ဟဲဗီးဝိတ်တန်းချန်ပီယံ အူဆိုက် ယူကရိန်းဘောလုံးကလပ် ပိုလစ်ဆီယာအသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆို

ဟဲဗီးဝိတ်တန်းချန်ပီယံ အူဆိုက် ယူကရိန်းဘောလုံးကလပ် ပိုလစ်ဆီယာအသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆို
Photo: Getty Images
Photo: Getty Images
Published 22 July 2023

 

WBA (Super) ၊ WBO နှင့် IBF ဟဲဗီး ၀ိတ်တန်းကမ္ဘာ့ချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်သည် ယူကရိန်း ပရော်ဖက်ရှင်နယ်ဘောလုံးကလပ် ပိုလစ်ဆီယာအသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ၂၀၁၂ လန်ဒန်အိုလံပစ် ဟဲဗီးဝိတ်တန်းရွှေတံဆိပ်ဆုရှင် အူဆိုက်သည် ပြီးခဲ့သည့်နှစ်က ပိုလစ်ဆီယာအသင်း၏ ခြေစမ်းပွဲတွင် လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ဖူးသည်။ အူဆိုက်နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ပိုလစ်ဆီယာအသင်းကလည်း အတည်ပြုခဲ့ပြီး နောက်ခံလူအဖြစ် နံပါတ် ၁၇ ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း သိရသည်။

"ကလပ်အသင်းဥက္ကဋ္ဌ ဟန်နာဒီဘက်ကီဗစ်ချ်နဲ့ အိုလက်ဇန္ဒားအူဆိုက်တို့ ဘောလုံးပူးပေါင်းဆောင်ရွက်ရေးအတွက် တစ်နှစ်စာချုပ်ချုပ်ဆိုဖို့ တရားဝင်သဘောတူညီမှု ရရှိခဲ့ပါပြီ။ အူဆိုက်က နံပါတ် ၁၇ ဝတ်ဆင်ကစားမှာပါ" ဟု ပိုလစ်ဆီယာအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပိုလစ်ဆီယာအသင်းက ဘောလုံးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွင် ပါဝင်မည့်အချက်များကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပိုလစ်ဆီ ယာအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ရာသီ ယူကရိန်းပထမတန်းလိဂ်(ဒုတိယတန်း) တွင် ချန်ပီယံဖြစ်ခဲ့သောကြောင့် ယူကရိန်းပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရထားသည်။ 

အူဆိုက်မှာလည်း ဗြိတိန်လက်ဝှေ့သမား ဒန်နီယဲလ်ဒူဘွာနှင့် သြဂုတ် ၂၆ ရက်တွင် ပိုလန်နိုင်ငံ၌ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည် ဖြစ်သည်။

Most Read

Most Recent