မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန် ALL IN COMBAT 2 ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား နစ်ကိုကွန်မစ်ဆောင်းကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရ

  မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန် ALL IN COMBAT 2 ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား နစ်ကိုကွန်မစ်ဆောင်းကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရ
Photo: Aung La Nsang Facebook
Photo: Aung La Nsang Facebook
Published 15 May 2023

  မြန်မာ MMA ဖိုက်တာဖြစ်သူ ချင်းတိုင်းရင်းသား ထီရယ်လ်ထန်သည် ALL IN COMBAT 2 ပြိုင်ပွဲတွင် ပြိုင်ဘက်အမေရိကန်နိုင်ငံသား နစ်ကိုကွန်မစ်ဆောင်းကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ALL IN COMBAT 2 ပြိုင်ပွဲကို ပြီးခဲ့သည့် မေ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ထီရယ်လ်ထန်သည် ဘင်တမ်ဝိတ်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထီရယ်လ်ထန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်  အမေရိကန်ဖိုက်တာ နစ်ကိုသည် အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး ထီရယ်လ်ထန်နှင့်ပွဲမတိုင်မီ MMA ပြိုင်ပွဲ ၇ ပွဲ ထိုးသတ်ထားရာ ၃ ပွဲနိုင်၊ ၄ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

ယင်းပွဲတွင် ထီရယ်လ်ထန်သည် ပထမအချီစတင်ချိန်ကတည်းက ပြိုင်ဘက်ဖိုက်တာ နစ်ကိုကို အတင်းဝင် ဖိအားပေး လိုက်လံထိုးသတ်ခဲ့သည်။

ဘယ်ခြေကန်ချက်ကို အားပြုခဲ့သလို ညာဝိုက်လက်သီးကိုလည်း အားပြုသုံးခဲ့သည်။

ထီရယ်လ်ထန်၏ ညာဝိုက်လက်သီးကြောင့် နစ်ကို ယိုင်ဆင်းသွားခဲ့သော်လည်း ဟန်ချက်ပြန်ထိန်းနိုင်ခဲ့သောကြောင့် ထီရယ်လ်ထန် အခွင့်အရေးကို အသုံးမချနိုင်ခဲကြောင်း သိရသည်။

နစ်ကိုသည် အမှတ်မထင် ထီရယ်လ်ထန်ကို အလစ်အငိုက် Takedown  ဝင်ယူရာ ထီရယ်လ်ထန်က အသင့်အနေထားဖြင့် ကာကွယ်နိုင်ခဲ့ပြီး ပုံပျက်သွားသည့် နစ်ကိုကို ထီရယ်လ်ထန်က အွင့်အရေးအသုံးချကာ ဘယ်ညာလက်သီးတွဲလုံးများ မနားတမ်းပစ်သွင်းနိုင်ခဲ့၍ စောစီးစွာပင် အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းပွဲကို မြန်မာ MMA ကချင်တိုင်းရင်းသား အောင်လအန်ဆန်က လိုက်ပါဝန်းရံခဲ့သလို ထီရယ်လ်ထန်အား များစွာဖေးမကူညီခဲ့ကြောင်း သိရသည်။

ထီရယ်လ်ထန်သည် ပြီးခဲ့သည့် ဧပြီအတွင်းက  LFA အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် LFA 156 ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား  ဟာနန်ဒက်ဇ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

ထီရယ်လ်ထန်သည် ယခင်က ONE Championship အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် MMA ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးပွဲဆက်တိုက်ကြုံတွေ့ပြီးနောက်ပိုင်း  ONE Championship အဖွဲ့အစည်းက စာချုပ်ထပ်မံ မချုပ်ဆိုတော့သဖြင့် LFA အဖွဲ့အစည်းက ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိကြောင်း သိရသည်။

ထီရယ်လ်ထန် ယခု ထိုးသတ်ခဲ့သည့်  ALL IN COMBAT 2 ပြိုင်ပွဲမှာ AIC ၏ ပရိုမိုးရှင်းပွဲဖြစ်ကြောင်း သိရသည်။

ထီရယ်လ်ထန်သည် နောက်ပိုင်းတွင် LFA က ကျင်းပသည့်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

Most Read

Most Recent