ငြိမ်းချမ်းရေးသမ္မတ အလိုရှိသည်

ငြိမ်းချမ်းရေးသမ္မတ အလိုရှိသည်
Published 28 June 2023
ကြယ်စင်ဖေသင် 

(၁)

 ၁၉၆၂ ကျူးဘား ဒုံးပျံအကျပ်အတည်း (1962 Cuban Missile Crisis) ကာလနောက်ပိုင်း ယခုအချိန်သည် ကမ္ဘာကြီးအတွက်အန္တရာယ်အနီးကပ်ဆုံးအချိန်တစ်ချိန်ဟု ပြောဆိုနေကြသည်။ ဖြစ်နိုင်ခြေရှိသော နျူကလီးယားစစ်ပွဲတစ်ပွဲသည် အားလုံး၏အနီးဆုံးတွင် ရောက်ရှိနေပြီဟု လူအများက ယူဆနေကြသည်။  ယနေ့ခေတ် လူငယ်လူရွယ်များ မသိမီလိုက်သည့် လူသားအားလုံးကို အန္တရာယ်ပေးနိုင်သည့် အခြေအနေတစ်ရပ်ကို အတိတ်ကာလက ကမ္ဘာကြီး

ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စာအုပ်များ၊ သမိုင်းမှတ်တမ်းများတွင် ဖတ်ရှုသိရှိကြပေလိမ့်မည်။ ကျူးဘားနိုင်ငံတွင် အောက်တိုဘာ အရေးအခင်းဟုလည်းကောင်း၊ (ယခင်) ဆိုဗီယက် ပြည်ထောင်စုတွင် ကာရေဘီယံအရေးအခင်းဟုလည်းကောင်း  အမည်တွင်ခဲ့သည့် နိုင်ငံရေး၊ အယူဝါဒရေးရာများကို အခြေခံ၍ ဖြစ်လာသော  နျူကလီးယား လက်နက်အားပြိုင်မှုဖြစ်၏။ စစ်အေးကာလအချိန်အတွင်း အမေရိကန်နှင့် (ထိုအချိန်က) ဆိုဗီယက် ပြည်ထောင်စုနှစ်နိုင်ငံကြားတွင်ဖြစ်ခဲ့သည့် အန္တရာယ်အကြီးဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပြီး ထိုမှတစ်ဆင့် နျူကလီးယားပဋိပက္ခ ဖြစ်လုနီးပါးအခြေအနေအထိ အသွင်ပြောင်းလာခဲ့သောကြောင့် အားလုံး အတွက် စိုးရိမ်ထိတ်လန့်ခဲ့ခြင်းဖြစ်သည်။  

(၂)

ကံကောင်းထောက်မစွာပင် ထိုအချိန် အမေရိကန်သမ္မတ အိမ်ဖြူတော်၌ နျူကလီးယားလက်နက်ကိရိယာများ၏ ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်များကို အလေးအနက်သဘောပေါက်ထားသည့် သမ္မတတစ်ဦးရှိနေခဲ့သည်။ ထိုသူမှာ သမ္မတဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ဖြစ်သည်။ စဉ်းစားဆင်ခြင်းမှုနည်းစွာ ပြုလုပ်ခဲ့သည့် ကျုးဘားနိုင်ငံ၏ အနောက်တောင်ကမ်းခြေတွင်ရှိသော Bay of Pigs  ပင်လယ်အော်ကျူးကျော်မှုကြောင့် တင်းမာမှုမြင့်တက်နေသည့်တိုင် အမေရိကန်သမ္မတကနေဒီသည် ဆိုဗီယက်ခေါင်းဆောင် နစ်ကီတာခရူးချက်ဗ် (Nikita Khrushchev) နှင့် တယ်လီဖုန်းခေါ် ဆွေးနွေးဖြစ်ခဲ့ကြသည်။ အကျိုးဆက်အခြေအနေသည် ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့သည်။ အားလုံး ကံကောင်းခဲ့၏။ ထိုအချိန်အခါက ခေါင်းဆောင်များသည် လိမ္မာပါး နပ်မှုရှိစွာဖြင့် ရှောင် လွဲနိုင်ခဲ့ကြသောကြောင့်ဖြစ်သည်။     နှစ်နိုင်ငံ အပြန်အလှန်သဘောတူညီမှုများတွင် အမေရိကန်တို့က တူရကီမှ ဒုံးကျည်များကိုဖယ်ရှားရန်၊ ဆိုဗီယက်တို့က ကျူးဘားရှိ၎င်းတို့၏ ဒုံးကျည်များကို ဖယ်ရှားရန်တို့ ပါဝင်သည်။ သံခင်းတမန်ခင်းကို သင့်လျော်မှန်ကန်စွာ အသုံးချ၍ လူများစွာ ဘေးအန္တရာယ်ဖြစ်မည့်အရေးကို လိမ္မာပါးနပ်စွာရှောင်လွှဲနိုင်ခဲ့သော ကမ္ဘာ့သမိုင်း ဂန္ထဝင်ဖြစ်ရပ်တစ်ခုဟုဆိုရပေမည်။

(၃)

ယနေ့အချိန်ကာလတွင် အမေရိကန်အိမ်ဖြူတော်တွင် သမ္မတ ဂျွန်အက်ဖ်ကနေဒီ မရှိ။ ဆိုဗီယက်အင်ပါယာ၊ ကမ္ဘာကြီးတွင်ကွန်မြူနစ်အယူဝါဒတည်မြဲရေးလည်း အစီအစဉ်များမရှိတော့။ ဆိုလိုသည်မှာ တစ်ချိန်တစ်ခါက အမေရိကန်တို့ ကြီးမားသော ပြဿနာဟုယူဆခဲ့သည့် ကွန်မြူနစ်ဝါဒအန္တရာယ်နှင့်လည်း ထိပ် တိုက်ရင်ဆိုင်စရာမရှိတော့။ သို့သော် သမ္မတဂျိုးဘိုင်ဒင် (Biden) စီမံအုပ်ချုပ်မှုအောက်တွင် အမေရိကန်နိုင်ငံသည် နျူကလီးယား ပဋိပက္ခတစ်ခုဆီသို့ တရွတ်တိုက် ဆွဲယူနေခြင်းကိုခံနေရသည်ဟု သုတေသီအချို့က ရှုမြင်နေကြသည်။ အဘယ့်ကြောင့် အားလုံးကို အန္တရာယ်ဖြစ်စေချင်ပါသနည်း။ အခြားတစ်ဖက်တွင်မူ သမ္မတပူတင်၏ မှန်းဆရခက်သော အခြေအနေအပေါ် စိုးရိမ်မှုရှိကောင်းရှိနိုင်သည်ဟုလည်း ယူဆကြသည်။  

(၄)

    ယခုကဲ့သို့ အန္တရာယ်နှင့်နီးစပ်လာသော အကြောင်းရင်းသည်  ရုရှားလက်တုံ့ပြန်မှုကိုစိုးရိမ်လျက် ယူကရိန်းသို့ ယူနီဖောင်းများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များသာ ပေးပို့မည်ဟူသော သမ္မတဂျိုးဘိုင်ဒင်၏ ကတိစကားနှင့်စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးကြောင့် တင့်ကားဖျက်ဒုံးကျည်များ၊ ဒုံးပစ်လောင်ချာမျိုးစုံ၊ ပက်ထရီယော့ (Patriot) ဒုံးကျည်များ၊ ဘရက်လီ (Bradley ) တိုက်ခိုက်ရေးယာဉ်များနှင့် ကျည်ဆန်ပေါင်း သန်းပေါင်းများစွာသည် ယူကရိန်းနိုင်ငံသို့ ဦးတည်ခဲ့ကြသည်။ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် ယူရေနီယံ ခဲယမ်းမီးကျောက်များကို ယူကရိန်းသို့ ပေးပို့မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။  ထို့ပြင် ရုရှားနိုင်ငံအတွင်းပိုင်းသို့ နက်နက်ရှိုင်းရှုင်းထိုးစစ်ဆင်နိုင်မည့် တာဝေးပစ် ATACMs ဒုံးကျည်များကိုပါ မကြာခင်ပေးပို့မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။    အမေရိကန်သည် အကျိုးအကြောင်းရှာဖွေလျက် တုံ့ပြန်မှုများ မြှင့်တင်လျက်ရှိနေသည်။ ရုရှားတို့အနေဖြင့် ယူကရိန်းကို စစ်ယန္တရားများတိုက်ရိုက်ပံ့ပိုးနေသည့် နေတိုး (NATO) အပေါ် တိုက်ရိုက်လက်တုံ့ပြန်ခြင်းမပြုသောကြောင့် တုံ့ပြန်မည့်အခြေအနေမရှိကြောင်း သေချာသည်ဟု လေ့လာသူအချို့က မှတ်ချက်ပြုထားကြသည်။     

(၅)

အခြေအနေသည် စဉ်းစားဆင်ခြင်မှုဖြင့် ပြုလုပ်နေသည့် အလောင်းအစားတစ်ရပ်လေလော။ ယူကရိန်းရှိ ရုရှားတပ်များကို အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်များသည် နေတိုးအခြေစိုက်စခန်းများမှ နေတိုးလေယာဉ်မှူးများ မောင်းနှင့်ပျံသန်းတိုက်ခိုက်နေခြင်းသည် ရုရှားကို စစ်ကြေညာနေခြင်းဖြစ်ကြောင်း အားလုံးက ရှင်းရှင်းလင်းလင်း သဘောပေါက်နေကြပြီ။ စစ်အေးကာလတစ်လျှောက်လုံး ရှောင်လွဲနိုင်သည့် တတိယကမ္ဘာစစ်ပွဲကြီးသည် ယခုအချိန်တွင် ကမ္ဘာကြီးနှင့် အနီးဆုံးသို ့ရောက်လာနေခဲ့ပြီ။           အမေရိကန်ကွန်ဂရက်လွှတ်တော်ကလည်း အသံတိတ်ဆိတ် ငြိမ်သက်လျက်၊ ထင်ထင်ရှားရှားမရှိသည့် အမေရိကန်၏ မဟာဗျူဟာပန်းတိုင်အတွက် ဘေးအန္တရာယ်တစ်ခုဆီသို့ ဒယီးဒယိုင်သွားနေသကဲ့သို့။ ဂျိုးဘိုင်ဒင်ကမူ ၎င်းလိုလားသောအခြေအနေတစ်ရပ်ကို ရှေ့သို့ဆက်၍ ဖြောင့်ဖြောင့်တန်းတန်း ပုံဖော်နေသည်ဟု ယူဆရသည်။ 

(၆)

လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်က ကမ္ဘာကြီးနှင့် လူသားအားလုံးရင်ဆိုင်ရမည့် နျူကလီးယားဘေးအန္တရာယ်တစ်ခုကို  ထိုအချိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်(မြန်မာနိုင်ငံသား)၊  ဗြိတိန်နိုင်ငံသား ဒဿနပညာရှင် ဘာထရန်ရပ်ဆဲလ် စသည်ဖြင့် ခေါင်းဆောင်များက အမြော်အမြင်ရှိရှိ စဉ်းစားဆင်ခြင်မှုတို့ဖြင့် ကြားဝင်ပေးခဲ့ကြသည်။ တိုက်ရိုက်သက်ဆိုင်သည့်  အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် ခရူးချက်ဗ်တို့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြ၏။ အားလုံးအတွက် ရလဒ်ကောင်း အမြတ်ထွက်ခဲ့ကြသည်။ ယခုအချိန် မည်သည့်ခေါင်းဆောင်များကြားဝင်၍ ဝိုင်းဝန်းညှိနှိုင်းအဖြေရှာကြမည်လော။  

(၇)

သက်ရောက်မှု ဘေးနအ္တရာယ်သည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော်လည်း အခြေအနေဆိုးကို ဟန့်တားနိုင်ရေးအတွက်  အရေးကြီးဆုံးပုဂ္ဂိုလ်များမှာ တိုက်ရိုက်ပတ်သက်နေသည့် နိုင်ငံများမှ ခေါင်းဆောင်များသာ ဖြစ်ပေသည်။        အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပပြီးခဲ့လျှင် အခြေအနေရှင်းရှင်းလင်းလင်း သိမြင်ကြရလိမ့်မည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀ လောက်က ကျူးဘားဒုန်းပျံအကျပ်အတည်းအတွင်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ သည် အမေရိကန်တို့အတွက်သာမက ကမ္ဘာ့လူသားအတွက်ပါ နျူကလီးယားဘေးန္တရာယ်မှ   ကာကွယ်ပေးနိုင်ခဲ့သည်။ ယခုအချိန်တွင်လည်း အမေရိကန်အတွက် ထိုကဲ့သို့ သမ္မတမျိုး လိုအပ်နေပါသည်။ အားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ဖြစ်နိုင်ပါမည် လော။ အချိန် နောက်မကျသေး။ အားလုံးက မျှော်လင့်နေကြ၏။      



https://mises.org/

 

 

 

   

   



 

Most Read

Most Recent