နိုင်ငံရေးစနစ် မှားယွင်းပါက စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျသွားသဖြင့် နိုင်ငံရေးအရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံရေးစနစ် မှားယွင်းပါက စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျသွားသဖြင့် နိုင်ငံရေးအရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 1 February 2015
မျိုးမင်းထက်၊ ဝဏ္ဏ

နိုင်ငံရေး လမ်းမှားသွားသည်နှင့် စီးပွားရေး၊ လူမှုရေး အရာအားလုံး ချွတ်ခြုံကျသွားသဖြင့် နိုင်ငံရေး အရေးပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ရှိ ရွှေပြည်သာဘုရားကွင်းတွင် ဇန်နဝါရီ ၃၁ ရက်ကပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ) ပြည့်မွေးနေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“တစ်ချိန်တစ်ခါတုန်းက ကျွန်မတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံ ဖြစ်တယ်။ အားလုံးကလည်း တစ်ချိန်တစ်ခါမှာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက် ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထားတယ်။ ဒါပေမဲ့ ဒီလိုမဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့ ဒီလိုမဖြစ်ခဲ့ဘူးလဲဆိုတော့ တကယ်တော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့ဘူး။ ကျွန်မတို့နိုင်ငံဟာ နိုင်ငံရေးလမ်းမှားသွားတာနဲ့ စီးပွားရေးပါ ချွတ်ခြုံကျသွားတယ်။ စီးပွားရေးရော၊ လူမှုရေးရော အားလုံး ချွတ်ခြုံကျသွားတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး ဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားလုံးကို လုံးဝနားမယောင်ပါနဲ့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“အတိုးတက်ဆုံး အချမ်းသာဆုံးနိုင်ငံတွေဟာ ပြည်သူလူထုကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံတွေပဲ။ ပြည်သူကို မလေးစားဘူး။ တန်ဖိုးမထားဘူးဆိုရင် နိုင်ငံတစ်နိုင်ငံဟာ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ မချမ်းသာနိုင်ဘူး။ ဒါကို နိုင်ငံအစိုးရလုပ်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း နားလည်ဖို့ လိုပါတယ်။ အစိုးရဆိုတာ လုပ်ချင်စရာကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ တာဝန်ဝတ္တရားအရသာ လုပ်ရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ ပြည်သူက တာဝန်ပေးမှ တာဝန်ယူရမှာဖြစ်ပါတယ်။ ပြည်သူက တာဝန်မပေးဘဲနဲ့ ငါတို့ ပဲ တာဝန်ယူလိုက်မယ်ဆိုတာဟာ တကယ်တော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရမျိုး ဖြစ်မှာမဟုတ်ပါဘူး။ ပြည်သူလူထုကို ကိုယ်စားမပြုရင် ပြည်သူလူထုကို လေးစားမှာ မဟုတ်ဘူး ။တန်ဖိုးထားမှာ မဟုတ်ဘူး။ ပြည်သူလူထုကို မလေးစားဘူး။ တန်ဖိုးမထားဘူးဆိုရင် ဒီ နိုင်ငံကို တိုးတက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်သည့်  ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့်မွေးနေ့ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  တွေ့ရစဉ်“ဒီမိုကရေစီ တကယ်လိုချင်တယ်ဆိုရင် ကိုယ်ပိုင်လွတ်လပ်ခွင့် တကယ်လိုချင်တယ်ဆိုရင် စပြီးတော့ ကိုယ့်ရဲ့ခေါင်းကို ကိုယ်သုံးပြီးတော့ စဉ်းစားတတ်ဖို့ဟာ အရေးကြီးပါတယ်။ လူတွေခေါင်းကို ပေးထားတယ်ဆိုတာ ခေါင်းကို စဉ်းစားဖို့ပေးထားတာပါ။ ခေါင်းကို ငုံ့နေဖို့ ပေးထားတာ မဟုတ်ပါဘူး။ ထပ်တလဲလဲ သတိပေးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ပြည်သူလူထုအနေဖြင့် ညီညွတ်မှုမရှိပါက တိုင်းပြည်သည် မအေးချမ်းနိုင်သည့် အပြင် တိုးတက်နိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“တချို့တွေကဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေ သိပ်ပြီးတော့ နိုင်ငံရေးစိတ်ဝင်စားသွားမှာကို စိုးရိမ်နေလား မသိဘူး။ထပ်တလဲလဲပြောတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေက နိုင်ငံရေးစိတ်မဝင်စားဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သိပ်ပြီးတော့ ဆင်းရဲဒုက္ခတွေများနေတဲ့ အခါကျတော့ စားဝတ်နေရေးပဲ စိတ်ဝင်စားတယ်တဲ့ ပြောကြပါတယ်။ ကျွန်မကလည်း ပြန်ပြီးမေးချင်တယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ ဒီလောက်တောင်မှ ဆင်းရဲဒုက္ခရောက်နေတာ  ဘာကြောင့်ရောက်သွားရတာလဲ။ ဘယ်သူတွေကြောင့် ရောက်သွားတာလဲဆိုပြီးတော့ အဲလို မေးခွန်းထုတ်ချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။    အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁ဝဝ)ပြည့် အခမ်းအနားသို့ ပျော်ဘွယ်မြို့၊ ရမည်းသင်း၊ မိတ္ထီလာ၊ အောင်ပန်းမြို့များမှ ပြည်သူလူထု ထောင်ချီတက်ရောက်ခဲ့သည်။             

Most Read

Most Recent