ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရုရှားစီးပွားရေး အလှုပ်၊ အရွေ့

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရုရှားစီးပွားရေး အလှုပ်၊ အရွေ့
Photo - CNN
Photo - CNN
Published 25 June 2023

(၁) ရုရှားနိုင်ငံ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာခဲ့သည့်အချိန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက နိုင်ငံကြီးအချို့သည် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများသည် ဘဏ္ဍာရေး၊ စွမ်းအင်၊ နည်းပညာ၊ ခရီးသွားလာရေး၊ သင်္ဘော၊ လေကြောင်းနှင့် ကုန်စည်စီးဆင်းမှုစသည်ဖြင့် နယ်ပယ်အတော်များများကို ဦးတည်နေခဲ့သည်။ သို့သော် အဆိုပါ စီးပွားရေးဖိအားများသည် ၁၉၉၀ ပြည့်နှစ် အီရတ်သမ္မတ ဆက်ဒမ်ဟူစိန် ကူဝိတ်ကို ကျူးကျော်မှု ပြုလုပ်ပြီး နောက် ကုလသမဂ္ဂက အီရတ်နိုင်ငံအပေါ်ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကဲ့သို့ ဆိုးဆိုးရွားရွားမရှိဟု ရှုမြင်ကြသည်။

အနောက်နိုင်ငံများ ရုရှားအပေါ် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့်ကာလ တစ်နှစ်ကျော်အကြာ ယခု ၂၀၂၃ ခုနှစ်တွင် အခြေအနေကို ရှင်းရှင်းလင်းလင်းတွေ့ မြင်ရပြီ။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် အလုပ်ဖြစ်ခဲ့သလော။ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားစီးပွားရေးနှင့် အနာဂတ်တိုးတက်မှု အလားအလာများ ထိခိုက်ပျက်စီးသွားခဲ့သည်။ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး အားထုတ်မှု အတွက်မူ အထောက်အကူမဖြစ်ခဲ့ပေ။ 

(၂) အနောက်နိုင်ငံများ၏ ဘဏ္ဍာရေးပိတ်ဆို့မှုများသည် အမေရိကန်ဒေါ်လာငွေကြေးအခန်းကဏ္ဍနှင့် မည်သို့မည်ပုံ ပတ်သက်နေသည်ကို စူးစိုက်လေ့လာမှုများ ရှိလာသည်။ ရုရှားနိုင်ငံ၏ အားကောင်းသော တုံ့ပြန်မှုအလားအလာများကို သတိမပြုမိသောကြောင့် စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုများ၏ ရလဒ်များမှာ ရှင်းရှင်းလင်းလင်းမရှိ။ ဆိုလိုသည်မှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်လာသော သက်ရောက်မှုများကို အားပျော့စေသည့် အခြေအနေများ ရှိနေခြင်းဖြစ်သည်။  ရုရှားနိုင်ငံသည် အာရှဒေသရှိ စီးပွားရေး အင်အားကောင်းနိုင်ငံများနှင့် ဆက်ဆံမှုများတိုးမြင့်လျက် ကုန်သွယ်ရေးလမ်းကြောင်းများ ပြောင်းလဲနိုင်ရေး အားထုတ်လျက်ရှိနေသည်။   

(၃) ခေတ်သစ်စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုနည်းလမ်းများကို နှစ်ဆယ်ရာစု အစောပိုင်းကာလများက  ကမ္ဘာ့စီးပွားရေး ၀ါရင့်သမ္ဘာရင့် ဥရောပနိုင်ငံများက ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး နောက်ပိုင်း၌ အမေရိကန်နိုင်ငံသို့ လက်ဆင့်ကမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ စစ်အေးကာလအတွင်း ကြုံတွေ့နေရသော စီးပွားရေးပိတ်ဆို့အရေးယူမှုများ၏ နောက်ကွယ်၌ အနောက်နိုင်ငံများ၏ စီးပွားရေး လွှမ်းမိုးချုပ်ကိုင်မှုများရှိနေသည်ဟု သုတေသီများက သုံးသပ်ကြသည်။ ထိုသို့အခြေအနေတွင် ကမ္ဘာ့စီးပွားရေး ဆွဲငင်အား ဗဟိုချက်သည်လည်း ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံများဆီ သို့ ရွေ့လာခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အာရှစီးပွားရေးအဆောက်အအုံများသည် ကမ္ဘာ့ဂျီဒီပီ (Nominal GDP) ၏ ၃၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အကြီးဆုံးစီးပွားရေးအုပ်စုကြီးအဖြစ် တည်ရှိခဲ့သည်။ ပို့ကုန်ကဏ္ဍတွင် ကမ္ဘာ့ပို့ကုန် ပမာဏ၏ ၃၆ ရာခိုင်နှုန်းရှိပြီး သွင်းကုန်ပမာဏကိုကြည့်သော် ကမ္ဘာ့သွင်းကုန်အားလုံး၏ လေးပုံတစ်ပုံ ဖြစ်သည်။ အဆိုပါအုပ်စုတွင် အာရှ၏ အားကောင်းမောင်းသန်စီးပွားရေးများဖြစ်သည့် တရုတ်နှင့်ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် အိန္ဒိယတို့ ပါဝင်သည်။

(၄) ၂၀၂၂ ခုနှစ် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများသည် စီးပွားရေး “ထိတ်လန့်တုန်လှုပ်ခြင်း” ပုံစံ တစ်ခုအဖြစ် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်း   အပြောင်းအလဲများကြောင့်ဖြစ်ပေါ်လာသော မဟာဗျူဟာမြောက် အကျိုးဆက်များကို ပြသသကဲ့သို့ပင်။ သို့သော် ရုရှားနိုင်ငံသည် ၎င်း၏ကုန်သွယ်မှုအများအပြားကို အာရှစီးပွားရေး အဆောက်အအုံများဆီသို့ လမ်းကြောင်းများ ပြောင်းလဲစေလျက် ပိတ်ဆို့အရေးယူမှုများ တန်ပြန်လုပ်ဆောင်ခဲ့သည်။ 

အာရှစီးပွားရေး အဆောက်အအုံများကလည်း ရုရှားနိုင်ငံပို့ကုန်များအတွက်လည်းကောင်း၊ ၎င်းတို့၏ သွင်းကုန်များအတွက်လည်းကောင်း ကုန်သွယ်ရေးလမ်းကြောင်းသစ်များအဖြစ် ဖော်ထုတ်ပေးခဲ့ကြသည်။ တရုတ်၊ အိန္ဒိယ၊ တူရကီ (တူကီရဲ)၊ ပင်လယ်ကွေ့နိုင်ငံများ၊ ဗဟိုအာရှနိုင်ငံများနှင့် ကုန်သွယ်ရေး ချိတ်ဆက်မှုများရှိလာခြင်းသည် ရုရှားစီးပွားရေးကို အခြေအနေဆိုးမှ လွတ်မြောက်စေရန်လုပ်ဆောင်ပေးသကဲ့သို့ ဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ်က ရုရှားနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၉  ရာခိုင်နှုန်းရှိနေရာမှ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ၃၉ ရာခိုင်နှုန်းသို့ တိုးမြင့်လာခဲ့သည်။ အခြေအနေသည် ၂၀၂၃ နှစ်ကုန်တွင် အမေရိကန်ဒေါ် လာ၂၃၇ ဘီလျံအထိ ရောက်ရှိနိုင်သည်ဖြစ်ရာ တရုတ်နိုင်ငံနှင့် သြစတြေးလျ၊ ဂျာမနီကဲ့သို့သောနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏထက် ကြီးမားလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ရုရှားကုန်သွယ်မှုမှာ ၂၀၂၂ ခုနှစ်က ၆၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ တူရ ကီနှင့်ကုန်သွယ်မှုမှာ ၈၇ ရာခိုင်နှုန်းသို့လည်းကောင်း မြင့်တက်လာခဲ့သည်။ အိန္ဒိယကုန်သွယ်မှုတွင် လည်း၂၀၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သဖြင့်  အမေရိကန်ဒေါ်လာ ၄၀ ဘီလျံအထိ ရောက်ရှိလာခဲ့ပေသည်။

(၅) အာရှနိုင်ငံများ၏ ရေနံဝယ်လိုအားသည်လည်း ရုရှားနိုင်ငံအတွက် အားတက်စရာဖြစ်ခဲ့သည်။ ၎င်းတို့ ဆုံးရှုံးခဲ့သော ဥရောပစျေးကွက်သို့ တင်ပို့ခဲ့သည့်ပမာဏထက်ပိုများသည်။

အိန္ဒိယနိုင်ငံဆိုလျှင် ၂၀၂၃ ခုနှစ်အစကတည်းက တစ်ရက် ရေနံဝယ်ယူမှု စည်ပေါင်း ၁၄ သန်းကျော်ဖြင့် ရုရှားရေနံစိမ်းကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ တင်သွင်းမှုသည်လည်း ပမာဏ မနည်းပေ။ ၂၀၂၂ ခုနှစ်တွင် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ရှစ်သိန်းမှ ၁ ဒသမ ၂ သန်းကြား ဝယ်ယူခဲ့သည်။

ထိုအခြေအနေကြောင့် ရုရှားနိုင်ငံသည် ဆုံးရှုံးသွားသော ရေနံစိမ်းပို့ကုန်စျေးကွက်အတွက် စိတ်ပူစရာမလိုတော့သည့် အခြေအနေ ဖြစ်ခဲ့သည်။

အိန္ဒိယ၊ တရုတ်၊ တူရကီနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ ရုရှား ရေနံဝယ်လိုအားသည် ဥရောပ၏ ဝယ်လိုအားနေရာတွင် လုံးလုံးလျားလျားအစားထိုးသကဲ့သို့ ဖြစ်ခဲ့သည် ဟုဆိုရမည်။

(၆) ရုရှားနိုင်ငံက လိုအပ်သည့် အဆင့်မြင့်စက်မှုထုတ်ကုန်များနှင့် အဆင့်မြင့်နည်းပညာသုံး ကိရိယာ များတင်သွင်းမှုကိုလည်း အာရှပို့ကုန်နိုင်ငံများက တစ်စိတ်တစ်ပိုင်း အားဖြည့်လျက်ရှိသည်။ တရုတ်ကုမ္ပဏီများသည် ရုရှားပြည်တွင်း၌ မော်တော်ကားသစ် အရောင်းပမာဏ ၄၀ ရာခိုင်နှုန်း ကိုလည်းကောင်း၊ စမတ်ဖုန်းအရောင်း၏ ၇၀ ရာခိုင်နှုန်းကိုလည်းကောင်း လုပ်ဆောင်နေသည်။ လက်ရှိအခြေအနေတွင် မော်တော်ကားသစ်များကို တရုတ်နိုင်ငံမှ အဓိက တင်သွင်းလျက်ရှိပြီး ဥရောပနှင့် ဂျပန်နိုင်ငံတို့၏ တစ်ပတ်ရစ်ကားဟောင်းများကို တတိယနိုင်ငံများမှတစ်ဆင့် တင်သွင်းနေသည်။ 

၂၀၂၂ ခုနှစ်တွင် ရုရှားကုမ္ပဏီများသည် နည်းပညာပိုမို  အဆင့်မြင့်သည့် တစ်ပိုင်း လျှပ်ကူးပစ္စည်းနှင့် အီလက်ထရွန်နစ် ဆားကစ်များ ပြောင်းလဲတင်သွင်းလာခဲ့ပြီး တင်သွင်းရောင်းချသည့် အဓိက နိုင်ငံများမှာ တရုတ်နှင့် ဟောင်ကောင်တို့ ဖြစ်လာသည်။  လက်ရှိအခြေအနေ၌ အနောက်နိုင်ငံများက နည်းပညာပို့ကုန်များ ရုရှားနိုင်ငံသို့ တင်ပို့မှုအပေါ် ကန့်သတ်ထိန်းချုပ်မှုများပြုလုပ်ထားသော်လည်း အရေးကြီးသည့် မိုက်ခရိုချစ်ပ် (Chip) ပြတ်လတ်မှုနှင့်ပတ်သက်၍ ပြဿနာ မပေါ်သေးပေ။ သို့သော်  ပြောင်းလဲထားသော သွင်းကုန်လမ်းကြောင်းများသည်  ရေရှည်၌ ရုရှားနိုင်ငံအတွက် အလုပ်ဖြစ် မဖြစ် ဆက်လက်စောင့်ကြည့်နေဖိုလိုသည်ဟု သုတေသီများက ထောက်ပြထားသည်။

(၇) ရုရှားအပါအဝင် ဆိုဗီယက်ယူနီယမ်နိုင်ငံဟောင်းများဖြစ်ကြသော ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် အာမေးနီးယားတို့ပါဝင်သည့် ရုရေးရှန် စီးပွားရေးသမဂ္ဂ (Eurasian Economic Union) သည်   နည်းပညာပို့ကုန်ကန့်သတ်ချက်များကို ကျော်လွှားရေး လုပ်ဆောင်မှုများ၌ ရုရှားနိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားပေးခဲ့သည်

ကိုတွေ့ရသည်။ စက်ယန္တရားများနှင့် ဓာတုဗေဒပစ္စည်းများ ကုန်သွယ်မှုတွင်လည်း ဗဟိုအာရှဒေသမှတစ်ဆင့် လမ်းကြောင်းပြောင်းတင်သွင်းမှုသည် သိသာသော အခြေအနေ ဖြစ်လာသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ အခြေအနေကို လေ့လာကြည့်ရာ၌ တရုတ်၊ ဘီလာရုစ်၊ တူရကီ၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာမေးနီးယားနိုင်ငံများမှ ရုရှားနိုင်ငံသို့ တင်ပို့မှု မြင့်တက်လာခြင်းသည်   ဥရောပနိုင်ငံများ၊ အမေ ရိကန်နှင့်ဗြိတိန်နိုင်ငံတို့မှ ရုရှားနိုင်ငံသို့ တင်ပို့မှုလျှော့ချခြင်းနှင့် ပမာဏအားဖြင့် တူညီလုနီးပါးဖြစ်ခဲ့သည်။

(၈) အာရှစီးပွားရေးအဆောက်အအုံများသည်  ရုရှားနိုင်ငံ ခံစားရမည့်  အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ဒဏ်များကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်။ အရှေ့အာရှနိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ဆက်လက်တည်ရှိနေသည့်  စက်မှုထုတ်ကုန်များနှင့် စွမ်းအင်ကဏ္ဍ ကုန်သွယ်မှုများသည်လည်း ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်ကာပူနိုင်ငံတို့ ပါဝင်လုပ်ဆောင်ခဲ့သည့်  ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပိတ်ဆို့မှုများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ခဲ့သည်။    

(၉) ရုရှားနိုင်ငံကို ပိတ်ဆို့မှုဒဏ် သက်သာရာရစေခဲ့သည့်  အာရှစီးပွားရေးအဆောက်အအုံများ၏ စွမ်းရည်သည် တရုတ်နှင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းနိုင်ငံအချို့အပေါ်တွင်  မူတည်နေသည်ဟုဆိုသည်။ ယခုအချိန်တွင် ဒဏ်ခတ်ပိတ်ဆို့မှု ကြားမှာပင် ရုရှားနိုင်ငံ၏ စီးပွားရေး အလှုပ်အရှား၊ အရွှေ့အပြောင်းများကို မြင်တွေ့နေရသည်။  ကုန်သွယ်ရေးအခြေအနေ ပြန်လည်ချိန်ညှိမှုဖြင့် စီးပွားရေးအင်အားကို ပြန်လည် တည်ဆောက်လျက်ရှိသည်။

ဆင်ခြင်ကြည့်သောအခါ ကိုယ်ကျိုးစီးပွားကိုအခြေခံ၍လှုပ်ရှားနေကြသော ကမ္ဘာနိုင်ငံများကြားတွင် ပထဝီစီးပွားရေးဆိုင်ရာပကတိအခြေအနေများသည် ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကိုလည်း ပိုမိုရှုပ်ထွေးလာစေသည်ဟုသာ  ကောက်ချက်ချရပေလိမ့်မည်။

စောနိုင် (အသုံးချဘောဂဗေဒ)

Most Read

Most Recent