိုကဲ့သို့ အနိုင်အထက် ပြုဟန်ပြခြင်းဖြင့်သော် လည်းကောင်း၊ ပစ္စည်းကို ရယူရန်၊ သို့တည်းမဟုတ် တစ်ဦးတစ်ယောက်၏ လက်ရှိဖြစ်သော သို့တည်းမဟုတ် ခံစားဆဲဖြစ်သော ဖြတ်သန်းသွားလာမှု အခွင့်အရေးကို ဖြစ်စေ၊ လက်လွတ်စေရန်၊ သို့တည်းမဟုတ် ခံစားခွင့်ရှိသော အခွင့်အရေးကို ဖြစ်စေ၊ ခံစားခွင့်ရှိသည်ဟု မထင်မှတ်သော အခွင့်အရေးကို ဖြစ်စေ သုံးစွဲရန်ရည်ရွယ်ချက် သို့တည်းမဟုတ်ပဉ္စမ။ ။ပြစ်မှုပြစ်ဒဏ်ထိုက်သော အနိုင်အထက်ပြုခြင်းဖြင့်သော် လည်းကောင်း၊ ထိုကဲ့သို့သော အနိုင်အထက်ပြုဟန်ခြင်းဖြင့်သော် လည်းကောင်း၊ တစ်ဦးတစ်ယောက်သောသူအား ဥပဒေအရပြုရန် တာဝန်မရှိသော အလုပ်ကို အတင်းအကျပ် ပြုစေရန်၊ သို့တည်းမဟုတ် ဥပဒေအရ ပြုပိုင်သော အမှုကို ပြုခြင်းမှ ပျက်ကွက်စေရန် ရည်ရွယ်ချက်။သို့အတွက် မတ်လ ၄ ရက် ဆန္ဒပြအလုပ်သမားများ၊ မတ်လ ၅ ရက်နေ့နှင့် ၁ဝ ရက်နေ့ ဆန္ဒပြ ကျောင်းသားပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄(ခ)နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတို့နှင့်အညီ ငြိမ်းချမ်စွာ ဆန္ဒပြသူများဖြစ်ရာ ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု (Criminal Force) မပါဝင်ပါ။ ‘ဥပဒေနှင့် မညီသော အစုအဝေး’ (Unlawful Assembly) မဟုတ်ပါ။ လုပ်ကြံ အမှုဆင်လိုသည် ဆိုပါက ငြိမ်းစုစီ ဥပဒေအရ အကြောင်းမကြားခဲ့၍ ယင်းဥပဒေအရ တရားစွဲဆိုရန် ဖြစ်ပါသည်။ ရိုက်နှက်ဖြိုခွင်းရန် လဲနေသူကို ခုန်၍ခုန်၍ ရိုက်ရန်၊ သူနာပြုယာဉ်ပေါ်မှ ဆွဲချရိုက်နှက်ရန်၊ အဖမ်းခံထားရသူကို အချုပ်ကားပေါ်တွင် ဝိုင်း၍ရိုက်ရန် မည်သည့်ဥပဒေကမှ ခွင့်မပြုထားပါ။
မတ် ၅ ရက်က မြို့တော်ခန်းမရှေ့တွင် အကြမ်းဖက် ဖြိုခွဲခံရသူများမှာ အမျိုးသားပညာရေးဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြခြင်းသာဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။ ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းကျော် အတည်ပြု ထောက်ခံပါသည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေတော်ကြီး၏ ပုဒ်မ-၃၅၄ တွင် . . . . .

ယာကူဇာ လက်ပတ်နီများသည် မှတ်တမ်းဓာတ်ပုံများအရ လည်းကောင်း၊ မျက်မြင်သက်သေ ထွက်ချက်များအရ လည်းကောင်း၊ ငါးဦးမကကြောင်း ထင်ရှားပါသည်။ ၎င်းတို့သည် ဆန္ဒပြသူများကို ရပ်ကြည့်နေချိန်အထိ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သည်ဟု မယူဆနိုင်သေး။ ဥပဒေနှင့်မညီသော အစုအဝေး (Unlawful Assembly) မဖြစ်သေး..။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဝင်ရောက်ရိုက်နှက် ဖမ်းဆီးချိန်မှစ၍ ၎င်းတို့သည် ‘ဥပဒေနှင့် မညီသော အစုအဝေး’ ဖြစ်လာပါတာ့သည်။‘ထို့ကြောင့် ၎င်းတို့၏ အစုအဝေးသည် မူလကနဦးကပင် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး မဟုတ်စေကာမူ ကျောင်းသို့ရောက်ပြီးနောက်ပိုင်း၌ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးအဖြစ်သို့ ဆိုက်ရောက်ခဲ့သည်မှာ အလွန်ထင်ရှားလေသည်’ ဟု ဦးတင်ညွှန့် (ခ) ချိန်တိမ်ယူပါ-၁၁ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ 1986 B.I.R (C.C) 282 အမှုတွင် လမ်းညွှန်ထုံးဖွဲ့ထားပါသည်။ယာကူဇာ လက်ပတ်နီများက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄ဝ တွင် ပြဋ္ဌာန်းထားသော ‘ပြစ်မှုပြစ်ဒဏ် ထိုက်သင့်သော အနိုင်အထက် ပြုကျင့်ခြင်း’ (Criminal Force) ဖြစ်ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၄၃ (ဥပဒေနှင့် မညီသော အစုအဝေးတွင် ပါဝင်ခြင်း)၊ ရိုက်နှက်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၂၃/၃၂၄၊ အမျိုးသမီးများအား ကာအိန္ဒြေဖျက်ဆီးမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၅၄၊ မတရားတားဆီး ကန့်ကွက်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၄၁၊ အကြောင်းမကြားဘဲ လူစုဝေးမှု၊ ငြိမ်းစုစီဥပဒေပုဒ်မ-၁၈၊ တိုင်းပြည်မငြိမ်သက်အောင် ရုန်းရင်းဆန်ခတ်ပြုမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၅ဝ၅ (ခ) တို့ကို ကျူးလွန်ချိုးဖောက်ရာ ကျရောက်ပါသည်။ ၎င်းတို့ကို တာဝန်ပေးစေခိုင်းသူမှာ ပြစ်မှုတိုင်းအတွက် ပူးပေါင်းကြံစည်သူ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၄)၊ အားပေးကူညီမှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁ဝ၉)၊ ကိုယ်တိုင်ရှိပြီး ကြီးကြပ်ကွပ်ကဲလျှင် (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၁၄) ဖြစ်ရာ ဤပုဒ်မများဖြင့် တွဲဖက်အရေးယူနိုင်မည် ဖြစ်ပါသည်။ဤယာကူဇာလက်ပတ်နီကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မေးမြန်းရန် ဖြေကြားထားပါသည်။ ဦးရဲထွဋ်မှာ သမ္မတ၏ ပြောရေးဆိုရေးခွင့်ရှိသူ ဖြစ်သည့်အတွက် ဤကိစ္စသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း အတိအလင်း ဝန်ခံခြင်း ဖြစ်ပါသည်။ ၂ဝဝ၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၅၇ (ခ)အရ နိုင်ငံတော်အစိုးရ အမည်ဖြင့် တရားစွဲခွင့်၊ တရားစွဲခံခွင့် ရှိသည်။ အစိုးရအဖွဲ့ကို တရားစွဲခွင့် ရှိမရှိမှာ ယင်းအစိုးရသည် ဂုဏ်သိက္ခာ ရှိမရှိ၊ ယင်းနိုင်ငံတွင် တရားစီရင်ရေး မဏ္ဍိုင်သည် အမှန်တကယ် လွတ်လပ်တည့်မတ် ခိုင်မာမှု ရှိမရှိ၊ မှတ်ကျောက်တင်သည့် စံပင် ဖြစ်ပါသည်။ ယခု နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးသူများကား ‘သတင်းစာဆရာကြီးများ သိတော်မူကြတဲ့အတိုင်း’ လွတ်လပ်သည့် ပြင်ပပုဂ္ဂိုလ် တစ်ဦးမှ မပါဝင်ပါ။ (ကော်မရှင်၏အဖြေကို ရာခိုင်နှုန်းပြည့်နီးနီး ကြိုတင်ခန့်မှန်းနိုင်ပေမဲ့) ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါခင်ဗျား။လက်ပံတန်းတွင် ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းခြင်းမှာ ဥပဒေနှင့်အညီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ရှင်းလင်းပါသည်။ ပြည်ထဲရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူများကတော့ ပြောသံမကြား။ အငှားဗိုက်နှင့် ဓားထိုးခံခြင်းပေလား မပြောတတ်။ယခုခေတ်မှာ လက်ကိုင်ဖုန်းများနှင့် ဗီဒီယိုရိုက်နိုင်သည့် အခြေအနေဖြစ်ရာ DVB သတင်းဋ္ဌာန ထုတ်လွှင့်ချက်များ၊ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များ၊ ဓါတ်ပုံများ၊ သတင်းဋ္ဌာနမှ မျက်မြင်ကိုယ်တွေ့ သတင်းသမားများ၊ ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသူ/ကျောင်းသားများ၏ ပြောပြချက်များ သတင်းစာရှင်းလင်းပွဲမှ ဖြစ်ရပ်မှန် ပြောပြချက်များနှင့်မူ ဦးရဲထွဋ်၏ ပြောပြချက်မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကွဲလွဲနေပါသည်။အထက်တွင် တင်ပြခဲ့သည့်အတိုင်း လက်ပံတန်းတွင် ရာဇဝတ်တရားသူကြီး တစ်ဦးဦး ရှိနေသည်ဟု မပေါ်ပေါက်။ ရဲလက်စွဲ/၁ဝ၅၇၊ ၁ဝ၅၈ တို့အရ တရားရုံးသို့ အခြေအနေတင်ပြ၍ ဖြိုခွဲမိန့်ရယူခဲ့ကြောင်းလည်း မတွေ့ရ။ ဗီဒီယိုဖိုင်များအရ နိုင်ငံတကာ သတင်းဋ္ဌာနများအ ပါအဝင်၊ သတင်းသမားများနှင့် ကျောင်းသားများကို ၁ဝ နာရီ ၁၈ မိနစ်တွင် သပိတ်စစ်ကြောင်းအား ရန်ကုန်သို့ ချီတက်ခွင့်ပြုကြောင်း ဖြေကြားပြီး၊ အားလုံးဝမ်းမြောက်ဝမ်းသာ ဖြစ်သွားချိန်၊ သတင်းတင်ပြီးချိန်၊ မိနစ်အနည်းငယ်အတွင်း အခြေအနေက ချက်ခြင်းပြောင်း တင်းမာသွားခြင်း ဖြစ်သည်။ ထိုအချိန်တွင် လူစုခွဲရန် ရဲတပ်ဖွဲ့မှ ကြေငြာသံများ ကြားရသည်။ ထိုတပြိုင်တည်း ကျောင်းသားများက လေးယောက်တစ်တန်းတန်း၍ အဖမ်းခံမည်ဖြစ်ကြောင်းနှင့် ထောက်ခံအားပေးနေသည့် ပြည်သူများကို လွှတ်ပေးရန် ကြေညာသံကြားရသည်။မကြာမှီတွင် အကြီးအကျယ် ရိုက်နှက်ဖြိုခွဲမှု စတင်သည်။ ဤသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၆(၁)အရ အဖမ်းခံရသူက အသားတကြည် အဖမ်းခံလျှင် ရဲသည် ကိုယ်ထိလက်ရောက် ချုပ်နှောင်ဖမ်းဆီးခြင်း မပြုရဟူသည့် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပါသည်။ ယခုမူ ကိုယ်ထိလက်ရောက် ချုပ်နှောင်ရုံမက အကြီးအကျယ် ရိုက်နှက်လိုက်သေးသည်။ ဖမ်းဆီးရမိပြီးနောက် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်၊ ကိုသန်းထိုက်တို့ကို အချုပ်ကားပေါ်တွင် ရဲများက အပြင်းအထန် ဝိုင်းရိုက်ကြသည်။ အချုပ်ခံရသူအား မတရား ထိခိုက်နာကျင်စေရန် မပြုရဟူသည့် ရဲဥပဒေပုဒ်မ-၄၃၊ ရဲလက်စွဲအပိုဒ်-၁ဝ၆ဝ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပါသည်။ ‘ဖမ်းဆီးရာတွင် ချက်ချင်းလက်ထိတ်ခတ်ခြင်း၊ ကြိုးချည်ခြင်းပြုရန် မလိုအပ်ပါ။ ခုခံရန်၊ ထွက်ပြေးရန် အရိပ်အယောင် ရှိမှသာလျှင် ပြုလုပ်သင့်သည်’ ဟု တင်စိန် (ခ) မောင်ဆိုင် L.B.R.Vol-1 .173 တွင် လမ်းညွှန်ထုံးဖွဲ့ထားသည်။လက်ပံတန်းမှ ကျောင်းသားများကို ဖမ်းဆီးပြီး၊ သာယာဝတီထောင် ပို့ဆောင်ထားစဉ် ရှေ့နေနှင့်တွေ့ခွင့်မပြု၊ မိသားစုတွေ့ခွင့်မရ၊ ရဲလက်စွဲအပိုဒ်-၁၁၉၈ နှင့် Prison Act အကျဉ်းထောင်များ အက်ဥပဒေပုဒ်မ ၃၁-၃၃ ကို ချိုးဖောက်ကျူးလွန်ခြင်း ဖြစ်ပါသည်။ လူနာတင်ကားနှင့် အခြားကားများအား ရိုက်နှက်ဖျက်ဆီးခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၂၇ အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခြင်း ဖြစ်ပါသည်။ လူနာတင်ကားပေါ်မှ ဒဏ်ရာရနေသူအား ဆွဲချရိုက်နှက်သူများအား စုံစမ်းစစ်ဆေးပြီး ပြင်းထန်စွာ အရေးယူသင့်ပါသည်။ဤမျှဆိုလျှင် ဥပဒေချိုးဖောက်ခြင်း ရှိမရှိ မြင်သာလောက်ပါပြီ။ မြေပေါ်တွင် လဲကျနေသောသူအား ခုန်၍ ခုန်၍ ဝိုင်းရိုက်သော ရဲများ၊ ချုပ်နှောင်ထားသူအား ဝိုင်းရိုက်ဝံ့သော ရဲများမှာ ရဲစွမ်းသတ္တိ ရှိလှသူများ ဖြစ်သဖြင့် လောက်ကိုင်သို့ပို့၍ အမှုထမ်းစေသင့်ပါသည်။ တာဝန်ရှိမှုနှင့် ပတ်သက်၍ ပြောရလျှင် မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ တည်ဆောက်ထားပုံမှာ နိုင်ငံတကာ အသိအမှတ်ပြုထားသော အရပ်ဘက် ရဲအဖွဲ့အစည်းစနစ် (Civil Policing) မဟုတ်ဘဲ စစ်ပုလိပ်စနစ် (Military Policing) ဖြစ်နေပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့နှင့် ရဲချုပ်က တာဝန်ခံရသူမှာ သမ္မတနှင့် လွှတ်တော်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၃၂ (ည)(၂) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားသည့် ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
 
ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၁)
ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၃)

Most Read

Most Recent