ရန်ကုန်တိုင်းလွှတ်တော် သက်တမ်း လေးနှစ်အတွင်း ၇၆ ရက်သာ ကျင်းပပြီး ချီးမြှင့်ငွေ တစ်လ ကျပ်နှစ်သိန်း ထုတ်ယူနေရခြင်းကို ရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယကအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တင်ပြ

ရန်ကုန်တိုင်းလွှတ်တော် သက်တမ်း လေးနှစ်အတွင်း ၇၆ ရက်သာ ကျင်းပပြီး ချီးမြှင့်ငွေ တစ်လ ကျပ်နှစ်သိန်း ထုတ်ယူနေရခြင်းကို ရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယကအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တင်ပြ
Published 30 December 2014
ကျော်ဇင်ဝင်း

လွှတ်တော်သက်တမ်းကာလ လေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အား ၇၆ ရက်သာ ကျင်းပခဲ့ပြီး ချီးမြှင့်ငွေ တစ်လနှစ်သိန်းကျပ် ထုတ်ယူနေရခြင်းကို ရှက်မိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၃ဝ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်ပြခဲ့ခြင်း ဖြစ်သည်။“ကျွန်မတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အဓိကကျတဲ့ လုပ်ဆောင်ချက်က အစိုးရကို Check & Balance လုပ်ဖို့ပါပဲ။ အဲဒီတော့ အစိုးရကို Check & Balance လုပ်ဖို့ဆိုရင် အဲဒီအစိုးရကို Check & Balance လုပ်ခြင်းအားဖြင့် ကျွန်မတို့က ဘာရမလဲ။ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေ အမြန်ဆုံး ခံစားရမှာ ဖြစ်ပါတယ်။ ဒီ ကျွန်မတို့နိုင်ငံရဲ့ ပြဿနာက ထိပ်ပိုင်းမှာတော့ ပြောင်းလဲမှုတွေ ရှိပါတယ်။ မှန်ပါတယ်။ သို့သော် အဲဒီပြောင်းလဲမှုတွေ ကျွန်မတို့ရဲ့ အခြေခံကျတဲ့ ပြည်သူလူထုက ယနေ့အထိ မခံစားရသေးပါဘူး။ ဒါဘာကြောင့်လဲလို့ သုံးသပ်တဲ့အခါ ကျွန်မ တရားခံကို သွားတွေ့ပါတယ်။ အဲဒီ တရားခံ ဘာလဲဆိုတော့ ကျွန်မတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ကောင်းကောင်း အလုပ်မလုပ်ခြင်းပါပဲ။ အဲဒီတော့ အဲဒီလိုပြောရတဲ့ စကားကိုလည်း ဝမ်းနည်းပါတယ်” ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောကြားသည်။ထို့သို့ အလုပ်မလုပ်နိုင်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပနိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် တာဝန်ကျေပြီဟု လွှတ်တော်များက ယူဆထားကြကြောင်း၊ ဥပမာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သည် ၂ဝ၁၁ ခုနှစ်၌ ၁၄ ရက်၊ ၂ဝ၁၂ ခုနှစ်၌ ၁၄ ရက်၊ ၂ဝ၁၃ ခုနှစ်၌ ၂၃ ရက်၊ ၂ဝ၁၄ ခုနှစ်၌ ၂၅ ရက် စုစုပေါင်း လေးနှစ် လွှတ်တော်သက်တမ်းအတွင်း ၇၆ ရက်သာရှိကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြပြောကြားသည်။“၇၆ ရက် လွှတ်တော်ကိုကျင်းပပြီး တစ်လနှစ်သိန်း ထုတ်ရတဲ့ ရှက်ရတဲ့ဘဝကို အင်မတန် မကျေနပ်ပါဘူး။ မကြိုက်ပါဘူး။ အဲဒီလိုပဲ ပြည်သူတွေလည်း ကျွန်မနဲ့ တစ်သားတည်းဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့သည် လေးနှစ်သက်တမ်းတွင်းမှာ အစိုးရကို တရားဝင် Check & Balance လုပ်ခွင့် ၇၆ ကြိမ်ပဲ ရထားပါတယ် ဥက္ကဋ္ဌကြီး” ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောကြားသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် သက်ဆိုင်သဖြင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအား ရှင်းလင်းပြောကြားခိုင်းခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်နေခြင်း၊ တိုင်းဒေသကြီးလွှတ်တော် အနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် မတူဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များဖြစ်၍ ၎င်းတို့၏ပုံမှန် လုပ်ငန်းဆောင်တာများကိုလည်း ထည့်သွင်းစဉ်းစား၍ လွှတ်တော်ကျင်းပရခြင်း ဖြစ်ကြောင်းသာ ရှင်းလင်းပြောကြားခဲ့သည်။

Most Read

Most Recent