သမိုင်း၏ သမိုင်း

သမိုင်း၏ သမိုင်း
Published 20 September 2023

မြန်မာသမိုင်းပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာသန်းထွန်း၏ “မအ,အောင် သမိုင်းသင်ရတယ်” ဟူသည့် ကျော်ကြားလှသော စကားတစ်ခွန်း ရှိသည်။ သမိုင်းဟူသည် အဘယ်နည်း။ သမိုင်းဟူသည် လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ စာရေးသားခြင်းကို တီထွင်ပြီးသည့်နောက်တွင် သမိုင်း ပေါ်ပေါက်လာခဲ့သည်။ သမိုင်းကို ရေးသားသော ပညာရှင်များကို သမိုင်းပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြသည်။ သမိုင်းသည် ပြန်ပြောင်းပြောဆိုချက်များကို အသုံးပြု၍ စဉ်ဆက်ဖြစ်ပျက်ခဲ့သော အဖြစ် အပျက်များကို စစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းပြုသော သုတေသနနယ်ပယ်လည်း ဖြစ်သည်။ တစ်ခါတစ်ရံ အကျိုးအကြောင်း ဆက်နွှယ်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးလျက် ဆုံးဖြတ်ကာ ကောက်ချက်ဆွဲသော ပညာရပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် “ဘုရား၊ ဂူ၊ ကျောင်း၊ တန်ဆောင်း၊ စဆွံ၊ ဓမ္မသာလာ၊ တန်တား၊ ပုဂ္ဂိုလ်ထူး၊ အကြောင်းအရာထူး” စသည်တို့နှင့်စပ်လျဉ်း၍ စကားပြေဖြင့်ဖြစ်စေ၊ လင်္ကာဖြင့်ဖြစ်စေ စီကုံးရေးသားထားသည်များကို သမိုင်းဟု ခေါ်ခဲ့ကြသည်။ အချို့ကလည်း သမိုင်းသည် သံပိုင်းနှင့် သဘောချင်းတူပြီး သံပိုင်းမှ သမ္ပိုင်း၊ ယင်းမှနေ၍ သမိုင်း ဖြစ်လာသည်ဟု ဆိုကြသည်။

စကားပြေဖြင့်သာမက လင်္ကာဖြင့် စပ်ဆိုထားသောသမိုင်းရေးသားနည်းလည်း မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သည်။ အစ၌ဖြစ်စေ၊ အဆုံး၌ဖြစ်စေ ‘သမိုင်း’ ဟူသော စကား က များသောအားဖြင့် ပါရှိတတ်သည်။ ဥပမာအားဖြင့် “သမိုင်းတန်ဆောင်၊ ကမ္ပည်းဆောင် အံ့၊ ဉာဏ်ရောင်ဖြန့်ချိ၊ နှိုင်းချိန်ညှိလော့၊ လောကီအရာ” စသည်ဖြင့် သမိုင်းလင်္ကာမှန်း သိအောင် ‘သမိုင်း’ ဟူသည့် ပုဒ်ကို ထည့်စပ်လေ့ရှိကြသည်။ ဤတွင်  “သမိုင်းမဝင်၊ စာမတင်၊ ရွာပင်မခေါ်ရ” ဟူသော စကားတစ်ရပ်လည်း ရှိသည်။ လူတို့က မသိ၍သာ မြုပ်ကွယ် နေလိမ့်မည်၊ မည်သည့်မြို့ မည်သည့်ရွာဖြစ်စေ ‘သမိုင်း’ ခေါ် ‘ဖြစ်စဉ်’ကမူ ရှိမြဲပင် ဖြစ်သည်။ သမိုင်းဟူသော ဝေါဟာရကို မြန်မာဘာသာစစ်စစ်ဟု ဆိုသူတို့က သမိုင်း (မိုင်း = ကြီးမား)၊ ထို့ကြောင့် “သမိုင်းဟူသည် သိမှတ်ဖွယ်ရာကြီးတစ်ရပ်” ဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ သမိုင်းဆိုလျှင် သိရမည်၊ သိအောင် ပြုလုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်သည်ဟုဆိုသူတို့က ‘သမုတိ’ ဟူသော ပုဒ်မှလည်းကောင်း၊ ‘သမ္မုတိ’ ဟူသော ပုဒ်မလည်းကောင်း ဖြစ်သည်ဟု ဆိုကြ၏။ သမုတိမှ “သံ - မညတေတိ၊ သမုတိ” ၊ သမ္မုတိမှ “သမ္မနနံ-သမ္မုတိ” ဟူ၍ ၀ိဂြိုဟ်အသီးသီးဆိုကာ ‘သံပုဗ္ဗ မနဓာတ်’ ဖြင့် ကောင်းစွာသိခြင်းကိုချည်း ပြကြသည်။ သို့သော် သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်ခြင်း မဟုတ်ဟု ယူဆကာ ပါဠိပညာရှင်များက သမုတိ၊ သမ္မုတိများဖြင့် အဓိပ္ပာယ် မဖော်လိုကြပေ။ နာမည်ကျော် ပါဠိသက် အဘိဓာန်များကလည်း ယင်းကို လျစ်လျူရှုခဲ့ကြသည်။

မည်သို့ဆိုစေ၊ သမိုင်းဟူသည် သိမှတ်ဖွယ်ရာ စာပေ။ကဗျာ ဖြစ်၍ မသိမဖြစ်၊ သိကို သိရမည့်၊ မှတ်ကို မှတ်ရမည့် အကြောင်းအရာများပင် ဖြစ်သည်။ ဘုရားသမိုင်း၊ ကျောင်းသမိုင်း၊ မြို့သမိုင်း၊ ရွာသမိုင်း၊ လူ့သမိုင်း၊ အဖွဲ့အစည်းသမိုင်း၊ အသင်းအပင်းသမိုင်း၊ စာပေ သမိုင်း စသည့် အဆောက်အအုံ၊ မြို့ရွာ၊ အရာဝတ္ထု၊ အစုအစည်း အားလုံး၏ သိမှတ်ဖွယ်ရာ ရှေးဖြစ်စဉ်များပင် ဖြစ်ကြောင်း ထင်ရှားလှသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သမိုင်းဟူသည် မြန်မာစာပေ၌ အရေးကြီးသော အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်လာရသည်။ မြန်မာ စာပေအတွင်းမှ သမိုင်းဟူသည်ကို နုတ်လိုက်လျှင် လက်ကျန်အနည်းငယ်မျှသာ ကြွင်းကျန် လိမ့်မည်ဟု ဆိုစမှတ်ပြုကြသကဲ့သို့ သမိုင်းကိုလည်း မြန်မာစာပေမှ အဆီညှစ်၍ အနှစ်ကို ထုတ်ကာ ရွေးကောက်ရသည် ဖြစ်ရာ စာပေနှင့် သမိုင်းသည် မကင်းရာ မကင်းကြောင်းပင် ဖြစ်သည်။

သို့သော် သမိုင်းမဝင်၍ စာမတင်ခဲ့သကဲ့သို့ စာမတင်ခဲ့သောကြောင့် သမိုင်းဟူ၍ မဝင်ခဲ့သည်လည်း ရှိသည်။ သမိုင်းဝင်ပါလျက် စာမတင်၍လည်း သမိုင်းအစပျောက်ကာ နောက်လူတို့ မသိမမြင်ကြရသည်များကလည်း ရှိသည်။ အမှန်တကယ်၌ ယင်းအချက်က ပို၍ပင် များသေး၏။ ထို့ကြောင့် စာမတင်ခဲ့ရ၍ သမိုင်းမဖြစ်ခဲ့ရသည်များမှာလည်း မြန်မာနိုင်ငံတွင် လွန်စွာများပြားခဲ့ပြီး နှောင်းလူတို့အတွက် သိမှတ်ဖွယ်ရာကြီးအဖြစ် သမိုင်းစစ် သမိုင်းမှန်များ ကျန်ရစ်အောင် အားထုတ်ရမည်မှာ မျက်မှောက်ခေတ်လူတို့၏ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent