မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြှင့်တင်ရေး ဆွေးနွေး

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြှင့်တင်ရေး ဆွေးနွေး
Published 18 September 2023

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများဦးဆောင်၍ စက်တင်ဘာ ၁၅ ရက်က ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရုရှားနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၄ ရက်ညပိုင်းတွင် ရောက်ရှိခဲ့ကြောင်းသိရသည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်တို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ပြီး၊ ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာရော်ဂန်နီး ရှက်စသာကော့ဗ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊  စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ ဆက်ဆံမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန်ကန်သည့် ရပ်တည်ချက်ကို အခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအတွက် မြန်မာနိုင်ငံအနေဖြင့်  လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး မင့်စ်မြို့ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့ရှိ Falco-Agro နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက နို့စားနွားမွေးမြူမှုနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသခဲ့ကာ ဆက်လက်၍ မဟာမျိုးချစ်စစ်ပွဲ သမိုင်းပြတိုက်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်အသိုက်အဝန်းနှင့် မင့်စ်မြို့ရှိ မြန်မာပညာသင်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်တွင် မင့်စ်မြို့မှ မန္တလေးမြို့သို့  ရုရှားနိုင်ငံ မော်စကိုမြို့နှင့် နိုဗိုစီဗစ်မြို့တို့ မှတစ်ဆင့် ပြန်လည်ထွက်ခွာခဲ့ပြီး  နိုဗိုစီဗစ်မြို့တွင် နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး(၁) မစ္စတာ ယူရီ ပက်တူကော့ဗ်နှင့်အဖွဲ့က မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုဗိုစီဗစ်မြို့ရှိ အထင်ကရ နေရာများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နိုဗိုစီဗစ်မြို့ဖွင့်လှစ်ရန် လျာထားသော အဆောက်အဦနှင့် နေရာတို့ကို လိုက်လံပြသခဲ့ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းဖြင့် မန္တလေးမြို့သို့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

Most Read

Most Recent