အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီအစဉ် မတ် ၅ ရက်မှစ၍ ရှစ်ရက်ကြာ ပြုလုပ်မည်ဟုဆို၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လေးပွင့်ဆိုင် သဘောတူထားသော ဥပဒေအတည်ပြုရေးမှာ အချိန်ကြာမြင့်၍ ခက်ခဲဖွယ်ရှိနေ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီအစဉ် မတ် ၅ ရက်မှစ၍ ရှစ်ရက်ကြာ ပြုလုပ်မည်ဟုဆို၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လေးပွင့်ဆိုင် သဘောတူထားသော ဥပဒေအတည်ပြုရေးမှာ အချိန်ကြာမြင့်၍ ခက်ခဲဖွယ်ရှိနေ
Published 25 February 2015
ကြည်နိုင်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား NNER ၊ ကျောင်းသားကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပါဝင်သည့် ကြားနာမည့် အစီအစဉ် အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယင်းကဲ့သို့ သတင်းထုတ်ပြန်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လေးပွင့်ဆိုင် သဘောတူထားသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား  ဥပဒေအဖြစ် အတည်ပြုရေးမှာ အချိန်ကြာမြင့်၍ ခက်ခဲဖွယ်ရှိနေကြောင်း ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဆိုပါဥပဒေကြမ်းအပေါ် ကြားနာခြင်း အစီအစဉ်ကို မတ် ၅ ရက်မှ မတ် ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းရက် အပိုင်းအခြားတွင် ကြားနာမှုပြုလုပ်မည့် ရက်မှာ စုစုပေါင်း ရှစ်ရက်အထိ ရှိသည်။ကြားနာခြင်းကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြုလုပ်မည့်ရက်၏ နံနက် ၁ဝ နာရီတိုင်းတွင် ကြားနာမှုအစီစဉ် စတင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် NNER နှင့် ကျောင်းသားကိုယ်စားလှယ်များမှ လွဲ၍ ကျန်ပါတီနှင့် ပုဂ္ဂိုလ်များသည် အရေအတွက်များနိုင်သည့်အတွက် တက်ရောက်ရမည့်နေ့အား သုံးရက်ကြိုတင် အကြောင်းကြားသွားမည်ဖြစ်ပြီး လိုအပ်ပါက ဆက်လက်ကြားနာမည့် အစီအစဉ်နှင့် အချိန်ဇယားကို ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ထုတ်ပြန်ကြေညာချက်အရ မတ် ၅ ရက်တွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂ဝ ကိုလည်းကောင်း၊ မတ် ၆ ရက်တွင် တက်ရောက်ဆွေးနွေးလိုသော နိုင်ငံရေးပါတီ ၂ဝ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်မည့် ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၇ ရက်တွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) မှ ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ထို့ပြင် မတ် ၈ ရက်တွင် တက်ရောက်ဆွေးနွေးလိုသော နိုင်ငံရေးပါတီ ၂ဝ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်မည့် ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၁၁ ရက်တွင် ဒီမိုကရေစီပညာရေးစစ်ကြောင်းများကို အားပေးထောက်ခံ ကူညီခဲ့သည့် ပြည်သူ့ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၁၃ ရက်တွင် တက်ရောက်ဆွေးနွေးလိုသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ်များကို လည်းကောင်း၊ မတ် ၁၄ ရက် တွင် မှတ်ပုံတင်ထားသော အရပ်ဘက်အဖွဲ့အစည်းများက အကြံပြုဆွေးနွေးလိုသူ ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၁၅ ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အကြံပြုစာ ပေးပို့လာသူများအနက်မှ ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း ဆက်လက်ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မူလအမျိုးသားပညာရေးဥပဒေကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၄၁) ဖြင့် ပြဋ္ဌာန်းခဲ့သည်။အဆိုပါဥပဒေအား ပြင်ဆင်ရန်အတွက် ကျောင်းသားများမှ  ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အစိုးရနှင့် ညှိနှိုင်းမှုပြုလုပ်ရန် ရက်ပေါင်း ၆ဝ အချိန်ပေးခဲ့သော်လည်း ညှိနှိုင်းမှု တစ်စုံတစ်ရာ မရှိခဲ့သဖြင့် ကျောင်းသားများက ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ဖွဲ့စည်းကာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အချက် ၁၁ ချက်ကို တောင်းဆို၍ နိုင်ငံအနှံ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းများဖြင့် ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။ယင်းနောက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ အစိုးရ၊ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီတို့ လေးပွင့်ဆိုင်ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ကျောင်းသားများဘက်မှ တောင်းဆိုထားသည့် အချက် ၁၁ ချက်အပေါ် အခြေခံ၍ ရေးဆွဲထားသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းရန် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ ဆုံးဖြတ်ခဲ့သည်။ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် အချိန်ကာလအားဖြင့် နှစ်လကျော်သာ ကြာမြင့်ခဲ့ရာ ယခုဖြစ်စဉ်နှင့် နှိုင်းယှဉ်ဝေဖန်မှုများ ရှိနေသည်။အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်ရန်အတွက် ကျောင်းသားများသည် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေ စတင်အတည်ပြု ပြီးသည့်ကာလမှ ယနေ့အချိန်ထိ ငါးလတာမျှ ကြိုးစားခဲ့သော်လည်း ပြင်ဆင်ရန် အချိန်ဆွဲနေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။“အခု ထုတ်ပြန်ထားတဲ့ ပြင်ဆင်ရေးဥပဒေမူကြမ်းက တခြားရိုးရိုး မူကြမ်းတွေလို မဟုတ်ဘူး။ အများသဘောတူ လက်ခံထားတဲ့ မူကြမ်းဖြစ်နေတယ်။ အခြေခံကျောရိုးက တစ်နိုင်ငံလုံးမှာ အစည်းအဝေးလိုက်လုပ်ပြီး ချမှတ်ထားတဲ့ NNER  ရဲ့ ပညာရေးဆိုင်ရာမူကို ယူပြီးတော့ ကျောင်းသားတွေလိုလားတဲ့အချက်တွေ ထပ်ဖြည့်ပြီးတော့ ရေးဆွဲထားတာပါ။ ရေးဆွဲတဲ့အခါမှာလည်း အစိုးရ၊ NNER နဲ့ ကျောင်းသားတွေ သုံးပွင့်ဆိုင် သဘောတူထားပြီး ဖြစ်တယ်။ ကျောင်းသားတွေရဲ့ဆန္ဒကို နဂိုကတည်းက ဆွေးနွေးအဖြေရှာထားပြီး ဖြစ်တဲ့အတွက် ပြည်သူကလည်း  ဒါကိုလက်ခံတယ်။ ဒါကြောင့် အများလက်ခံတဲ့ ဥပဒေကို Yes or No ဆုံးဖြတ်ရုံပါပဲ။ အဆင်ပြေနေတဲ့ ဥပဒေကို ဒီလောက်ကြာဖို့ အကြောင်းမရှိဘူး။ တခြားဥပဒေတွေအနေနဲ့ သူတို့ Procedure  အတိုင်း သွားမယ်ဆိုရင် ကြာမယ်ဆိုတာ ကျွန်တော်တို့လက်ခံပါတယ်” ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ် က ဆိုသည်။ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) အနေဖြင့် အဆိုပါ ဥပဒေကြမ်းအား ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်မပြုပေးပါက မတ် ၁ ရက်တွင် လက်ရှိ သပိတ်စခန်းဖွင့် စောင့်ကြည့်နေသည့် လက်ပံတန်းမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။   

Most Read

Most Recent