Junction နှင့် CJ Entertainment တို့ ပူးပေါင်းတည်ဆောက်သည့် Screen သုံးခုပါ ရုပ်ရှင်ရုံ မန္တလေးမြို့တွင် ဧပြီလကုန်ပိုင်း ဖွင့်လှစ်မည်

Junction နှင့် CJ Entertainment တို့ ပူးပေါင်းတည်ဆောက်သည့် Screen သုံးခုပါ ရုပ်ရှင်ရုံ မန္တလေးမြို့တွင် ဧပြီလကုန်ပိုင်း ဖွင့်လှစ်မည်
Published 9 March 2015
လင်းလင်းခိုင်

Junction  ရုပ်ရှင်ရုံအုပ်စုနှင့် CJ  Entertainment တို့ ပူးပေါင်း တည်ဆောက်သည့် Screen သုံးခုပါ ရုပ်ရှင်ရုံကို မန္တလေးမြို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ရုံကို ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 
ယင်းရုပ်ရှင်ရုံ မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနှင့် သဇင်လမ်း၊ Ocean Supercenter အပေါ်ထပ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ဖွင့်လှစ်မည့် ရုပ်ရှင်ရုံတွင် တစ်နေ့လျှင် ပွဲစဉ်ငါးပွဲ ပြသမည်ဖြစ်ပြီး မြန်မာဇာတ်ကားသစ်များနှင့် နိုင်ငံခြားဇာတ်ကားသစ်များ ပြသရန် စီစဉ်ထားသည်ဟု သိရသည်။
 
“Junction  ရုပ်ရှင်ရုံအုပ်စုနဲ့ CJ Entertainment တို့ ပူးပေါင်းပြီးတော့ ရုပ်ရှင်ရုံ ၂ဝ ကျော် တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့ မန္တလေးမြို့မှာ တည်ဆောက်ထားပါတယ်။ ဧပြီလကုန်ပိုင်းမှာ ဖွင့်လှစ်နိုင်မှာပါ။ Screen သုံးခု ပါဝင်တဲ့အတွက် ကြိုက်နှစ်သက်ရာ ဇာတ်ကားသုံးကားကို ရွေးချယ်ကြည့်ရှုနိုင်မှာပါ။ ဇာတ်ကားကတော့ မြန်မာဇာတ်ကားသစ်လည်း ပြသမှာဖြစ်သလို နိုင်ငံခြား ဇာတ်ကားသစ်တွေလည်း ပြသသွားပါမယ်။ ပွဲစဉ်ကတော့ တစ်နေ့ကို ငါးပွဲပါ။ ရုပ်ရှင်ပြသမှု အရည်အသွေးကိုလည်း ရန်ကုန်ရုံတွေရဲ့ အရည်အသွေးအတိုင်းပဲ ပြသသွားမှာပါ” ဟု Junction  ရုပ်ရှင်ရုံအုပ်စုမှ မနန္ဒာဝင်းက ရှင်းပြသည်။
 
Junction ရုပ်ရှင်ရုံအုပ်စုနှင့် ကိုရီးယားနိုင်ငံ CJ Entertainment  တို့ ပူးပေါင်း၍ ရုပ်ရှင်ရုံများ တည်ဆောက်ရန် စီစဉ်ထားရာ၌ မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ရုပ်ရှင်ရုံ ၂ဝ ကျော် ကို ၂ဝ၁၇ ခုနှစ် မတိုင်မီတည်ဆောက်ပြသရန် စီစဉ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင်လည်း ရုပ်ရှင်ရုံများ တည်ဆောက်နိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 
 

Most Read

Most Recent