သပိတ်စခန်းများကို အင်အားသုံးဖြေရှင်းမှုမှာ ပြင်းထန်ကြောင်းနှင့် အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအငြင်းပွားမှုပြဿနာများအပေါ် တာဝန်ယူမှုရှိသင့်ကြောင်း အလုပ်သမားအဖွဲ့အစည်းများပြောကြား

သပိတ်စခန်းများကို အင်အားသုံးဖြေရှင်းမှုမှာ ပြင်းထန်ကြောင်းနှင့် အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအငြင်းပွားမှုပြဿနာများအပေါ် တာဝန်ယူမှုရှိသင့်ကြောင်း အလုပ်သမားအဖွဲ့အစည်းများပြောကြား
Published 24 February 2015
နန်းစုနှင်းထွေး

လုပ်အားခတိုးမြှင့်ပေးရေးတောင်းဆိုနေသည့်သပိတ်စခန်းများကို အင်အားသုံးဖြေရှင်းမှုမှာ ပြင်းထန်ကြောင်းနှင့် အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအငြင်းပွားမှုပြဿနာများအပေါ် တာဝန်ယူမှုရှိသင့်ကြောင်း  အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်သူများက ဝေဖန်ပြောကြားသည်။ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန်တို့တွင်ဖြစ်ပွားလျက်ရှိသည့် အလုပ်သမားအငြင်းပွားမှုပြဿနာများနှင့်စပ်လျဉ်း၍  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ထုတ်ပြန်ချက်များအပေါ် ယခုကဲ့သို့ အလုပ်သမားအဖွဲ့အစည်းများက ပြောကြားခဲ့ခြင်းဖြစ်သည်။"အခုထုတ်ပြန်ချက်က တစ်ဖက်တည်းမှာပဲရှိတယ်။ ဥပဒေနဲ့မညီတဲ့ အကြမ်းဖက်တောင်းဆိုမှုတွေကို အရေးယူမယ်ဆိုရင် ဥပဒေအရလည်း ဒီကိစ္စတွေအတွက် တာဝန်ယူမှုရှိဖိုလို့တယ်။ အခုအလုပ်သမားတွေသပိတ်မှောက်နေတာ အကြမ်းဖက်တဲ့ပုံသဏ္ဌာန်တော့မဟုတ်ပါဘူး။ သူတို့အနေနဲ့ ထုတ်ပြန်ချက်မှာ အလုပ်ရှင်တွေအတွက် ဘယ်လိုဖြစ်နေတယ်ဆိုတာပဲပါပြီး အလုပ်သမားအခွင့်အရေး ဘယ်လိုချိုးဖောက်ခံရတယ်ဆိုတာတော့မပါဘူး။ လက်ရှိဖြစ်နေတဲ့အငြင်းပွားမှုတွေအပေါ် အစိုးရအနေနဲ့ တာဝန်ယူမှုရှိရှိ ဖြေရှင်းသင့်ပါတယ်" ဟု တိုင်ရီဖိနပ်စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့အစည်းမှဥက္ကဋ္ဌ မမိုးဝေကဆိုသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန်တို့မှ အလုပ်သမားများ လုပ်အားခတိုးမြှင့်တောင်းဆိုမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ဥပဒေနှင့်မညီညွတ်သောကိစ္စရပ်များအား ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်အလုပ်သမားမခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်သည်။မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်လင်းကလည်း "အစိုးရအနေနဲ့ သပိတ်စခန်းတွေကို အင်းအားသုံးဖြေရှင်းတာက ပြင်းထန်လွန်းတယ်လို့ထင်တယ်။ ဒီထက်ကောင်းတဲ့ အေးချမ်းတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲ့ဒီလိုလုပ်ဖို့လည်း တိုက်တွန်းပါတယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်တဲ့နေရာမှာလည်း အလျှော့အတင်းတွေလုပ်ဖို့လိုတယ်" ဟုပြောကြားသည်။အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း လက်ရှိဆန္ဒပြမှုများဖြစ်ပွားနေသည့်စက်ရုံများမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ နိုင်ငံခြားသားများက လာရောက်ရင်းနှီးလုပ်ကိုင်နေကြသည့်စက်ရုံများဖြစ်ပြီး လုပ်ငန်းမဆောင်ရွက်နိုင်သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်၍ အာမခံထားသောကုန်ထုတ်လုပ်ငန်းများအား မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဝင်ငွေမရရှိတော့ခြင်း၊ ကုန်အမှာစာများပယ်ဖျက်ခံရခြင်း၊ ကုန်အမှာစာများမရရှိတော့သဖြင့် လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေခြင်းနှင့် လုပ်ငန်းအမည်ပျက်စာရင်းတင်သွင်းခံရတော့မည့်အခြေအနေရှိနေခြင်းစသည့် ဆုံးရှုံးမှုများဖြစ်ပေါ်နေသကဲ့သို့ လုပ်ငန်းရပ်ဆိုင်းနေရမှုကြောင့် လုပ်ခလစာမရသဖြင့် အလုပ်သမားအများစုတွင် စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ချက်တွင်ပါရှိသည်။ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ညှိနှိုင်းဖြေရှင်းပေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်မညီသော အကြမ်းဖက်တောင်းဆိုမှုများ၊ ပိတ်ဆို့ဆန္ဒပြမှုများအပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပျက်ပြားစေမည့်လုပ်ရပ်များနှင့် ပါဝင်ပတ်သက်သူများ၊ သွေးထိုးလှုံ့ဆော်အားပေးအားမြှောက်ပြုသူလုပ်သူများအား တည်ဆဲဥပဒေများနှင့်အညီ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ထို့ပြင် Costec အထည်ချုပ်စက်ရုံမှ မသိန်းမိုးလွင်က "အလုပ်သမားတွေကိုကျတော့ ဥပဒေကိုမလေးစားဘူးဆိုပြီး အပြောခံရတယ်။ နိုင်ငံခြားသားအလုပ်ရှင်တွေက အစိုးရကို မထီမဲ့မြင်လုပ်တာကိုတော့ ဘယ်သူမှအရေးမယူဘူး။ လုပ်အားကိုများများယူပြီး လုပ်အားခနည်းနည်းပဲပေးရတာ မြန်မာနိုင်ငံမှာပဲရှိတယ်။ ထိုင်းမှာ အလုပ်သမားတစ်ဦးရဲ့တစ်နေ့ဝင်ငွေက ၈၀၀၀ ရှိတယ်။ ကျွန်မတို့ တစ်နေ့ဝင်ငွေက ၁၃၅၀ ပဲ ရှိတယ်။ ငွေ ၁၃၅၀ နဲ့ခိုင်းလို့ရတာ ကျွန်မတို့ပဲရှိတယ်။ ကျွန်မတို့ ဖိနှိပ်ခံရတယ်။ အဲဒါကိုမကျေနပ်ဘူး။ လစာလုံလုံလောက်လောက်ပေးထားရင် ကျွန်မတို့ ဒီလိုမျိုးတောင်းဆိုနေစရာအကြောင်းမရှိဘူး" ဟုဆိုသည်။ယခုလအတွင်း ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်တို့မှ Costec အထည်ချုပ်စက်ရုံ၊ E land မြန်မာအထည်ချုပ်စက်ရုံ ၊ Ford Glory အထည်ချုပ်စက်ရုံ၊ တိုင်ရီဖိနပ်စက်ရုံတို့တွင် ဆန္ဒပြတောင်းဆိုမှုများဖြစ်ပွားခဲ့ပြီး  ဖေဖော်ဝါရီ ၂၀ ရက်တွင် သပိတ်စခန်းအချို့ကို အစိုးရက အင်အားသုံးဖျက်သိမ်းခဲ့သည်။               

Most Read

Most Recent