အဓိက ကစားသမားအချို့အား ဆုံးရှုံးခဲ့ရသော်လည်း အင်တာမီလန်အသင်း၏ စကူဒက်တိုချန်ပီယံမျှော်လင့်ချက်အပေါ် ထိခိုက်မှုရှိမည်မဟုတ်ဟု ဘတ်စတိုနီဆို

အဓိက ကစားသမားအချို့အား ဆုံးရှုံးခဲ့ရသော်လည်း အင်တာမီလန်အသင်း၏ စကူဒက်တိုချန်ပီယံမျှော်လင့်ချက်အပေါ် ထိခိုက်မှုရှိမည်မဟုတ်ဟု ဘတ်စတိုနီဆို
Photo : Getty Images
Photo : Getty Images
Published 30 July 2023

အင်တာမီလန်အသင်း၏ အီတလီလက်ရွေးစင် နောက်ခံလူ ဘတ်စတိုနီက အသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အဓိက ကစားသမားအချို့ကို ဆုံးရှုံးထားရသော်လည်း အသင်း၏လာမည့်ရာသီ စကူဒက်တိုချန်ပီယံဆုမျှော်လင့်ချက်အပေါ် ထိခိုက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အဓိကနောက်ခံလူဖြစ်သည့် ရှကရီညာအား PSG ၊ ဝါရင့်ကွင်းလယ်လူ ဘရိုဇိုဗစ်အား အယ်လ်နာဆာနှင့် အဓိက ဂိုးသမား အိုနာနာအား မန်ယူအသင်းထံ ရောင်းချခဲ့ပြီး ဝါရင့်တိုက်စစ်မှူး ဂျက်ကိုအား ဖီနာဘာချီအသင်းထံ အလွတ်ထွက်ခွာခွင့် ပြုခဲ့သည်။

ထို့ကြောင့်အင်တာမီလန်အသင်းအနေဖြင့် အဓိကကစားသမားများ ဆုံးရှုံးခဲ့ခြင်းကြောင့် လာမည့်ရာသီတွင် ဆုဖလားများအတွက် ရုန်းကန်ရနိုင်ကြောင်း ထင်မြင်သုံးသပ်မှုများထွက်ပေါ်လာခဲ့ရာ ဘတ်စတိုနီက ယခုကဲ့သို့ ပြန်လည်တုံ့ ပြန်ခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် အဓိက ကစားသမားများကို ဆုံးရှုံးခဲ့ရသော်လည်း မားကပ်စ်သူရမ်၊ အာချာဘီ၊ ဘစ်ဆက်ခ်၊ ဂန်နာရို၊ ကွာဒရာဒိုနှင့် အာဆာလာနီအစရှိသည့် ကစားသမားသစ် (၆)ဦးအား ပြန်လည်ခေါ်ယူထားပြီး ယင်းကစားသမားသစ်များမှာ အသင်းအတွက်အကျိုးပြုနိုင်မည့်သူများဖြစ်သည်ဟုလည်း ဘတ်စတိုနီက ပြောကြားခဲ့သည်။

ဘတ်စတိုနီက "အသင်းကနေ အဓိက ကစားသမားအချို့ထွက်ခွာသွားပေမယ့် ကျွန်တော်တို့တွေ ဒီနေရာမှာ (အင်တာမီလန်အသင်း) မှာ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့အားလုံးရာသီသစ်အတွက် ယုံကြည်မှုရှိနေသလို အသင်းဖော်သစ်တွေဟာလည်း နည်းပြဖြစ်သူနဲ့အတူ ပူးပေါင်းပြီး အကောင်းဆုံးခြေလှမ်းစတင်နိုင်ဖို့ပြင် ဆင်နေပါတယ်။ ကစားသမားတချို့ ထွက်ခွာမှုကြောင့်တော့ အသင်းရဲ့ စကူဒက်တိုချန်ပီယံဆုအိပ်မက်ကို ထိခိုက်လာမှာမဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent