စီစဉ်ထားသည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

စီစဉ်ထားသည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 30 December 2014
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

စီစဉ်ထားသည့်အတိုင်း ၂ဝ၁၅ ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒီဇင်ဘာ ၃ဝ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတ ပွင့်လင်းမြင်သာစွာဖြင့် စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ရန် အားလုံးအတူလက်တွဲ ဆောင်ရွက်ရမည်ဟု ထင်ပါကြောင်း ဖြေကြားသည်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ပြုလုပ်ပေးမည်ဟု ပြောကြားထားသည်။ထို့ပြင် ၂ဝ၁၅ ခုနှစ် ရွေးကောာက်ပွဲ ကျင်းပမည့်အချိန်ကိုလည်း ၂ဝ၁၅ ခုနှစ် ဩဂုတ်လမတိုင်မီ ထုတ်ပြန်မည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။ဦးတင်အေးက “၂ဝ၁၅ ရွေးကောက်ပွဲက ကျင်းကို ကျင်းပမှာပါ။ ရွှေ့ဖို့ဆိုင်းဖို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတာ့ လွှတ်တော်သက်တမ်းက ငါးနှစ်ပဲ ရှိပါတယ်။ အဲဒီတော့ ၂ဝ၁၁ ဇန်နဝါရီ ၃၁ ရက်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းသည် ၂ဝ၁၆ ဇန်နဝါရီ ၃ဝ ရက်မှာ ကုန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်တမ်းကုန်သော လွှတ်တော်ကြီး မဖြစ်စေရပါဘူး။ ဒီလိုမဖြစ်အောင် ကျွန်တော်တို့က ၂ဝ၁၆ ဇန်နဝါရီ ၃ဝ မတိုင်မီ ရက်ပေါင်း ၉ဝ အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ သတ်မှတ်ထားတဲ့ အတွက်ကြောင့် အောက်တိုဘာလ နောက်ဆုံးအပတ်နဲ့ နိုဝင်ဘာလ ပထမအပတ်မှာ ကျင်းပပေးဖို့ လျာထားပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ သုံးလအလိုမှာပဲ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာကို ထုတ်ပြန်ကြေညာလေ့ ရှိပါတယ်။ ကျွန်တော်လက်ထက်ကတော့ စောကောင်းလည်း စောပြီး ကြေညာပါမယ်။ ဘာကြောင့်လဲ Candidate အချိန်ကြောင့်ပါ။ ကပ်မသွားဖို့ အတွက်ပါ။ သူတို့က တစ်လအတွင်း ရွေးရတာကို။ သူတို့ အချင်းချင်း ရွေးနိုင်အောင် အချိန်လေးကြိုပြီး ရွေးပေးမယ်။ ရွေးပြီး မှတ်ပုံတင်မယ်။ မှတ်ပုံတင်ဖို့ စိစစ်မယ်။ စိစစ်ပြီးရင် Election Campaign ဆိုပြီး ရက်ပေါင်း ၆ဝ ပေးမယ်။ အဲဒီမှာ Campaign လုပ်ကြမယ်။ ပြီးရင် ရွေးကောက်ပွဲ လုပ်မယ်” ဟု ပြောကြားသည်။ထို့ပြင် ရွေးကောက်ပွဲရက်ကို ၂ဝ၁၅ ခုနှစ်၊ ဩဂုတ်လမတိုင်မီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲစာရင်းများ ကြိုကောက်နေကြောင်း၊ မဲစာရင်းများကို ကွန်ပျူတာစနစ်ဖြင့် ကြည့်ရှုနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်မှ ကြည့်ရှုနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးတင်အေးက ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းကို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာပြီးမှသာ ထုတ်ပြန်မည်ဟု ပြောကြားထားသည်။၂ဝ၁၅ ရွေးကောက်ပွဲကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ NLD ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent