နစကဥက္ကဋ္ဌက UMFCCI ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများကို ရန်ကုန်မြို့တွင် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌက UMFCCI ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများကို ရန်ကုန်မြို့တွင် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး
Published 3 July 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ရှိ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့် အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌဦးအေးဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌက တွေ့ဆုံပွဲအဖွင့် အမှာစကားတွင် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရေးအတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အနေဖြင့် အဓိကအားဖြင့် ထုတ်လုပ်မှုအပိုင်း၊ ကုန်သွယ်မှုအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်းစသည့် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချက်များသည်နိုင်ငံ၏ GDP တွက်ချက်မှုတွင် ပါဝင်သည့်အပိုင်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါကဏ္ဍများ၌ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်းများစွာလည်းပါဝင်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍများအားလုံးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်နှင့် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရမည်၊ ပြည်သူများအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုရှိရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ မြို့ပြများတွင်သာမက ကျေးလက်ဒေသများပါ မကျန်တစ်နိုင်ငံလုံးတွင် ထိုသို့ဖြစ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် စားရေရိက္ခာဖူလုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှိပြီးဖြစ်သည့် အရင်းအမြစ်များနှင့် သယံဇာတများကို အကျိုးရှိစွာ အသုံးချရန်အခြေအနေများ၊   ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်းဆောင်ရွက်နေသည့်အခြေအနေများကိုလည်း နစကဥက္ကဋ္ဌက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် UMFCCI ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက်နစကဥက္ကဋ္ဌက ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)သည် အဓိကအားဖြင့် ရောင်းဝယ်မှုများ ဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာလျင် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် အရေအတွက်များများ ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ်သကဲ့သို့ နိုင်ငံ့အကျိုးအတွက်လည်း ကြည့်၍ချိန်ဆဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံသည် ကုန်ပစ္စည်းထုတ်လုပ်မှုမရှိဘဲ ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်ပစ္စည်းများကိုသာ အားထားအသုံးပြုနေရသည့် နိုင်ငံဖြစ်သဖြင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက်တွင် ပြည်ပမှ ချေးငွေများ ရှိခဲ့ခြင်းမရှိကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်းကာလနှစ်ခုတွင် နိုင်ငံတကာမှ ထောက်ပံ့ငွေ၊ ကူညီငွေများနှင့် ချေးငွေများ ရရှိခဲ့ကြောင်း၊ အဆိုပါငွေများဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်ပြီးနိုင်ငံခြားငွေရရှိအောင် ဆောင်ရွက်ခြင်းထက် Non-Trade လုပ်ငန်းများမှရရှိသည့် နိုင်ငံခြားငွေများကို သုံးစွဲ၍ ပြည်ပမှ သွင်းကုန်များတင်သွင်း သုံးစွဲခြင်းက ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

မိမိတို့တာဝန်ယူရသည့်အချိန်တွင် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ကိုအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပိုလျှံလာပါက ပြည်ပသို့တင်ပို့နိုင်သည်အထိပါ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ UMFCCI အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ၀ိုင်းဝန်းဆောင်ရွက်နိုင်ရေးစဉ်းစား ဆောင်ရွက်စေလိုကြောင်း၊ UMFCCI သည် ရောင်းဝယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်သူများဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အဖွဲ့များဖြစ်သောကြောင့် မိမိအနေဖြင့် အချိန်ယူတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်သုံးသပ်၍ဆောင်ရွက် သင့်သည်များကို ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရပိုင်းအနေဖြင့်လည်း ဆောင်ရွက်၍ရသည်များကို တတ်နိုင်သမျှကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းပင်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဆောင်ရွက်လျက်ရှိသကဲ့သို့သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာတာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်များဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ရောင်းဝယ်ခြင်း ဝန်ဆောင်မှုများဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန်မှီခိုနေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent