ကမ္ဘာ့စီးပွားရေးနှင့် လွတ်လပ်သော ယှဉ်ပြိုင်လုပ်ကိုင်ခွင့်

ကမ္ဘာ့စီးပွားရေးနှင့် လွတ်လပ်သော ယှဉ်ပြိုင်လုပ်ကိုင်ခွင့်
Photo - CGTN
Photo - CGTN
Published 2 July 2023
ကြယ်စင်ဖေသင် 

(၁)

ဒါဗော့စ်နွေရာသီ (Summer  Davos) အဖြစ်လူသိများသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ (၁၄) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ယခုနှစ် ဇွန်၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ တီယန်းဂျင်း (Tianjin) တွင် ကျင်းပခဲ့သည်။ အစည်းအဝေးကို နိုင်ငံပေါင်း ၉၀ ကျော်မှ အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များနှင့် ကဏ္ဍအသီးသီးမှလူသိများသည့် ပုဂ္ဂိုလ်များ ၁,၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဦးတည်ဆွေးနွေးသည့် အကြောင်းအရာမှာ ကမ္ဘာ့စီးပွားရေးကို တွန်းအားပေးမောင်းနှင်အား စွန့်ဦးတီထွင်ဆန်းသစ်မှု (Entrepreneurship-The Driving Force of the Global Economy) ဖြစ်သည်။ တီတွင်ဆန်းသစ်မှုများအတွက် တွန်းအားသစ်များ ပံ့ပိုးပေးရေး၊ စီးပွားရေးတိုးတက်မှုကိုပိုမိုမြှင့်တင်ရေး၊ ပိုမိုမျှတ၍ ရေရှည်တည်တံ့သော စီးပွားရေးအခြေအနေ ပြန်လည်ပုံပေါ်လာနိုင်ရေးကိစ္စများအပေါ် အလေးထားဆွေးနွေးနေကြောင်း သိရသည်။ 

(၂)

စွန့်ဦးတီထွင်ဆန်းသစ်မှု (entrepreneurship) ၏ အနှစ်သာရတွင် ဆန်းသစ်တီထွင်ခြင်းနှင့် အပြောင်းအလဲများ၏နောက်သို့ စဉ်ဆက်မပြတ်လိုက်ပါနေခြင်းတို့ အဓိကကျနေသည်။ ထိုအခြေအနေဖြစ်ပေါ်နေစေရန်မှာ ကဏ္ဍနယ်ပယ်စုံရှိအမျိုးမျိုးသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို လူအများ ကျယ်ကျယ်ပြန့်ပြန် ရရှိခံစားခွင့်ရစေသည့် လွတ်လပ်သော ဈေးကွက်ပြိုင်ဆိုင်မှုများ ရှိနေမှသာဖြစ်ပေမည်။ မတူညီသော အိုင်ဒီယာများ၊ အယူအဆများဖြင့် ယှဉ်ပြိုင်လုပ်ကိုင်မှုများသည် အရည်အသွေးမြင့်မားမှုနှင့်အတူ တာရှည်ခံမည့်တိုးတက်မှုအခွင့်အလမ်းများကိုဖန်တီးပေးနိုင်ပြီး ဈေးကွက်များကိုလည်း ပြောင်းလဲတိုးတက်မှုများ ဖြစ်စေသည်။ 

စျေးကွက်ပြိုင်ဆိုင်မှုနယ်ပယ်၌ အမြဲတမ်း အောင်မြင်မှုမရနိုင်။ အချိန်တိုင်း ထိပ်တန်းဖြစ်နေသည့် စီးပွားရေးသမားဟူ၍မရှိ။ ပုံသေအသုံးပြုနိုင်သည့် စီးပွားရေးပုံစံ (busimess model) သတ်မှတ်ချက်လည်း မရှိနိုင်ပေ။ နည်းပညာတိုးတက်မှုများက စီးပွားရေးလုပ်ငန်းများကို အမြဲတမ်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေစေပြီး တိုးတက်မှုအတွက် အရှိန်မြင့်တွန်းအားပေးနေသကဲ့သို့ စီးပွားရေးနယ်ပယ်ရှိ လူချမ်းသာများစာရင်းကိုလည်း အမြဲတမ်းအပြောင်းအလဲဖြစ်နေစေသည်ဟုဆိုသည်။ နောက်သတိပြုရမည်မှာ ဈေးကွက်ထဲရှိ ထူးထူးခြားခြားအခြေအနေမရှိဟုထင်ရသော လုပ်ငန်းများသည် မထင်မှတ်ဘဲ ပြိုင်ဘက်များအဖြစ် ပေါ်ထွက်လာတတ်ပြီး ဈေးကွက်အတွင်း ဝင်ရောက်၍ အလုပ်ဖြစ်ကာ ဈေးကွက်ပေါက်သွားသည့် အခြေအနေမျိုးဖြစ်လာနိုင်သည့်အချက်ဖြစ်သည်။    

(၃)

    

အမှန်တကယ်လွတ်လပ်မှုရှိသော စျေးကွက်ပြိုင်ဆိုင်မှုတွင် စီးပွားရေးလုပ်ငန်းများသည်  ဈေးကွက်ထဲသို့ လွတ်လပ်စွာဝင်ရောက်ပြီး စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ခွင့်ရနိုင်သည်။ လက်ရှိကမ္ဘာ့ဈေးကွက်အတွင်း လွတ်လပ်စွာပြုမူလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အားကစားပွဲတစ်ခုဖြင့် ဥပမာပေးသည်။ အားကစားပွဲတစ်ခုသည် လူတိုင်းကို အောင်ပွဲခံနိုင်စေရန် မလုပ်နိုင်သော်လည်း ဖြစ်တည်နေသော မတူကွဲပြားမှုနှင့် လူတစ်ဦးချင်း၏ထူးခြားချက်များအပေါ် လေးစားတန်ဖိုးထားမှု၊ မျှတစွာပြုမူမှုနှင့် အချင်းချင်းကြား ဆက်သွယ်လုပ်ဆောင်မှုများကို တွန်းအားပေးမြှင့်တင်ပေးနိုင် သည့်စွမ်းအားရှိသည်။ အားကစားပွဲများသည် အားကစားသမားများ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်အားထုတ်ကြသည့်နေရာဖြစ်သော်လည်း တစ်ဦးချင်း၏ အားသာချက်များနှင့် အားနည်းချက်များနှင့်ပတ်သက်၍ အားကစားသမား များကိုယ်တိုင်နှင့် ပွဲကြည့်ပရိဿတ်တို့ သတိရှိနားလည်မှုအခြေအနေကို  မြှင့်တင်ပေးနိုင်သည့် အခြေအနေလည်း ရှိနေသည်။ 

 ပြိုင်ဘက်များကို ရန်ဘက်များဟု ရှုမြင်၍မရ။  ပြိုင်ဆိုင်မှုတွင် အသုံးချနိုင်ရန်အတွက် အားထုတ်မြှုပ်နှံထားမှုများသည် ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ပေးလျက် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်မှုဖြစ်စေသည်။ ပြိုင်ဆိုင်မှုသည် ဖွံ့ဖြိုးတိုးတက်မှုပျိုးထောင် အားပေးလျက် ရည်မှန်းချက်ကိုဖြစ်ထွန်းပေါက်ဖွားစေသည်ဟုလည်း သုံးသပ်ရှုမြင်ကြသည်။ အနာဂတ်ရှေ့ရေးကို ကြိုတင်တွက်ဆရှုမြင်မှုများနှင့်အတူ လုပ်ငန်းများအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်သုတေသနပြုခြင်းနှင့် ဈေးကွက်တည်ရာနေရာဒေသများကြား ဆက်စပ်တုံ့ပြန်မှုများ ဖြစ်စေခြင်းကဲ့သို့ အကျိုးကျေးဇူးများလည်း ရရှိသည်။    

(၄)

ယနေ့ ကမ္ဘာ့စီးပွားရေးသည် မည်သို့ဖြစ်နေသနည်း။ ပထဝီဝင်နိုင်ငံရေးကိုအခြေခံသော ပဋိပက္ခများသည် ကမ္ဘာ့လူအဖွဲ့အစည်းကို အပိုင်းအခြားများ၊ အကွဲကွဲအပြားပြားဖြစ်လာစေပြီး ဈေးကွက်စီးပွားရေး အဆောက်အအုံများတွင် လိုအပ်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် ယုံကြည်မှုကို လှိုက်စား ဖျက်ဆီးနေခဲ့ပြီဖြစ်သည်။  

နိုင်ငံများကြား၊ ဒေသများကြား ပြင်းထန်သော အငြင်းပွားမှုအမျိုးမျိုးကြောင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို အလွန်အကျွံချဲ့ထွင်အသုံးပြုမှုများရှိလာ ခဲ့ပြီ။ ရိုးစင်းသော စျေးကွက်ယှဉ်ပြိုင်လုပ်ကိုင်မှုများသည်လည်း လက်ဝါးကြီးအုပ်ခြယ်လှယ်မှုဂိမ်း (monopolistic  game) အဖြစ်သို့ ပြောင်းလဲလာသည့် အသွင်သဏ္ဍန်ရှိလာပြီး စီးပွားရေးလုပ်ငန်းများသည်လည်း ယခင်ကကဲ့သို့ ဈေးကွက်အတွင်း စိတ်အလိုရှိသလောက် လွတ်လပ်စွာပါဝင်ပတ်သက်ခွင့်မရတော့။  

မညီမျှသောအခွင့်အလမ်းများက အများပြည်သူတို့၏ အလုပ်အကိုင်အခြေအနေများကိုပါ ထိခိုက်လာစေခဲ့သည်။ လူများစွာကို အခက်အခဲများဖြစ်ပေါ်စေပြီး ဆင်းရဲတွင်းသို့ပြန်လည်တွန်းပို့လိုက်သကဲ့သို့ ဖြစ်ခဲ့‌လေပြီ။ လူအများ၏ ဘဝသာယာဝပြောရေးကို အကြီးအကျယ်ထိုးနှက်ခဲ့လေပြီလား။ ပြင်းပြင်းထန်ထန်ဖြစ်လာသော လူမှုရေးမညီမျှမှုများက လူအများကို လွတ်လွတ်လပ်လပ်လှုပ်ရှားပြုမှုရသည့် အခြေအနေမှ ဝေးသွားစေရန် တွန်းထုတ်နေသည်ဟု ယူဆနေကြသည်။ 

(၅)

ကမ္ဘာကြီးသည် အပြောင်းအလဲအခြေအနေများကို သိသိသာသာကြုံတွေ့နေရသည်။ ကြိုးစားပမ်းစား အားထုတ်လုပ်ကိုင်နေကြသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် မယုံကြည်မှု၊ မလုံခြုံမှုနှင့် အမုန်းတရားဖြစ်စေသည့် ဖန်တီးပြောဆိုမှုများကို မလွဲမသွေကြုံတွေ့နေရပြီး ၎င်းတို့၏စိတ်ပိုင်းဆိုင်များပင်ထိ ခိုက်စိုးရိမ်မှုများပင်ဖြစ်လာကြသည်ဟုဆိုသည်။  

 ဇွန် ၁၉ ရက်က  နယူးယောက်မြို့ရှိ  ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်ခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာ အမုန်းစကားတိုက်ဖျက်ရေးနေ့ ( International Day for Countering Hate Speech) အမှတ်တရအဖြစ် အထူးအစီအစဉ်တစ်ရပ်၌ စီးပွားရေးလုပ်ငန်းများ၏ အနာဂတ်များနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကြရင်း စိုးရိမ်သောကများ ပေါ်ထွက်လာခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်များသည်  အခက်အခဲများရှိနေစဉ်မှာပင် အနာဂတ်မျှော်လင့်ချက်များဖြင့် ရှေ့ဆက်တိုး၍  အားထုတ်နေကြ၏။ သို့သော် ၎င်းတို့စွမ်းဆောင်နိုင်သောအဆင့်များကို ကျော်လွန်သည့် အခက်အခဲများ၊ ဘေးအန္တရာယ်များ တိုးပွားလာနေသည့်ဟု ထောက်ပြကြသည်။ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများမှတစ်ဆင့် တစ်နွယ် ငင်တစ်စင်ပါ ဖြစ်လာနေကြသည့်  နိုင်ငံ၊ ဒေသအသီးသီး၌  ဈေးနှုန်းများမြင့်တက်ခြင်း၊ သာမန်ပြည်သူ များ၏ လူနေမှု အဆင့်အတန်း တဖြည်းဖြည်းနိမ့်ကျလာနေခြင်း၊ ဈေးကွက်များ တုံ့ဆိုင်းနှေးကွေးနေခြင်း၊ တန့်နေခြင်းတို့မှာ ကမ္ဘာ့အရပ်ရပ်ရှိ တီထွင်ဆန်းသစ်ကြံဆမှုများကို အဟန့်အတားဖြစ်လျက်ရှိနေတော့သည်။ 

(၆)

စီးပွားရေးပညာရှင်အများစုသည် လက်ရှိဖြစ်ပျက်နေသော ကမ္ဘာ့အခြေအနေအရပ်ရပ်အပေါ် အဆိုးမြင်ရှိနေကြသည်။ စီးပွားရေးလုပ်ငန်းကျောင်းများ၊သင်တန်းများ၏လိုအပ်ချက်နှင့် ပတ်သက်၍လည်း စိုးရိမ်မှုများရှိလာနေကြသည်။ အရည်အသွေးပြည့်မီသော ပညာရေး၊ သင့်လျော်သော အလုပ်အကိုင်နှင့်  ကျေး လက်တောရွာ၊ မြို့စသည်ဖြင့်  နေထိုင်သည့် လူအဖွဲ့အစည်းဝန်းကျင်တို့၏ ဘေးအန္တရာယ်လုံခြုံရေးသည် လူတစ်ဦးချင်းစီနှင့် မိသားစုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော အကြောင်းအရင်းဇာစ်မြစ်များဖြစ်နေသည်။ 

လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေများ ကျဆင်းနေမှု၊ ရောဂါဘယဖြစ်ပွားမှု၊ ရာသီဥတုအပြောင်းအလဲကဲ့သို့သော အကြောင်းများသည်လည်း ကမ္ဘာပေါ်ရှိ လူသားတစ်ဦးတစ်ယောက်ချင်းစီကို  ခြိမ်းခြောက်လျက်ရှိနေသည်။ ထိုအခြေအနေများကို ကျော်ဖြတ်နိုင်ရေး၊ ပြင်ဆင်အားထုတ်နိုင်ရေးမှာ လူတစ်ဦးတစ်ယောက်ချင်းအားဖြင့်မရ။ လူသားအားလုံး၏ စုပေါင်းအားဖြင့်သာဖြစ်နိုင်ပေလိမ့်မည်။ တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားသည် လူသားအားလုံး၏အကျိုး

စီးပွားဖြစ်၏။ တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားအတွက် နိုင်ငံအသီးသီးမှ ပညာရှင်များ၊ ခေါင်းဆောင်များ၊ မူဝါဒချမှတ်သူများ၏ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် လုပ်ဆောင်သင့်သည်။ စျေးကွက်များနှင့် စီးပွားရေးလုပ်ငန်းများတွင် (အလွယ်တကူ) ဝင်ရောက်စွက်ဖက်မှုတတ်သည့် အခြေအနေများကိုလည်း သတိပြု၍ ထိန်းသိမ်းလုပ်ဆောင်ရန်လိုအပ်ပေသည်။   

(၇)

 ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ဖိုရမ်ဥက္ကဋ္ဌ ဖြစ်သူ ကလော့စ်ရွှားဘ် (Klaus Schwab) က ယနေ့ကမ္ဘာကြီးတွင် အခြားအရာများထက် ကမ္ဘာ့နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် ယန္တရားသစ်များ ဖော်ဆောင်ဖန်တီးရေးမှာ အရေးတကြီးလိုအပ်သည့် ကိစ္စဖြစ်နေသည်ဟု ပြောကြားထားသည်။ ကလော့စ်ရွှားဘ် ပြောဆိုခဲ့စကားသည် ယနေ့ကမ္ဘာကြီး၏ အခြေအနေများအရ အမှန်တကယ်လက်တွေ့ကျ၍ အသုံးဝင်သောအကြံဉာဏ်ဖြစ်သည်။ လွတ်လပ်သော 

ယှဉ်ပြိုင် လုပ်ကိုင်နိုင်မှုများကို အကာအကွယ်ပေးမည့်၊ အားပေးမည့် အကြံဉာဏ်သစ်များ ယခုနှစ် ဒါဗော့စ် နွေရာသီ (Summer Davos) တွင်ရရှိနိုင်လိမ့်မည်ဟု အားလုံးကမျှော်လင့်လျက်ရှိနေကြသည်။   

https://www.eurasiareview.com/

Most Read

Most Recent