အမေရိကန်သည် တရုတ်အပါအဝင် အခြားနိုင်ငံများကိုတိုက်ခိုက်ရန် အစွမ်းထက်သော ဆိုက်ဘာလက်နက်များကို အသုံးပြုခဲ့ဟု တရုတ် ပြောကြား

အမေရိကန်သည် တရုတ်အပါအဝင် အခြားနိုင်ငံများကိုတိုက်ခိုက်ရန် အစွမ်းထက်သော ဆိုက်ဘာလက်နက်များကို အသုံးပြုခဲ့ဟု တရုတ် ပြောကြား
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ဗာဂျီးနီးယားပြည်နယ် မက်ကလင်းမြို့ရှိ CIA ဌာနချုပ်၏ ဝင်ပေါက်တွင် CIA အမှတ်တံဆိပ်ကို တွေ့ရစဉ် (Photo – AFP)
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ဗာဂျီးနီးယားပြည်နယ် မက်ကလင်းမြို့ရှိ CIA ဌာနချုပ်၏ ဝင်ပေါက်တွင် CIA အမှတ်တံဆိပ်ကို တွေ့ရစဉ် (Photo – AFP)
Published 5 May 2023
Ref: SCMP

အမေရိကန်၏ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) သည် တရုတ်အပါအဝင် အခြားနိုင်ငံများကို တိုက်ခိုက်ရန် အစွမ်းထက်သော ဆိုက်ဘာလက်နက်များကို အသုံးပြုခဲ့သည်ဟု မေ ၄ ရက်က တရုတ်နိုင်ငံတွင် ထွက်ရှိခဲ့သည့် သတင်းတစ်ရပ်အရ သိရသည်။

တရုတ်၏ အမျိုးသား ကွန်ပျူတာ ဗိုင်းရပ်စ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးစင်တာ (CVERC) နှင့် တရုတ်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ 360 တို့က ပူးတွဲထုတ်ပြန်ခဲ့သည့် ယင်းသတင်းတွင် စီအိုင်အေသည် အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး တရုတ်ကို ထိခိုက်စေရန်နှင့် ကမ္ဘာတစ်ဝန်းတွင် အသွေးအရောင် တော်လှန်ရေးများကို လျှို့ဝှက်စွာစီမံ ဆောင်ရွက်နေသည်ဟု စွပ်စွဲခဲ့သည်။

တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု အများအပြားကို အာရုံစိုက်လေ့လာခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ဆိုက်ဘာတိုက်ခိုက်မှု တစ်မျိုးဖြစ်သည့် Trojan ပရိုဂရမ်အများအပြားကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်သိရှိခဲ့ပြီး ယင်းတိုက်ခိုက်မှုများသည် CIA နှင့် အနီးကပ်ဆက်နွှယ်မှုရှိခဲ့ကာ အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ဟက်ကာအများအပြားရှိနေသည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ ဆိုက်ဘာလက်နက်များသည် တိကျမှု၊ စံသတ်မှတ်မှုနှင့် ပရော်ဖက်ရှင်နယ် ဆော့ဖ်ဝဲ အင်ဂျင်နီယာပညာ စီမံခန့်ခွဲမှုများရှိပြီး CIA ၏ ဆိုက်ဘာလက်နက်များသည် အလွန်အစွမ်းထက်ပြီး နီးကပ်သည့် အချိတ်အဆက်များရှိသည်ဟု စုံစမ်းထောက်လှမ် သူများက ပြောကြားခဲ့သည်။

လက်ရှိတွင် CIA သည် ကမ္ဘာတစ်ဝန်းရှိ အင်တာနက်နှင့် ဆက်နွှယ်သည့် အရာအားလုံးနီးပါးကို လွှမ်းခြုံနိုင်ခဲ့ပြီး ပြည်ပကွန်ရက်များကို ထိန်းချုပ်ခွင့်ရရှိကာ အရေးကြီးပြီး ထိလွယ်ရှလွယ်ရှိသည့် ဒေတာများကို အချိန်မရွေး ခိုးယူခွင့်ရရှိနေသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများ၏ ပစ်မှတ်များထဲတွင် နိုင်ငံအများအပြားရှိ အခြေခံအဆောက်အအုံ၊ လေကြောင်းနှင့် အာကာသ၊ သုတေသနအင်စတီကျူးရှင်းများ၊ ရေနံနှင့် ရေနံဓာတုပစ္စည်းလုပ်ငန်းများ၊ အင်တာနက် ကုမ္ပဏီကြီးများ၏ အရေးကြီးသည့် အချက်အလက်များ ပါဝင်ကာ ယင်းတိုက်ခိုက်မှုများ ကို ၂၀၁၁ ခုနှစ်မှစပြီး ခြေရာခံနိုင်ခဲ့ကာ လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

ပြည်ပအစိုးရများ၊ ကုမ္ပဏီများ၊ နိုင်ငံသားများထံမှ စုဆောင်းရယူခဲ့သည့် သတင်းအချက်အလက်များကို အမျိုးသားလုံခြုံရေး ထောက်လှမ်းမှုနှင့် လုံခြုံရေးအန္တရာယ်ကို အကဲဖြတ်ချင့်တွက်မှုများပြုလုပ်ရန်အတွက် အမေရိကန်၏ မူဝါဒချမှတ်သူများထံ ပေးပို့ ခဲ့ဖွယ်ရှိသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ၏ တောင်းဆိုချက်ဖြင့် CIA သည် နယ်စပ်ဖြတ်ကျော်သည့် လျှို့ဝှက်လှုပ်ရှားမှုများကို ကြီးကြပ်လုပ်ဆောင်နေသည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

CIA သည် ဆယ်စုနှစ်များစွာအတွင်း တရားဝင်မှုရှိသည့် ပြည်ပအစိုးရပေါင်း ၅၀ ကျော်ကို ဖြုတ်ချခြင်း သို့မဟုတ် ဖြုတ်ချရန် ကြိုးပမ်းခဲ့ပြီး နိုင်ငံများကို မတည်မငြိမ်ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထို့ပြင် အခြားနိုင်ငံများတွင် မတည်မငြိမ်ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ရာတွင် CIA သည် များပြားသည့် သတင်းအချက်အလက်များနှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

Most Read

Most Recent