UEC နှင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး 

UEC နှင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး 
Published 13 September 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ 

ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၏ ခရီးစဉ်တွင် ထိုသို့ လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။ 

ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်သတင်းအချက်အလက်စင်တာသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဆောင်ရွက်ပုံနည်းလမ်းများကိုလည်းကောင်း၊ စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင်လည်း မော်စကိုမြို့နှင့် မော်စကိုဒေသတစ်ဝိုက် လှည့်လည်ကြည့်ရှုခြင်းနှင့် ဒေသန္တရ ရွေးကောက်ပွဲမဲပေးနေမှုအခြေအနေများကိုလည်းကောင်း လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါလေ့လာရေးခရီးစဉ်အတွင်း ရုရှားနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် မီဒီယာကို စနစ်တကျအသုံးပြု ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအကူအညီရယူ၍ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နှစ်နိုင်ငံအကြား အသိပညာရှင်၊ အတတ်ပညာရှင်များ အပြန်အလှန် အတွေ့အကြုံဖလှယ်နိုင်မည့် နည်းလမ်းများကို နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခြင်းမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးနိုင်ခဲ့ပြီး ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်နေမှုအခြေအနေများ၊ ရုရှားနိုင်ငံ၏ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းဝင်ထင်ရှားသောနေရာများသို့ လေ့လာနိုင်ခဲ့သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပမည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအား ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ella Pamfilova က ဖိတ်ကြားခဲ့ကြောင်းလည်း သတင်းရရှိသည်။