လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေးတည်ဆောက်ရန် အလားအလာကောင်း ဖြစ်လာနိုင်ဟု NCCT အဖွဲ့ဝင် ပြောကြား

လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေးတည်ဆောက်ရန် အလားအလာကောင်း ဖြစ်လာနိုင်ဟု NCCT အဖွဲ့ဝင် ပြောကြား
Published 1 January 2015
အောင်ဇော်ထွန်း

လာမည့် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဗိုလ်ရှုသဘင် အခမ်းအနားကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားပြီးပါက နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အစီအစဉ်ရှိရာ ယင်းသို့တွေ့ဆုံမှုသည် နိုင်ငံရေးအရအရေးပါပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် အလားအလာကောင်း ဖြစ်လာနိုင်သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “လွတ်လပ်ရေးနေ့ အခမ်းအနားက ဒီလောက် အရေးမကြီးဘူး။ အခမ်းအနားပြီးရင် သမ္မတနဲ့တွေ့ရမယ်။ ကာချုပ်နဲ့တွေ့ရမယ်။ အဲဒါကပိုပြီး တော့ နိုင်ငံရေးအရ အရေးကြီးသလားလို့။ အဲဒါကြောင့် ကျွန်တော်တို့ထဲမှာတော့ ညှိနေတုန်းပဲ။  သွားတဲ့နေရာမှာ နိုင်ငံရေးအရ အရေးပါတဲ့ခရီးဖြစ်အောင် လုပ်ရမှာပေါ့။ အဲဒါကြောင့် ညှိနှိုင်းနေတုန်းပါပဲ” ဟု ပြောကြားသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက “နိုင်ငံရေးအရ  လူကြီးတွေနဲ့တွေ့ရင် ကတိကဝတ်တွေ ခိုင်ခိုင်မာမာရနိုင်တယ်။ အဲဒီလိုတော့ မျှော်မှန်းထားပါတယ်။ တိုင်းပြည်အတွက်ကတော့ အနည်းဆုံးတော့ ပြည်တွင်းစစ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ အလားအလာကောင်း ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ ပြည်ထောင်စု အကြီးအကဲတွေနဲ့ တွေ့တဲ့အခါကျတော့ စကားတစ်လုံးဟာ အာမခံချက် ဖြစ်တာပေါ့။ ရေဒီယိုမှာသတင်းထဲမှာ ပြောနေတာထက်စာရင် သူတို့ကိုယ်တိုင်တွေ့ပြီးတော့ လူကြီးတွေရဲ့ သဘောထား အခိုင်အမာရတယ်ဆိုရင် ဒါအင်မတန်ကောင်းတယ်။ ကျွန်တော်တို့ ၂ဝ၁၅ မှာ တိုင်းပြည်ရှေ့ရေးဟာ အင်မတန် တောက်ပြောင်လာမယ့် သဘောရှိတာပေါ့။ အဲဒီလို မျှော်လင့်ချက်ရှိတာပေါ့” ဟု ပြောကြားသည်။
ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန်အတွက် မူလကအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကိုသာ ဖိတ်ကြားထားခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အပစ်ရပ်စဲရေး မလုပ်ဆောင်ရသေးသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ကိုပါ ဗိုလ်ရှု သဘင်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်ကြားတာတော့ အားလုံးကို ဖိတ်တယ်။ ၁၆ ဖွဲ့ ဖိတ်တယ်လို့ ကျွန်တော်ကြားတာတော့ ကောင်းတဲ့လက္ခဏာပဲ။ ကျောသားရင်သား မခွဲခြားဘဲ ကေအိုင်အိုရော ပြီးတော့ ပလောင်အဖွဲ့ကိုရော ဖိတ်တယ်လို့ ကြားတော့ ဒါကတော့ အင်မတန်ကောင်းတဲ့ လက္ခဏာပဲ။ သဘောထားကြီးရာကို ပြတယ်လို့တော့ ယူဆတယ်။ အားလုံးကိုဖိတ်တယ်။ ဘယ်သူမှ မကျန်စေဘဲနဲ့ ဖိတ်တယ်လို့ကြားရတော့ ဝမ်းသာစရာပဲ။ အဲဒီလိုဖိတ်တယ် ဆိုရင်တော့ သွားဖြစ်ဖို့ ပိုများသွားတာပေါ့။ ချန်ထားတယ် ဆိုရင်တော့ ကျွန်တော်တို့ကို သွေးခွဲတာများလားဆိုပြီး စဉ်းစားစရာ ရှိတာပေါ့။ အခုဟာ မချန်ထားဘူး။ အားလုံးကို ဖိတ်တယ်ဆိုတဲ့ အခါကျတော့ ဒါသင့်တော်တဲ့ကိစ္စပါပဲ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
Myanmar Peace Center မှ ဦးအောင်နိုင်ဦးကလည်း “၁၆ ဖွဲ့လုံးကို ဖိတ်ထားတာပါ။ ကေအိုင်အိုနဲ့ ပလောင်တို့ကိုရော ဖိတ်ထားတယ်လို့ သိထားပါတယ်” ဟု ပြောကြားသည်။
ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး TNLA ဒုတိယဥက္ကဋ္ဌ တားဂျုတ်ဂျားက TNLA အား ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန်အတွက် ဖိတ်ကြားသည်ဟု ကြားသိရသော်လည်း တရားဝင် ဖိတ်ကြားစာ မရောက်ရှိသေးဟု ဇန်နဝါ ရီ ၁ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏  ကိုယ်စားလှယ်များက ပြီးခဲ့သည့် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားထားပြီး ယခုဇန်နဝါရီလ လယ်ပိုင်းတွင် အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရန် သဘောတူညီထားသည်။
 

Most Read

Most Recent