နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာတွင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြင့် အစားထိုးခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်း

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာတွင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြင့် အစားထိုးခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်း
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား တွေ့ရစဉ်
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား တွေ့ရစဉ်
Published 20 September 2023

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြင့် အစားထိုးခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားမှုတစ်ရပ် ထွက်ပေါ်လျက်ရှိသည်။ 

အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ေထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်က နစက အနေဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိ်န်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်တွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကိုထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ်  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဆက်လက်တာဝန်ယူခဲ့ကာ အဖွဲ့ဝင်များအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိ်န်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ေထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ကို တာဝန်ပေးအပ်ခဲ့သည်။

လက်ရှိတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးအပါအဝင် လုပ်ငန်းရှင်များ ခေါ်ယူစစ်ဆေးမေးမြန်းမှုများခံနေရသည်ဟု သတင်းများလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ 

ထိုသို့ သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း ယင်းသတင်းများနှှင့်ပတ်သက်၍ နစကဘက်မှ တစ်စုံတစ်ရာ သတင်းအတည်ပြုထုတ်ပြန်ထားခြင်း မရှိပေ။ 

ထို့ပြင် နစကထိပ်ပိုင်းအကြီးအကဲတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် လူသိများသူလည်းဖြစ်သည်။ 



 

Most Read

Most Recent