၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၉ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၉ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ၊ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၉ ရက်၊ နံနက် ၄ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာမည့် အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သက်ဆိုင်ရာစာစစ်ဌာနများတွင် အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ကူညီပေးကြရန်၊ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန၊ ဖုန်းနံပါတ် (၀၁ - ၆၅၃၅၀၉) နှင့် (၀၁-၆၅၃၄၆၇)တို့ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် ဇွန် ၉ ရက်(သောကြာနေ့)တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။















