မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့အကြား တစ်နိုင်ငံ၏ နယ်မြေကို အသုံးချ၍ အခြားတစ်နိုင်ငံ၏ အကျိုးစီးပွားကို ထိပါးစေမည့် လုပ်ငန်းများအား ခွင့်ပြုမည်မဟုတ် ဆိုသည့် နားလည်မှုမျိုး ရှိထားဟု သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့အကြား တစ်နိုင်ငံ၏ နယ်မြေကို အသုံးချ၍ အခြားတစ်နိုင်ငံ၏ အကျိုးစီးပွားကို ထိပါးစေမည့် လုပ်ငန်းများအား ခွင့်ပြုမည်မဟုတ် ဆိုသည့် နားလည်မှုမျိုး ရှိထားဟု သမ္မတဦးသိန်းစိန် ပြောကြား
Published 1 March 2015

မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့အကြား တစ်နိုင်ငံ၏ နယ်မြေကို အသုံးချ၍ အခြားတစ်နိုင်ငံ၏ အကျိုးစီးပွားကို ထိပါးစေမည့် လုပ်ငန်းများကို ခွင့်ပြုမည်မဟုတ် ဆိုသည့် နားလည်မှုမျိုး ရှိထားဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ် ၁ ရက်၌ ပြည်သူလူထုသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။မိန့်ခွန်းပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ရာ အချုပ်အခြာအာဏာ၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှုဆိုသည့် ကိစ္စရပ်များကို လက်နက်ကိုင် အကြမ်းဖက်မှု နည်းလမ်းဖြင့် ထိပ်တိုက်ရင်ဆိုင်လာမှုကို တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့် အလျင်အမြန် တုံ့ပြန်ကာကွယ်မှုများ ပြုလုပ်ခဲ့ရပါကြောင်းနှင့် တိုက်ပွဲများဖြစ်ပွားရာ ဒေသများက ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် အလွန်အရေးကြီးသည့်အတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားသည်။ထို့နောက် သမ္မတဦးသိန်းစိန်က ဒေသခံပြည်သူများအား ဝိုင်းဝန်းကူညီပေးကြသည့် ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ အလေးအနက် အသိအမှတ်ပြုကြောင်း၊ အသက်ခန္ဓာ စွန့်လွှတ်အနစ်အနာခံပြီး တိုင်းပြည်ကာကွယ်သွားကြသည့်၊ သက်စွန့်ဆံဖျား တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများ အားလုံးအတွက်လည်း လေးစားဂုဏ်ယူကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည့် ကြက်ခြေနီ အဖွဲ့များကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။  ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြားတွင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူထားပြီးဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့သည်။ထို့နောက် သမ္မတဦးသိန်းစိန်က “ကာလရှည်ကြာရှိခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေး၊ တန်းတူရည်တူ အပြန်အလှန် လေးစားသမှု ရှိရေးနဲ့ တစ်နိုင်ငံရဲ့ နယ်မြေကို အသုံးချပြီး အခြားတစ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိပါးစေမယ့် အဖျက်အမှောင့် လုပ်ငန်းတွေကို နှစ်နိုင်ငံလုံးက ခွင့်ပြုမှ မဟုတ်ဘူးဆိုတဲ့ နားလည်မှုမျိုးလည်း နှစ်နိုင်ငံကြားမှာ ရှိထားပြီး ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာာကို ကာကွယ်ထိန်းသိမ်းရန် ပြည်သူများနှင့် တစ်သားတည်း ရှိသည်ကိုလည်း အလေးအနက် ထုတ်ဖော်ပြောကြားထားပြီ ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေမှာ ကိုးကန့်ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်သလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း အစီအမံများ စီစဉ်ထားရှိပြီးဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့သည်။သမ္မတဦးသိန်းစိန် အနေဖြင့် မိန့်ခွန်းတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့ရခြင်း အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကာ အဆိုပါ ကတိပြုချက်သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးအဆင့်များဖြစ်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်ကို အပြီးသတ် ညှိနှိုင်းနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်အတွင်း အမြန်ဆုံး စတင်နိုင်ရေး စသည့်လုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ခေါင်းဆောင်များအားလုံးက တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး ဆောင်ရွက်သွားမည် ဆိုသည်ကို ပြည်သူများထံ ကတိပြုသည့် အနေဖြင့် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ထို့ပြင် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးသည် ဆောလျင်စွာ လုပ်ကိုင်ရမည့် ကိစ္စ ဖြစ်သော်လည်း မျှတသည့် နှုန်းထားတစ်ခု ပေါ်ပေါက်ရန်အတွက် လုံလောက်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများကို သဘောထားကြီးကြီးထားကာ စိတ်ရှည်မှုဖြင့် ဆွေးနွေးကြရန်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန်အတွက် ကြိုးစားရာတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အသီးသီး အနေဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ထို့ပြင် ယာယီသက်သေခံ လက်မှတ်များနှင့် ပတ်သက်၍ ပြည်သူများ၏ မေးခွန်းများ ထွက်ပေါ်နေသည့်အပေါ် သမ္မတဦးသိန်းစိန်က နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ဆဲ ကာလအတွင်းမှာလည်း ရသင့်ရထိုက်သည့် အခွင့်အရေးများ မဆုံးရှုံးရန် အစိုးရ၊ အဖွဲ့အစည်း အသီးသီးက အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အဆုံးအဖြတ်ပေးမည့် အထွေထွေ ရွေးကောက်ပွဲများကို ယခုနှစ် နိုဝင်ဘာတွင် ကျင်းပတော့မည်ဖြစ်ရာ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ ပြင်းထန်သည် ပြိုင်ဆိုင်မှုများ ရှိသည်မှာ သဘာဝကျသည့်ကိစ္စ ဖြစ်ကြောင်းနှင့် တစ်ဖက်တွင်လည်း မိမိတို့ နိုင်ငံရေးရည်မှန်းချက်အတွက် ယှဉ်ပြိုင်ကြသည့်အခါ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လေးစားမှု၊ နားလည်မှု သဘောထားကြီးမှုများနှင့် မိမိတို့၏ ရည်မှန်းချက်ကို ရရှိဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။

Most Read

Most Recent