မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသွေဖည်နေပြီး လွတ်လပ်မှုညွှန်းကိန်းကျဆင်းနေကြောင်း ၂၀၁၅ ခုနှစ်အတွက်ထုတ်ပြန်သည့် Freedom House အစီရင်ခံစာ၌ဖော်ပြ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသွေဖည်နေပြီး လွတ်လပ်မှုညွှန်းကိန်းကျဆင်းနေကြောင်း ၂၀၁၅ ခုနှစ်အတွက်ထုတ်ပြန်သည့် Freedom House အစီရင်ခံစာ၌ဖော်ပြ
Published 29 January 2015
နေထွန်းနိုင်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသွေဖည်နေပြီး လွတ်လပ်မှုညွှန်းကိန်းကျဆင်းနေကြောင်း ဇန်နဝါရီ ၂၈ ရက် နေ့စွဲဖြင့် ၂၀၁၅ ခုနှစ်အတွက်ထုတ်ပြန်လိုက်သော  Freedom House အစီရင်ခံစာ၌ဖော်ပြလိုက်ပါသည်။    မြန်မာနိုင်ငံနှင့်ပတ်သက်သော ညွှန်းကိန်းကိုပြောဆိုရာတွင် ဂျာနယ်လစ်များဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ထောင်ချခံရမှုကို အစီရင်ခံစာ၌ အဓိကထောက်ပြခဲ့ပြီး အဆိုပါကိစ္စရပ်နှင့်စပ်ဆက်၍ မြန်မာနိုင်ငံမှ နိုင်ငံသားလွတ်လပ်ခွင့်ညွှန်းကိန်းသည် အဆင့် ၅ မှ အဆင့် ၆ သို့ကျဆင်းသွားခဲ့ကြောင်း သိရသည်။    အာရှ-ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး နိဒါန်းဖွင့်ဆိုသော အစီရင်ခံစာသုံးသပ်ချက်၌ စာပိုဒ်နှစ်ပိုဒ်ပါဝင်သည့်အနက် စာပိုဒ်တစ်ပိုဒ်မှာ မြန်မာနိုင်ငံအကြောင်းကိုရေးသားခဲ့သည်။ အဆိုပါစာပိုဒ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းမှသွေဖယ်လာနေကြောင်း၊ ဂျာနယ်လစ်များနှင့် ဆန္ဒထုတ်ဖော်သူများသည် အကျပ်အတည်းနှင့်ရင်ဆိုင်နေရကြောင်း၊ လူနည်းစုများ ခွဲခြားဆက်ဆံခံရမှု ဆက်ရှိနေကြောင်းနှင့် အမျိုးစောင့်ဥပဒေများပြဋ္ဌာန်းရန် ကြိုးပမ်းနေမှုများအစရှိသည်တို့ကိုဖော်ပြခဲ့သည်။    အာရှ-ပစိဖိတ်ဒေသတွင်း အိန္ဒိယ၊ ဂျပန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ၂၀၁၄ ခုနှစ်အတွင်း ရွေးကောက်ပွဲများပြုလုပ်ခဲ့ပြီး  အဆိုပါရွေးကောက်ပွဲများ လွတ်လပ်မျှတ သန့်ရှင်းမှုရှိခဲ့ခြင်းက အပြုသဘောဆောင်သော တိုးတက်မှုအဖြစ်သုံးသပ်ခဲ့သည်။    သို့သော် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော စစ်အာဏာသိမ်းမှုမှာမူ ဒေသတွင်း အပြုသဘောဆောင်သောတိုးတက်မှုကို ဆန့်ကျင်စေသောဖြစ်ရပ်တစ်ခုအနေဖြင့် Freedom House ကသုံးသပ်သည်။  ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို ဒေသ ၁၅ ခုခွဲ၍ သုံးသပ်အစီရင်ခံခဲ့သော Freedom House အစီရင်ခံစာတွင် နိုင်ငံတစ်ခုချင်းစီအတွက် လွတ်လပ်မှုညွှန်းကိန်းကို အဆင့် ၁ မှ အဆင့် ၇ အထိသတ်မှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံက အောက်ဆုံးအဆင့်မရောက်မီ တစ်ဆင့်အလို အဆင့် ၆ တွင်ရပ်တည်နေခဲ့ခြင်းဖြစ်သည်။    Freedom House အစီရင်ခံစာအရ အာဆီယံဒေသတွင်းနိုင်ငံများအနက် မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့က လွတ်လပ်မှုညွှန်းကိန်း အဆင့် ၆ တွင်ရှိနေသည်။ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှာမူ အဆိုးဆုံးအနေဖြင့် အဆင့် ၇ နေရာတွင်ရှိခဲ့သည်။ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှာ အဆင့် ၄ နေရာတွင်ရှိပြီး ဖိလစ်ပိုင်နိုင်ငံက အဆင့် ၃ ၌ရပ်တည်ခဲ့ပါသည်။ အာဆီယံနိုင်ငံများအတွင်း လွတ်လပ်မှုစံနှုန်းအမြင့်ဆုံးနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး  အဆင့် ၂ နေရာတွင်ရှိပါသည်။    ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံရခြင်းနှင့် အကျပ်အတည်းအတွင်းရောက်ရှိနေခြင်းသည် နိုင်ငံတကာကသတ်မှတ်သော တိုးတက်မှုစံနှုန်းများအတွက် အဓိကကျသောအချက်ဖြစ်နေသည်။    ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းကထုတ်ပြန်ခဲ့သော နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတိုးတက်မှုကိုဖော်ပြခဲ့သော်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပါအဝင် သတင်းလွတ်လပ်ခွင့် မည်မျှရှိမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဟု ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကပင်ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံကို ဂျာနယ်လစ်များအားဖမ်းဆီးထောင်ချသည့် အဆိုးဝါးဆုံး ၁၀ နိုင်ငံစာရင်း၌ထည့်သွင်းခဲ့ပြီး အဆိုးဝါးဆုံး နံပါတ် ၈ နေရာတွင်သတ်မှတ်ခဲ့သည်။    Transparency International အဖွဲ့က ၂၀၁၄ ခုနှစ် ဒီဇင်ဘာပထမပတ်ကထုတ်ပြန်သော အစီရင်ခံစာ၌မူ အာဆီယံနိုင်ငံများအတွင်း ခြစားမှုအဆိုးဆုံးနိုင်ငံအဖြစ်ဖော်ပြခဲ့သည်။ ထိုအချိန်မတိုင်မီကထွက်ရှိခဲ့သော Forbes မဂ္ဂဇင်း၏ညွှန်းကိန်း၌လည်း  စီးပွားရေးလုပ်ကိုင်ရန် အဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကိုထည့်သွင်းခဲ့ပြီး  Economic Freedom ညွှန်းကိန်းတွင်လည်း  မြန်မာနိုင်ငံက နိုင်ငံ ၁၆၅ နိုင်ငံတွင် အဆင့် ၁၆၂ နေရာဖြင့် အနိမ့်ဆုံးတွင်ရှိနေခဲ့သည်။

Most Read

Most Recent