ဒေါ်အောင်ဆန်းစုကြည် ပျော်ဘွယ်မြို့၌ လူထုဟောပြောပွဲ ယနေ့ ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည် ပျော်ဘွယ်မြို့၌ လူထုဟောပြောပွဲ ယနေ့ ပြုလုပ်မည်
Published 30 January 2015

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၃၁ ရက် (ယနေ့)တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့၌ လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် လူထုတွေ့ဆုံပွဲကို ပျော်ဘွယ်မြို့ ရွှေပြည်သာဘုရားကွင်း၌ နံနက် ၉ နာရီတွင် စတင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးချိုက ပြောကြားသည်။“အန်ကယ်တို့ကတော့ ကိုယ့်ခေါင်းဆောင် လာတာပဲလေ ပျော်တာပေါ့။ နောက်ပြီးတော့ အန်ကယ်တို့ရဲ့ စည်းရုံးလှုပ်ရှားမှုအားလည်း တက်သွားတာပေါ့နော်” ဟု ဦးအေးချိုက ပြောကြားသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပျော်ဘွယ်မြို့ မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်းများလည်း ပြုလုပ်မည်ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြိုပွဲများ ကျင်းပနေမှုမှာ အထစ်အငေါ့များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန၏ ပုံမှန်မေးမြန်းခန်းဖြစ်သော ‘ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်တွင် ဇန်နဝါရီ ၂၈ ရက်က ပြောကြားထားသည်။“အောင်မြင်တယ်ဆိုပေမယ့် အထစ်အငေါ့တွေ ရှိပါတယ်။ တော်တော်များများမှာ ဆိုလို့ရှိရင် ဒီအခမ်းအနားတွေ ကျင်းပဖို့ နေရာရဖို့ကိုပဲ တော်တော် ရုန်းကန်နေရတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လိုလိုချင်ချင်နဲ့ မပေးတဲ့ အခြေအနေကလည်း တော်တော်တော့ များလာပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့်နှစ်တွင် ဗိုလ်ချုပ်ရာပြည့် အခမ်းအနားများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ ကျင်းပလျက်ရှိပြီး ပဲခူးမြို့၊ ရမည်းသင်းမြို့၊ ပျဉ်းမနားမြို့များတွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားများသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟောပြောခဲ့သည်။

Most Read

Most Recent