ဘာသာမတူသူများနှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား သဘောထားကွဲလွဲစေနိုင်သည့် မျိုးစောင့်ဥပဒေကြမ်းလေးခုကို ပြဋ္ဌာန်းခြင်းမပြုရန် အရပ်ဘက်အဖွဲ့အစည်းများအကြံပြု

ဘာသာမတူသူများနှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား သဘောထားကွဲလွဲစေနိုင်သည့် မျိုးစောင့်ဥပဒေကြမ်းလေးခုကို ပြဋ္ဌာန်းခြင်းမပြုရန် အရပ်ဘက်အဖွဲ့အစည်းများအကြံပြု
Published 29 January 2015

နိုင်ငံတွင်းဘာသာမတူသူများနှင့် တိုင်းရင်းသားမျိုးနွယ်စုများကြား သဘောထားကွဲလွဲစေနိုင်သည့် မျိုးစောင့်ဥပဒေကြမ်းလေးခုကို လွှတ်တော်ကပြဋ္ဌာန်းခြင်းမပြုရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၁၈၀ က ဇန်နဝါရီ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။    မျိုးစောင့်ဥပဒေကြမ်းများအဖြစ်သတ်မှတ်ထားသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးရေးဆိုင်ရာဥပဒေကြမ်းများသည် အမှန်တကယ်လိုအပ်မှု ရှိ၊ မရှိ၊ အသုံးချနိုင်မှု ရှိ၊ မရှိနှင့် ဥပဒေများ၏ကောင်းကျိုး၊ ဆိုးကျိုးတို့အပေါ် သုံးသပ်ချက်များကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။    ထို့အပြင် တစ်လင်တစ်မယားစနစ်ကျင့်သုံးရေးဆိုင်ရာဥပဒေကြမ်းသည် ရည်ရွယ်ချက်အရကောင်းသော်လည်း လက်တွေ့ကျနိုင်၊ မကျနိုင်ကို ပြန်လည်သုံးသပ်သင့်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။    ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းအရ ဘာသာကူးပြောင်းလိုသူများအနေဖြင့် သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့ရုံးများသို့ လျှောက်ထားကူးပြောင်းရခြင်းနှင့် အဆိုပါအဖွဲ့ရုံးများတွင် ဘာသာကူးပြောင်းလိုသည့်အကြောင်းအရင်းအား တွေ့ဆုံဖြေကြားရမည့်အချက်များမှာ လွတ်လပ်စွာဘာသာကူးပြောင်းခွင့်နှင့် လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသော်လည်းကောင်း၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။    "ဥပဒေထုတ်စရာမလိုဘဲနဲ့ တခြားနည်းနဲ့လုပ်ဆောင်လို့ရတဲ့ နေရာမျိုးတွေရှိတယ်။ ဒါတစ်ဦးချင်းနဲ့ပဲသက်ဆိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။  ဒါတွေကို ဥပဒေနဲ့မထားဘဲနဲ့ သူ့ရဲ့ဆန္ဒအပါအဝင် သူ့ရဲ့လွတ်လပ်ခွင့်ကိုလည်း မထိခိုက်စေဘဲနဲ့ အသိတရားရှိရှိနဲ့လုပ်တာ ပိုသင့်တော်ပါလိမ့်မယ်" ဟု ကြေညာချက်ထုတ်ပြန်ရာတွင်ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် Equality Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။         မျိုးစောင့်ဥပဒေကြမ်းလေးခုသည် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးများကို ချိုးဖောက်နေသည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ဆန့်ကျင်နေကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။    ထိုသို့သောအချက်များကို ဥပဒေသတ်မှတ်ချက်အရ စိစစ်ပြီးမှသာ ခွင့်ပြုခြင်းသည် ဒီမိုကရေစီစနစ်နှင့် လျော်ညီခြင်း ရှိ၊ မရှိ သုံးသပ်စေလိုကြောင်း အရပ်ဘက်အဖွဲ့အစည်းများကဆိုသည်။      အဆိုပါကြေညာချက်ကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်ရေးရာကော်မတီအသီးသီးသို့ ပေးပို့ထားကြောင်းသိရသည်။

Most Read

Most Recent