လာမည့်ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ အသုံးပြုမည်ဖြစ်ပြီး ကျေးရွာတိုင်း၌ ကျောင်းဆရာတစ်ဦးထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးပြောကြား

လာမည့်ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ အသုံးပြုမည်ဖြစ်ပြီး ကျေးရွာတိုင်း၌ ကျောင်းဆရာတစ်ဦးထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးပြောကြား
Published 24 February 2015
ဇေယျာထွန်း၊ ကျော်မျိုး

လာမည့်ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ အသုံးပြုသွားမည်ဖြစ်ပြီး ကျေးရွာတိုင်းတွင် ကျောင်းဆရာတစ်ဦးထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီကပြောကြားသည်။ဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင် ပညာရေးအသုံးစရိတ်အား ၂၀၁၁ ခုနှစ်မှစတင်ကာ ကျပ်ဘီလျံ ၃၀၀၊ ၂၀၁၂ ခုနှစ်တွင် ဘီလျံ ၆၀၀၊ ၂၀၁၃ ခုနှစ်တွင် ဘီလျံ ၉၀၀၊ ၂၀၁၄ ခုနှစ်တွင် ဘီလျံ ၁၁၀၀ အထိ နှစ်စဉ်တိုးမြှင့်အသုံးပြုလျက်ရှိကာ ၂၀၁၅-၂၀၁၆ ပညာရေးနှစ်တွင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၄၀၀ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ပညာရေးစနစ်မြှင့်တင်ရန်အတွက် ၂၀၁၁-၂၀၁၂ ပညာရေးနှစ်တွင် လေ့ကျင့်မှုမရှိဘဲ ကျောင်းဆရာ၊ ဆရာမများခန့်အပ်ခဲ့သည့်အတွက် လာမည့်နှစ်တွင် ကျောင်းဆရာ၊ ဆရာမ ခြောက်သောင်းကျော်အား သင်တန်းပေးလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီက "တချို့ရွာတွေက လူနည်းနည်းပဲရှိတဲ့အတွက် ကျောင်းဆောက်ဖို့မဖြစ်နိုင်ဘူး။ ရေရှည်မှာဖြစ်လာနိုင်ပေမယ့် အခုဘာလုပ်ရင်ရမလဲဆိုတော့ ပညာရေးဥပဒေမှာရော၊ ပညာရေးမူဝါဒမှာရော ကျေးရွာတိုင်းမှာ အနည်းဆုံးဆရာတစ်ယောက်ရှိဖို့အရေးကိုလည်း ကျွန်မတို့အစီအစဉ်ဆွဲနေပါတယ်။ လူတိုင်းပညာသင်ရေးရရှိဖို့အတွက်ကို ကျောင်းတွေမှာ ဆရာပေးဖို့ ကျွန်မတို့စီစဉ်ပါတယ်။ကျောင်းရှိရေးကိုလည်း ဒေသမှာရှိတဲ့အစိုးရအဖွဲ့ကိုပေးပါတယ်။ ဆရာတွေအတွက်ကိုလည်း မြို့နယ်ကပဲခန့်ဖို့စီစဉ်ပါ။ ကျေးရွာကပဲစီစဉ်ပါလို့ပြောပေမယ့်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်" ဟုပြောကြားသည်။ဆက်လက်၍ "စိန်ခေါ်မှုက ဘာပြန်လာသလဲဆိုတော့ ဆရာတွေလေ့ကျင့်ဖို့ပါပဲ။ လာမယ့်နှစ်မှာ ဆရာ၊ ဆရာမခြောက်သောင်းကျော်ကို လေ့ကျင့်ပေးဖို့ရှိပါတယ်။ လေ့ကျင့်မှုမရှိဘဲနဲ့ လူတွေကိုခန့်လိုက်ရတာဟာ အရင်ဖြစ်နေပေမယ့် ကျောင်းတွေမှာ ဒါတွေကတော့ရောက်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတွေရဲ့အရည်အသွေးရှိအောင်၊ အစိုးရချမှတ်ထားတဲ့ပညာရေးဖြစ်အောင်ကတော့ ကျွန်မတို့အများကြီးဆွဲတင်ရဦးမှာဖြစ်ပါတယ်" ပြည်ထောင်စုဝန်ကြီးဒေါ်ခင်စန်းရီကပြောကြားသည်။လက်ရှိတွင် ကျောင်းထောက်ပံ့ကြေးအနေဖြင့် ကျောင်းသားဦးရေ ၁၀၀ ရှိသည့် မူလတန်းကျောင်းတစ်ကျောင်းအား တစ်နှစ်လျှင် ကျပ်ရှစ်သိန်းနှုန်းထောက်ပံ့ပေးနေသည့်ငွေကြေးများမှာ နိုင်ငံတော်အစိုးရမှ ရာခိုင်နှုန်း ၆၀နှင့် ကမ္ဘာ့ဘဏ်မှ (ချေးငွေ၊ ထောက်ပံ့ငွေ) ရာခိုင်နှုန်း ၄၀ ပါဝင်ကြောင်း သိရသည်။              

Most Read

Most Recent