တိုင်းရင်းသားလူမျိုးများရေးရာ ပြည်‌ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် နှလုံးရောဂါဖြင့် ကွယ်လွန်

တိုင်းရင်းသားလူမျိုးများရေးရာ ပြည်‌ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် နှလုံးရောဂါဖြင့် ကွယ်လွန်
Published 21 September 2023

ယခင်အစိုးရလက်ထက်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ခဲ့သူ  နိုင်သက်လွင်မှာ ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) ည ၇ နာရီအချိန်က ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိကြောင်း သိရသည်။

“ဆရာနိုင်သက်လွင်က စက်တင်ဘာ ၂၀ ရက်မှ အသက် ၈၃ နှစ်ပြည့်တယ်။ အဲ့ဒီနေ့မှာဘဲ ကွယ်လွန်အနိစ္စရောက်သွားတာပါ” ဟု နိုင်သက်လွင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

နိုင်သက်လွင်၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား မော်လမြိုင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး စက်တင်ဘာ ၂၂ ရက်တွင် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ မြန်မာသုဿာန်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်သက်လွင်သည် ကျိုက်မရောမြို့နယ် ခရုံဂူအနီးရှိ လက်ပံရွာ၌ ၁၉၄၀ ခုနှစ်တွင် စက်တင်ဘာ ၂၀ ရက်တွင် အဖဦးလုံးတင်၊ အမိ ဒေါ်ကရွဒ်တို့မှ ဖွားမြင်ခဲ့သည့် မွေးချင်း ရှစ်ဦးအနက် သတ္တမမြောက်သားဖြစ်ကြောင်း သိရသည်။

မော်လမြိုင် ကောလိပ်၌ ပညာသင်ကြားနေစဉ် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းတွင် ပါဝင်ခဲ့ပြီး ဘီအေ (ဒဿနိကဗေဒ) ဘာသာရပ်ဖြင့်ဘွဲ့ရရှိခဲ့သည်။ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလ မွန်ဝတ်စုံဖော်ထုတ်ရေး‌ကော်မတီဝင် ၄၇ ဦးတွင် ‌နိုင်သက်လွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ဇာသပြင်ကျေးရွာသူ မိကျင်သန်းနှင့် ပဲခူးမြို့ မွန်စံပြရပ်ကွက်၌ ပထမဆုံး မွန်ဝတ်စုံကိုဝတ်ဆင်၍ မင်္ဂလာဆောင်ခဲ့ကြသည့်မှတ်တမ်းများ တွေ့ရှိရသည်။

နိုင်သက်လွင်သည် ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေးသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

၁၉၉၇ ခုနှစ် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) ပထမအကြိမ် စတင်ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌတာဝန်များ အဆက်ဆက်ယူခဲ့ရပြီး မွန်အမျိုးသားနေ့အခမ်းအနားများကို မွန်ကျေးရွာတိုင်း၌ အနှောက်အယှက်မရှိ ကျင်းပနိုင်ရေး နအဖအစိုးရနှင့် ညှိနိုင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်သက်လွင်မှာ ယခင်အစိုးရလက်ထက် နိုင်ငံတော်သမ္မတဦးထင်ကျော်အစိုးရနှင့် ဦးဝင်းမြင့်အစိုးရအဖွဲ့တွင် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ် မတ် ၃၀ မှ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မိကျင်သန်း၊ သားသမီး လေးဦးနှင့် မြေးများ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent