အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးရန် ဖွဲ့စည်းပုံနှင့် ညီ၊ မညီ တင်ပြထားမှုအတွက် ခုံရုံးအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိ ယနေ့ဆုံးဖြတ်မည်

အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးရန် ဖွဲ့စည်းပုံနှင့် ညီ၊ မညီ တင်ပြထားမှုအတွက် ခုံရုံးအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိ ယနေ့ဆုံးဖြတ်မည်
Published 26 February 2015
စိုးမင်းထိုက်

အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးရန် ဖွဲ့စည်းပုံနှင့် ညီ၊ မညီ တင်ပြထားမှုအတွက် ခုံရုံးအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိ ယနေ့ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆုံး ဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးရန်ကိစ္စအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် နှစ်ဖက်လျှောက်လဲချက်များကို ကြားနာခဲ့ကြောင်း၊ နောက်တစ်ကြိမ် ကြားနာမှုအတွက် ဖေဖော်ဝါရီ ၂၇ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက“ပီအာရ် စနစ်ကိစ္စအတွက် ခုံရုံးက ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိကို ကြားဖြတ်ဆုံးဖြတ်မှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၃ ရက်က ခုံရုံးအနေဖြင့် အကျုံးဝင်မှု ရှိပါတယ်လို့ ကျွန်တော်လျှောက်လဲ ခဲ့ပါတယ်” ဟု ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ယခုကဲ့သို့လျှောက်ထားခြင်းသည် အကြောင်းမဲ့မဟုတ်ကြောင်း၊ ခုံရုံးတွင် လုပ်ပိုင်ခွင့်ရှိ၍သာ အနက်အဓိပ္ပာယ်ဖွင့်ချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် တင်သွင်းချက်များနှင့်ပတ်သက်၍ ပြ|ာန်းထားခြင်းဖြစ်ကြောင်း၊ ယခုတင်သွင်းထားသည့် အချက်များသည် ခုံရုံးမှ ဆုံးဖြတ်ရမည့်အချက်များတွင် အကျုံးဝင်ကြောင်း၊ ခုံရုံးမှလွဲ၍ အခြားမည်သည့် တရားရုံးကမျှ ဆုံးဖြတ်၍ ရနိုင်သောအချက်များ မဟုတ်ကြောင်း စသည်ဖြင့် လျှောက်လဲခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၆ ပါ အခြေခံမူ ပြဋ္ဌာန်းချက်အရ သုံးသပ်ကြည့်ပါက ယခုပဏာမ ကြားနာဆုံးဖြတ်ပေးရမည့် အချက်များအပေါ် ခုံရုံးအနေဖြင့် ဆုံးဖြတ်ပေးပိုင်ခွင့်ရှိသည်ဟု တင်ပြခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့်သင့်လျော်ပြီး ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သည့် ရွေးကောက်ပွဲစနစ်နှင့် နည်းလမ် ကို ရွေးချယ်ပေးနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေရှိစေမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်စေရန်နှင့် ပတ်သက်၍ ခုံရုံး၏ ဆုံးဖြတ်ချက်ကို တောင်းခံခဲ့ကြောင်း၊ အဆိုပါကိစ္စတွင် ခုံရုံးမှ လုပ်ပိုင်ခွင့်ရှိသည့်အတွက် ဆုံးဖြတ်ပေးခဲ့သည်ဟု လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ပြည်သူ့လွှတ်တော်အတွက်သာ ပီအာရ်စနစ်အပါအဝင် ရွေးကောက်ပွဲစနစ်ပုံစံ ခုနစ်မျိုးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ ဆုံးဖြတ်ပိုင်ခွင့်ရှိ၍ ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် အမျိုးသားလွှတ်တော်အတွက် ပီအာရ်စနစ် ကျင့်သုံးမှုဆိုင်ရာများနှင့် တင်ပြလာခြင်းအပေါ် ဆုံးဖြတ်ပိုင်ခွင့်မရှိပါဟု လွှတ်တော်နှစ်ရပ်ကို သီးခြားစီခွဲကာ စဉ်းစားဆုံးဖြတ်၍ ရနိုင်မည် မဟုတ်ပါဟု တင်ပြခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိရန် ဆုံးဖြတ်ထားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ခုံရုံးမှဆုံးဖြတ်ပေးခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆုံးဖြတ်ပေးခဲ့ခြင်းသည် ဆုံးဖြတ်ပိုင်ခွင့်ရှိ၍ ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ပြောကြားသည်။
ထို့အတွက် ယခုအမျိုးသား လွှတ်တော်မှ ကြားနာဆုံးဖြတ်ရမည့် ပီအာရ်စနစ်ကျင့်သုံးရန် ဆုံးဖြတ်ခြင်း၊ ပီအာရ်စနစ်ကျင့်သုံးရန် အတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ဆောင်ရွက်စေခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို ချန်လှပ်၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တစ်ပြေးညီကျင့်သုံးရန် လျာထားခြင်းနှင့် တင်ပြထားသော ရွေးကောက်ပွဲပုံစံနှစ်မျိုး သတ်မှတ်ပေးခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ ဆုံးဖြတ်ပေးရန် ခုံရုံးသို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပီအာရ်စနစ် ကျင့်သုံးခြင်းသည် ဖွဲ့စည်းပုံနှင့် ကိုက်ညီမှု ရှိ၊ မရှိ ဆုံးဖြတ်ပေးရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၁ဝ ရာခိုင်နှုန်း သဘောတူညီမှုဖြင့် ခုံရုံးသို့ ၂ဝ၁၄ ခုနှစ် ဒီ ဇင်ဘာ ၁၅ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန် အဆိုအား ၂ဝ၁၄ ခုနှစ် ဇွန် ၁၁ ရက်တွင် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် အမျိုးသားလွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
                  
 
 
 

Most Read

Most Recent