ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် မိုးများခဲ့ပြီးနောက် ရေလွှမ်းမှုများဖြစ်ပေါ်ခြင်းကြောင့် အနည်းဆုံးလူ ၁၇၀ ကျော်သေဆုံးကာ နေအိမ်အများအပြား ပျက်စီး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် မိုးများခဲ့ပြီးနောက် ရေလွှမ်းမှုများဖြစ်ပေါ်ခြင်းကြောင့် အနည်းဆုံးလူ ၁၇၀ ကျော်သေဆုံးကာ နေအိမ်အများအပြား ပျက်စီး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း၌ ရေကြီးမှုဖြစ်ပွားသောနေရာတစ်ခု၏ မြင်ကွင်းကို မေလ ၅ ရက်ကတွေ့ရစဉ် (Photo – AFP)
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း၌ ရေကြီးမှုဖြစ်ပွားသောနေရာတစ်ခု၏ မြင်ကွင်းကို မေလ ၅ ရက်ကတွေ့ရစဉ် (Photo – AFP)
Published 6 May 2023
Ref: AFP

မိုးသည်းထန်မှုများက အိမ်နီးချင်း ရဝမ် ဒါနိုင်ငံတွင် လူတစ်ရာကျော်သေဆုံးစေခဲ့ပြီးနောက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ်ဖြစ်သော တောင်ကီဗူးတွင် မိုးများခဲ့ပြီး ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူ၁၇၀ ကျော်သေဆုံးသည်ဟု မေလ ၅ ရက် တွင်တာဝန်ရှိသူများက ပြောကြားသည်။

ကီဗူးရေကန်၏အနောက်ဘက်နှင့်ရဝမ် ဒါနယ်စပ်အနီးက ခါလီဟီဒေသတွင် လူဒါဇင်ပေါင်းများစွာကို စာရင်းမကောက်ထားဟု တောင်ကီဗူးပြည်နယ်အုပ်ချုပ်ရေးမှူးသီ ယိုအန်ဝါဘီဂျီက ပြောကြားသည်။ ယင်းဒေသတွင် ရေကြီးမှုများက နေအိမ်ရာချီ မျောပါ စေခဲ့သည်ဟု ဆိုသည်။

“လူ ၁၇၆ ဦးသေဆုံးတယ်လို့ ကျွန်တော်တို့ စာရင်းရထားပါတယ်”ဟု ခါလီဟီဒေသကိုလာရောက်ရာတွင် ၎င်းက ပြောကြားသည်။

“စုစုပေါင်းစာရင်းဟာ ယာယီဖြစ်ပါတယ်။ လူ ၁၀၀ လောက် ပျောက်နေပါတယ်” ဟု တောင်ကီဗူးပြည်နယ်အုပ်ချုပ်ရေးမှူး သီယိုအန်ဝါဘီဂျီက ဆက်လက်ပြောကြားသည်။

ယာယီသေဆုံးစာရင်းအရ လူ ၁၀၀ ခန့်သေသည်ဟု အစောပိုင်းတွင်ခါလီဟီ ဒုတိယအုပ်ချုပ်ရေးမှူး အာချီမီဒီခါဟီဘွာက အေအက်ဖ်ပီကို ပြောကြားသည်။

သေဆုံးသွားသော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသားများကို သတိရသည့်အနေဖြင့် တစ်ရက်တာ တစ်နိုင်ငံလုံးဝမ်းနည်းမှုကို မေလ ၈ ရက်တွင် အလံများ တိုင်ဝက်လွှင့်ထူ၍ ပြုလုပ်သွားမည်ဟု မေလ ၅ ရက် ညနေပိုင်းတွင် အစိုးရက ကြေညာသည်။

မိုးများခဲ့ပြီးနောက် မြစ်များသည် ကမ်းပါးများကို ရေကျော်သည့်အခါ, ခါလီဟီဒေသရှိ ကျေးရွာအချို့ ရေမြုပ်သွားသည်။

ရေလွှမ်းမှုများက နေအိမ်ရာပေါင်းများစွာကို ရေနှင့်အတူ မျောပါသွားစေပြီး စျေးများတွင် စျေးရောင်းသူများနှင့် ဝယ်သူများကို အံ့အားသင့်စေခဲ့သည်ဟု ခါဟီဘွာက ပြောကြားသည်။

မြစ်က ရွာသားများကို ရေနှင့်အတူဆွဲ မချသွားမီ မေလ ၄ ရက် မွန်းလွဲပိုင်းတွင် မိုးစတင်ရွာသည်ဟု ယင်းဒေသရှိအရပ်ဘက် လူ့အဖဲဲွ့အစည်းတစ်ခုမှထင်ရှားသောပုဂ္ဂိုလ် အင်နိုးဆန့်မူပန်ဒါက ပြောကြားသည်။

ရေလွှမ်းမှုအတွင်း ၎င်း၏ မိခင်နှင့်ကလေး ၁၁ ဦးတို့ သေဆုံးသည်ဟု မူပန်ဒါက ပြောကြားသည်။

ရေလွှမ်းမှုများက လူနှင့်ပစ္စည်းများကို ထိခိုက်ပျက်စီးစေသည်ဟု ခါလီဟီမှ ရွေးကောက်ခံတာဝန်ရှိသူ ဗိုက်တယ်မူဟီနီက ဒေသတွင်းရေဒီယိုကို ပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၁၅၀ ဝန်းကျင်ရှိသည်ဟု ဆိုသည်။

သေဆုံးသူ အရေအတွက်မှာ အမျိုးမျိုးဖြစ်နေသောကြောင့် တိကျသည့် သေဆုံးသူ အရေအတွက်ကို အေအက်ဖ်ပီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အပျက်အစီးများကြားတွင် ရှာဖွေမှု ဆက်လက်လုပ်ဆောင်နေသည်ဟု မေလ ၅ ရက် မွန်းလွဲပိုင်းတွင် ဆောင်ရွက်သောကယ်ဆယ်ရေးအဖွဲ့မှ အမည်မဖော်လိုသူအဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။

အိမ်နီးချင်း ရဝမ်ဒါနိုင်ငံတွင် မိုးများခြင်းကြောင့် ယခုသီတင်းပတ်အတွင်း အနည်းဆုံး လူ ၁၂၇ ဦးသေဆုံးခဲ့ပြီးနောက် အရှေ့ကွန်ဂို၏ ပြင်းထန်ရေလွှမ်းမှု ဖြစ်ပွားခြင်းဖြစ်သည်။ အရှေ့ကွန်ဂိုနှင့် ရဝမ်ဒါတို့သည် ကီဗူးကန်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။

မြစ်များ ရေလျှံနေခြင်းကြောင့် ဆိုးဆိုးရွားရွားရေလွှမ်းမှု လေးကြိမ်ဖြစ်ပွားသည်ဟု ခါဟီဘွာကပြောသည်။

Most Read

Most Recent