အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းကို ဆွေးနွေးပွဲရက်၌သာ ရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ချီတက်မည်

အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းကို ဆွေးနွေးပွဲရက်၌သာ ရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ချီတက်မည်
Published 30 January 2015
ဝေလင်း (ပြည်)

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့် အနေဖြင့် သပိတ်မှောက်လမ်းလျှောက် ချီတက်နေသည့် စစ်ကြောင်းကို ဆွေးနွေးပွဲရက်တွင်သာ ခေတ္တရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ဇန်နဝါရီ ၂၉ ရက် ညနေက ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိနေသည့် သပိတ်စစ်ကြောင်းသည် ညအိပ်ရပ်နားခဲ့ပြီး မြို့ခံလူထု၏ တောင်းဆိုမှုနှင့် ကျောင်းသားများ၏ ကျန်းမာရေး စစ်ဆေးနိုင်ရန်တွက် မြို့တွင် ၃၀ ရက်တစ်ရက် ထပ်မံရက်နားပြီး ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ထွက်ခွာရာတွင်လည်း ကနဦး ဆုံးဖြတ်ချက်များအတိုင်း ဆွေးနွေးပွဲရက်တွင်သာ ရပ်နားပြီး ရန်ကုန်မြို့သို့ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ဗ.က.သ များအဖွဲ့ချုပ် ကျောင်းသားကိုယ်စားလှယ်များက ဇန်နဝါရီ ၃၀ ရက်တွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။အဆိုပါ ကျောက်ပန်းတောင်းမြို့သို့ ဗ.က.သ များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုလည်း ရောက်ရှိနေပြီး ဆက်လက်ချီတက်နေမည့် သပိတ်စစ်ကြောင်းနှင့် ပတ်သက်ပြီး “ဆွေးနွေးပွဲမှာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ပေါ်မှာ အခြေခံပြီး အပြုသဘောဆောင် ဆွေးနွေးသွားမယ်။ ဆွေးနွေးပွဲ စတင်တဲ့ရက်မှာ သပိတ်ကို တစ်ရက်ရပ်နားထားမယ်။ အဲဒီအပေါ် သုံးသပ်ရရင် ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို သေချာပေါက် ရပါ့မယ်လို့ အာမခံချက် မရသေးဘူး။ ဆွေးနွေးပါမယ် ဆိုတာပဲ ပါသေးတယ်။ ဘယ်လောက်ကြာအောင် ဆွေးနွေးပါမယ်ဆိုတာ မပါသေးဘူး။ အဲဒီထဲမှာ ဥပဒေကို ဘယ်လိုပြန်လည်ပြင်ဆင် ရေးဆွဲမလဲ ဗ.က.သ ကလည်း ဘယ်လိုဝင်ရောက် အကြံပေးရမလဲဆိုတာ မပါသေးဘူး။ အဲဒီတော့ မပါသေးတဲ့ ကာလမှာ သပိတ်ကို ဒီနားမှာတော့ ရပ်ထားလို့ မဖြစ်ဘူး ရန်ကုန်မှာ ဆွေးနွေးပွဲတွေ ရှိနေမှာ ဖြစ်တဲ့အတွက် အဲဒီကိုရောက်အောင် ချီတက် တောင်းဆိုသွားမယ်။ ဆွေးနွေးတဲ့ရက်မှာ သပိတ်ကို ခေတ္တရပ်နားထားမယ်။ မဆွေးနွေးတဲ့ရက်မှာ သပိတ်ကို ရန်ကုန်သို့ ဆက်လက်ချီတက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒီနေ့အစည်းအဝေးမှာ ချခဲ့တယ်” ဟု ပြောကြားသည်။သပိတ်စစ်ကြောင်း၏ အစည်းဝေးကို ကျောက်ပန်းတောင်းမြို့၊ သုခဝတီ စာသင်တိုက်တွင် နံနက်ပိုင်းက ပြုလုပ်ခဲ့ကာ ဆွေးနွေးပွဲကို အသိအမှတ်ပြုကြောင်း ယင်းဆွေးနွေးပွဲကို ပိုမိုအားကောင်းလာစေရန်နှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ကျောင်းသားများ၏ လှုပ်ရှားမှုများ ဆက်ရှိနေမည်ဖြစ်ကြောင်း အကောင်းအဆိုး ရလဒ်များကိုလည်း လမ်းတစ်လျှောက်ရှိ ပြည်သူများကို ရှင်းပြသွားမည်ဖြစ်ကာ ဥပဒေအား လုံးဝကောင်းမွန် အဆင်ပြေ ချောမွေ့ ပြောင်းလဲနိုင်သည်အထိ ဆက်လက်ချီတက်ကာ လှုပ်ရှားမှုများ ပြုလုပ်နေမည်ဖြစ်ကြောင်း ကိုကျော်ကိုကိုက ပြောကြားသည်။“ကျောင်းသားတွေ တောင်းဆိုတဲ့ အချက်အလက် အများစု ရရှိလာပြီ ဆိုရင်တော့ ရန်ကုန်မှာ အောင်ပွဲခံပြီး မိမိတို့ကျောင်းတွေမှာ ပြန်တက်နိုင်မှာဖြစ်တယ်။ လောလောဆယ်မှာတော့ အာမခံ မရသေးတဲ့အတွက် ဆက်ပြီးလုပ်စရာရှိတွေတာတွေ ဆက်လုပ်သွားမယ်။ ဒါပေမဲ့ ဒီအစိုးရအနေနဲ့ ကျွန်တော်တို့ဘက်က ဆွေးနွေးပွဲကို ပျက်ပြားသွားအောင်လုပ်မှာ မဟုတ်ဘူးဆိုတာ အသိပေးချင်တယ် ပြည်သူတွေကိုလည်း ကျောင်းသားတွေ ဆက်လှုပ်ရှားနေတယ်ဆိုတာ အသိပေးချင်တယ်။ ပြည်သူလူထုထံမှ ပြည်သူလူထုထံသို့ဆိုတဲ့ နဂိုကတည်းက ချမှတ်ထားတဲ့အတိုင်း ပြည်သူ့ရင်ခွင်ထဲကို တိုးဝင်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ အေးအေးဆေးဆေးသွားနေတဲ့ ကျောင်းသားထုကို အကြမ်းဖက်တဲ့ အနေနဲ့ ဖြိုခွင်းလာမယ်ဆိုရင် ပြည်သူလူထုအားနဲ့ပဲ ဆက်ရင်ဆိုင်သွားမှာဖြစ်တယ်။ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းသွားမယ်။ ကြောက်လန့်နေမှာ မဟုတ်ဘူး။ လူထုနဲ့ ရင်ပေါင်တန်း ဖြတ်သန်းသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ကျောက်ပန်းတောင်းမြို့တွင်း လူထုနှင့် တွေ့ဆုံဟောပြောပွဲကို ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ချီတက်ရာတွင် ပါဝင်သည့် ကျောင်းသားငယ်များ၏ ကျန်းမာရေး အခြေအနေအရ မပြုလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဟောပြောပွဲ မလုပ်ဖြစ်သော်လည်း မူလအစီအစဉ်အတိုင်း ဇန်နဝါရီ ၃၁ ရက်တွင် သပိတ်စစ်ကြောင်းအား ကျောက်ပန်းတောင်းမြို့မှ တစ်ဆင့် ဆက်လက်ချီတက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent