မြန်မာနိုင်ငံတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း တရုတ်နိုင်ငံအား မြန်မာသံအမတ် တောင်းဆို 

မြန်မာနိုင်ငံတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း တရုတ်နိုင်ငံအား မြန်မာသံအမတ် တောင်းဆို 
Published 19 September 2023

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း တရုတ်နိုင်ငံအား မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက တောင်းဆိုလိုက်သည်။ 

တရုတ်နိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Lotus ဟိုတယ်၌ စက်တင်ဘာ ၁၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းဖိုရမ်တွင် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက အဖွင့်မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

ယင်းဖိုရမ်တွင် မြန်မာသံအမတ်ကြီးက နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် များစွာအသုံးဝင်၍ ပြည်သူတို့၏ လူနေမှုဘဝ အရည်အသွေးကို မြင့်တက်စေကြောင်း၊ “Atoms for Better Home” ဆောင်ပုဒ်မှာ လက်ရှိ နည်းပညာရေစီးကြောင်းဖြင့် ကိုက်ညီကြောင်း၊ ယခုအခါ တရုတ်နိုင်ငံမှ နျူကလီးယားနည်းပညာဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိနေပြီ ဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာနှင့်ပတ်သက်၍ အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင် ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ အနုမြူစွမ်းအင်အာဏာပိုင်အဖွဲ့၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် China National Nuclear Corporation တို့ ပူးတွဲကျင်းပခဲ့သည့် ဖိုရမ်သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံ၊ အနုမြူစွမ်းအင်အာဏာပိုင်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် China National Nuclear Corporation ၏ ဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ်တို့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent