ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အမြောက်အမြားကို တစ်ပြိုင်နက်ဆောင်ရွက်ရ၍ ပြည်သူများ မျှော်လင့်သလောက် မဆောင်ရွက်နိုင်ခဲ့ကြောင်း သမ္မတဦးသိန်းစိန် ဝန်ခံ

ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အမြောက်အမြားကို တစ်ပြိုင်နက်ဆောင်ရွက်ရ၍ ပြည်သူများ မျှော်လင့်သလောက် မဆောင်ရွက်နိုင်ခဲ့ကြောင်း သမ္မတဦးသိန်းစိန် ဝန်ခံ
Published 1 January 2015
ကျော်ဇင်ဝင်း

ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အမြောက်အမြားကို တစ်ပြိုင်နက်ဆောင်ရွက်ရသည့်အတွက် ပြည်သူများ မျှော်လင့်သလောက် မဆောင်ရွက်နိုင်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြည်သူသို့ ၂ဝ၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံ တင်ပြချက်တွင် ဝန်ခံပြောကြားသည်။
မြန်မာ့လူ့အဖွဲ့အစည်း အနေဖြင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီထွန်းကားသည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ရန်အတွက် နိုင်ငံသားများအကြား လေးစားမှု၊ သဟဇာတဖြစ်မှုနှင့် အချင်းချင်းရိုင်းပင်းမှုများ လိုအပ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်အတွင်း မတူကွဲပြားသော ဘာသာဝင်များအကြား သဟဇာတရှိရေး၊ လူသားအချင်းချင်း အမုန်းပွားစေမည့် ဖန်တီးမှုများ မပေါ်ပေါက်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက် ပြီး ချစ်ကြည်ရင်းနှီးစေရန်အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် တိုက်တွန်းအားပေးခဲ့ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင်ကာလရှည်ကြာ အဘက်ဘက်က နောက်ကျခဲ့သည့် မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေးလုပ်ငန်း စဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အခက်အခဲများနှင့် ပြည့်နှက်နေသည့် စိန်ခေါ်မှုများ ကျော်လွှားရမည် ဖြစ်သော်လည်း အောင်မြင်အောင်ကျော်လွှား မည်ဆိုပါက မိမိတို့နိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ထိုက်တန်သည့်ဆုလာဘ်များနှင့် ရလဒ်များရရှိနိုင်မည့် အခွင့်အလမ်းများ ပွင့်လန်းနေကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရည်မှန်းတဲ့ ပန်းတိုင်ကိုရောက်ဖို့ များစွာလိုအပ်နေပါသေးတယ်။ များပြားလှတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အမြောက်အမြားကို တစ်ပြိုင်နက်ဆောင်ရွက်ရတဲ့အခါမှာ အများပြည်သူ မျှော်လင့်သလောက် မဆောင်ရွက်နိုင်တာတွေလည်း ရှိခဲ့ပါတယ်။ ပြည်သူအများစုရဲ့ဆန္ဒများစွာနဲ့ လိုလားချက်တွေ ပိုမိုပြည့်မီဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ပြည်သူများရဲ့ဝေဖန်အကြံပြုချက်များကို အလေးထားထည့်သွင်း စဉ်းစားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။
ထို့အတူ နိုင်ငံသားတစ်ဦးချင်းစီနှင့် မိမိတို့လူ့အဖွဲ့အစည်း တစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ မကြာမီစတင် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပပြီး မျှတသည့်အပေးအယူ ပြုလုပ်နိုင်ခြင်းကြောင့် နိုင်ငံရေးရွေးချယ်မှုများအရ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ်ကို အစပြုပုံဖော်နိုင်မှာဖြစ်ကြောင်း သမ္မတက ဆိုသည်။
လက်တွေ့ကျသည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပြုလုပ်နိုင်ခြင်းတို့ကြောင့် ရွေးကောက်ပွဲရလဒ်များအရ ပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်တွင် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာသည့် အာမခံချက်များ ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ကြီးမားသည့် ဆုလာဘ်များရရှိရန် နိုင်ငံရေးအင်အားစု အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းနည်းလမ်းကို အသုံးပြု၍ အခက်အခဲများကို ကျော်လွှားရမည်ဖြစ်ကြောင်းနှင့် အောင်မြင်မှုများ ရရှိဖို့အတွက်လည်း ပြည်သူလူထု၏ စစ်မှန်သည့်ဆန္ဒများကို အခြေခံသည့် လူများစုကို လွှမ်းခြုံကိုယ်စားပြုသော ညှိနှိုင်းအဖြေရှာမှု များကသာလျှင် အကောင်းဆုံးနည်းလမ်းအဖြစ် ယုံကြည်ကြောင်း သမ္မတက ပြောကြားသည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အောင်မြင်မှုများနှင့်ပတ်သက်၍ မည်သည့် အကြောင်းအရာ အောင်မြင်သည် ဆိုသည်မှာ ပြောစရာမရှိကြောင်း အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃ဝ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။  
 

Most Read

Most Recent