၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ရေး တိုင်းနှင့်ပြည်နယ်အလိုက် စမ်းသပ်သန်းခေါင်စာရင်းအား ယခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကောက်ယူရန်ရှိ

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ရေး တိုင်းနှင့်ပြည်နယ်အလိုက် စမ်းသပ်သန်းခေါင်စာရင်းအား ယခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကောက်ယူရန်ရှိ
Published 3 July 2023

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ရေး တိုင်းနှင့်ပြည်နယ်အလိုက် စမ်းသပ်သန်းခေါင်စာရင်းအား ယခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကောက်ယူရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

ဇူလိုင် ၂ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏  တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ 

အဆိုပါအစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဝင်၊ ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များတက်ရောက်ပြီး ခရိုင်နှင့် မြို့နယ်ကြီး ကြပ်မှုကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အနေဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူရာတွင် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု ၂၆၀၀၀၀ ကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့်‌ကောက်ယူမှု ၇၀၀၀၀ ကျော်၊ စုစုပေါင်း အိမ်ထောင်စု ၃၃၀၀၀၀ ကျော် ကောက်ယူပြီးစီးခဲ့ရာ လျာထားချက်၏ ၇၉ ဒဿမ ၂၁ ရာခိုင်နှုန်း ကောက်ယူပြီးစီးခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေအရ ကောက်ယူဆောင်ရွက်ရန်အိမ်ထောင်စု ၆၈၀၀၀ ကျော် ကျန်ရှိနေသည့်အတွက် ယင်းဒေသများကိုလည်း သတ်မှတ်ကာလအတွင်း ကောက်ယူပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင်ရရှိသည့်အချက်အလက်များကို e-ID Server သို့ ထည့်သွင်းကာ အချက်အလက်ကွဲလွဲမှုများ ပြင်ဆင်ဖြည့်စွက်အတည်ပြုသည့် လုပ်ငန်းကိုလည်း တစ်ပြိုင်တည်း ပြီးစီးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများအရ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများပါရှိနေသည့်အတွက် ယင်းတို့ကိုငါးဦးကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးရေးအတွက်လည်း အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ယင်းလုပ်ငန်းစဉ်များအားလုံး သတ်မှတ်ကာလအတွင်းပြီးစီးမှသာ တိကျမှန်ကန်သော လူဦးရေစာရင်းကိုအခြေခံ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်မည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ပြည်လုံးကျွတ်အဆင့်ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စမ်းသပ်သန်း ခေါင်စာရင်းကို ယခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကောက်ယူရန်ရှိပါကြောင်းနှင့် e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် လူတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက် (Boimetric) ကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံး အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာအားလုံးက ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုနှင့် e-ID Server အတွင်း အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်အဆင့်(၂) လျာထားချက်ပြည့်မီရေး ဆောင်ရွက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး  ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင် များကလုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent