ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပျက်ကွက်နေခြင်း၊ ဂျာနယ်လစ်များအပါအဝင် ငြိမ်းချမ်းစွာ ဝေဖန်ပြောဆိုသူများကို ဖမ်းဆီးခြင်းများက မြန်မာ့ပြုပြင်ပြောင်းလဲမှု နှေးကွေးကျဆင်းသွားခြင်းကို ပြဆိုနေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) ထောက်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပျက်ကွက်နေခြင်း၊ ဂျာနယ်လစ်များအပါအဝင် ငြိမ်းချမ်းစွာ ဝေဖန်ပြောဆိုသူများကို ဖမ်းဆီးခြင်းများက မြန်မာ့ပြုပြင်ပြောင်းလဲမှု နှေးကွေးကျဆင်းသွားခြင်းကို ပြဆိုနေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) ထောက်ပြ
Published 30 January 2015
နေထွန်းနိုင်

၂ဝ၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကို သုံးသပ်ပြီး ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) ၏ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများ နှေးကွေးကျဆင်းနေကြောင်း ဖော်ပြလိုက်သည်။
ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာများကို စာမျက်နှာ ခြောက်မျက်နှာဖြင့် ဖော်ပြထားပြီး ပြုပြင်ပြောင်းလဲမှု နှေးကွေးကျဆင်းစေခဲ့သည့် အကြောင်းအရာများအား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေအချို့သည် အခြေခံလွတ်လပ်ပိုင်ခွင့်နှင့် ဒီမိုကရက်ဖြစ်စဉ် တိုးတက်မှုများအပေါ် ဆန့်ကျင်သွေဖည်မှုများ ဖြစ်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
ထိုအချက်များထဲ၌ လူ့အခွင့်အရေး ကန့်သတ်မှုများ ဖြစ်နိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းရန်ဆက်ရှိနေခြင်း၊ ၂ဝ၁၅ ခုနှစ်ရွေး ကောက်ပွဲမတိုင်မီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပျက်ကွက်နေခြင်း၊ လယ်ယာမြေအရေး ဆန္ဒပြသူများနှင့် ဂျာနယ်လစ်များအပါအဝင် ငြိမ်းချမ်းစွာ ဝေဖန်ပြောဆိုသူများကို ဖမ်းဆီးနေခြင်းတို့ ပါဝင်ကြောင်း HRW က ထောက်ပြသည်။
၂ဝ၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့ခြင်းနှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို ပြင်ဆင်ရန် အာမခံချက် မရှိသေးခြင်းများက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး သန့်ရှင်းမျှတစွာ ပြုလုပ်ပေးမည်ဆိုသော အစိုးရ၏ အာမခံချက်အပေါ် မေးခွန်းထုတ်စရာရှိသည်ဟု HRW က သုံးသပ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၄၃၆ နှင့် လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်း အခြေအနေများကို ၎င်းတို့ကထောက်ပြပြီး ဖက်ဒရယ်ဆွေးနွေးမှုများအပေါ် အစိုးရက ခုခံကာကွယ်နေမှုများကိုလည်း ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်ပိုင်းက ကြည်ဖြူမှုမရှိသည့် အချက်များကိုလည်း HRW က ထောက်ပြခဲ့သည်။ တပ်မတော် ခေါင်းဆောင်များကလည်း လွှတ်တော်၌ ရှိနေသော ၎င်းတို့၏ပါဝင်မှု၊ အရေးကြီးသော ဝန်ကြီးဌာနများကို ထိန်းချုပ်ထားမှု၊ အရေးပေါ်အခြေအနေ၌ အာဏာယူထားမှုတို့ကို ဆက်လက်ထိန်းသိမ်း ထားလိုကြောင်း HRW က ဆိုသည်။
ယခုအစီရင်ခံစာကို ရေးသားနေသည့် အချိန်အထိ အနည်းဆုံးနိုင်ငံရေး အကျဉ်းသား ၂၇ ဦးမှာ အကျဉ်းထောင်များအတွင်း ရှိနေဆဲဖြစ်ပြီး လူ ၂ဝဝ ခန့်မှာလည်း ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အတွက် တရားစွဲဆိုခံထားရသည်ဟု ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူ ၃ဝဝဝ ကျော်ရှိခဲ့သည့် အထဲတွင် နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ တစ်ဒါဇင် (၁၂ ဦး) ကျော်သာ ပါဝင်ခဲ့သည်ဟု HRW က ပြောကြားသည်။
လယ်ယာမြေသိမ်းဆည်းခံရသူများနှင့် ဆန္ဒထုတ်ဖော်မှုများ၊ မြေပိုင်ဆိုင်ခွင့် ရှိပါ လျက် နှင်ထုတ်ခံရခြင်းများ၊ တပ်မတော်နှင့် လယ်သမားများအကြား မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ၂ဝ၁၄ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့ သည်များကိုလည်း HRW အစီရင်ခံစာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ပုဒ်မ ၁၈ ကို ဥပဒေ၌ ဆက်လက်ပြဋ္ဌာန်းခဲ့ခြင်းကိုလည်း ထောက်ပြခဲ့သည်။
လူ့အခွင့်အရေး တိုးတက်မှုဖြစ်စဉ်များအတွက် အဓိကကျသော ညွှန်းကိန်းဖြစ်သည့် မီဒီယာအပိုင်း ဆုတ်ယုတ်မှု အခြေအနေများကိုလည်း ၎င်းတို့က ထောက်ပြသည်။ 
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်သည် ရုတ်တရက်အကျဘက်သို့ ပြောင်းသွားပြီး မီဒီယာအပေါ် အစိုးရ၏ ခြိမ်းခြောက်မှုများ ပိုများလာသည်ဟု HRW က သုံးသပ်သည်။
ထိုအချက်များကိုပြောဆိုရာ၌ ရေးသားထုတ်ဝေမှုအချို့အတွက် ခြိမ်းခြောက်ခံရခြင်း၊ ဂျာနယ်လစ်များ၏ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းလျှော့ချခဲ့ခြင်း၊ ယူနတီသတင်းဂျာနယ် ဂျာနယ်လစ်များ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ခြင်း၊ ယူနတီဖြစ်စဉ်က မီဒီယာများအပေါ် ပြင်းထန်သော အရေးယူမှုများ ပြန်ဖြစ်လာနိုင်သည်ကို ဂျာနယ်လစ်များအား သတိပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ခြင်း၊ အလွတ်သတင်းထောက်ကို အောင်ကျော်နိုင် (ကိုပါကြီး) သေဆုံးခဲ့ခြင်း အစရှိသည်တို့ကို အခြေခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက ပြည်သူ့ဘဏ္ဍာငွေဖြင့် လုပ်ဆောင်မည့် မီဒီယာလုပ်ငန်းကြီးတစ်ခုကို ဖြစ်လာစေပြီး အစိုးရအာဘော်ကိုသာ ဖော်ဆောင်မည့်ပုံသဏ္ဌာန် ဖြစ်နေခြင်းကိုလည်း အချက်တစ်ချက်အနေဖြင့် ထောက်ပြခဲ့သည်။
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူနည်းစုပြဿနာများ ဆက်ရှိနေခြင်းကိုလည်း ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
တိုင်းရင်းသားအရေးနှင့် ပဋိပက္ခဖြစ်စဉ်များကို သုံးသပ်ရာ၌ ကချင်နှင့် ရှမ်းပြည်နယ်များအတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကို  ပြောဆိုခဲ့ပြီး ထူးမခြားနားဖြစ်နေသော စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများကိုလည်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအရှေ့ပိုင်းတွင် စစ်ပြေးဒုက္ခသည် ၃၅ဝဝဝဝ ကျော်ရှိနေပြီး ထိုအရေအတွက်ထဲမှ ၁၁ဝဝဝဝ ကျော်မှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။
စစ်ပြေးဒုက္ခသည်များအနက် နေရပ်ပြန်သူများမှာလည်း မလုံခြုံမှု၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ မြေမြှုပ်မိုင်းပြဿနာများနှင့် အခြေခံအဆောက်အအုံ မရှိမှုတို့ကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဥရောပသမဂ္ဂ (EU)၊ ဩစတြေးလျ၊ ဗြိတိန်နှင့် ဂျပန်တို့က ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးခဲ့သည့်နည်းတူ ကမ္ဘာ့ဘဏ်နှင့် ADB ဘဏ်တို့ကလည်း ထောက်ပံ့ငွေများ တိုးမြှင့်ပေးခဲ့ကြောင်း HRW က ဆိုသည်။ သို့သော် မြန်မာ့ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ် ရောက်စေရန် အဆိုပါ အလှူရှင်နိုင်ငံများက ဖိအားပေးနိုင်ခြင်းမရှိကြောင်း သုံးသပ်သည်။
တပ်မတော်အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ကလေးစစ်သားများ ပြန်လည်အပ်နှံခြင်းကို လေးကြိမ်ပြုလုပ်ခဲ့ပြီး ၃၇၈ ဦးရှိခဲ့ကြောင်း ၎င်းတို့က ဖော်ပြသည်။ သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း၌ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ပိုမိုဖြစ်ပွားနေပြီး ကလေးစစ်သား စုဆောင်းမှုနှင့် အသုံးပြုမှုများလည်း ရှိနေဆဲဖြစ်သည်ဟု HRW က ဆိုသည်။
နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာသည် ဇန်နဝါရီ ၂၈ ရက်က Freedom House  အစီရင်ခံစာထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ထွက်ရှိလာခြင်း ဖြစ်သည်။
၂ဝ၁၄ ခုနှစ် အခြေအနေများကို အခြေပြုပြီး ထုတ်ပြန်ခဲ့သော Freedom House ၏ ၂ဝ၁၅ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း သွေဖည်နေပြီး လွတ်လပ်မှုညွှန်းကိန်း ကျဆင်းနေကြောင်း ဖော်ပြခဲ့သည်။