အိန္ဒိယ၏ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေသည့် အပူလှိုင်းများ

အိန္ဒိယ၏ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေသည့် အပူလှိုင်းများ
Published 3 May 2023
TRANSLATED - ရာဇ

၂၀၂၂ ခုနှစ် ဧပြီလတွင် စံချိန်တင်အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံရှိ လူ ၉၀ ရာခိုင်နှုန်းသည် ငတ်မွတ်ခြင်း၊ ဝင်ငွေဆုံးရှုံးခြင်း သို့မဟုတ် အချိန်မတန်မီ သေဆုံးနိုင်ခြေပိုများကြောင်း ကျွမ်းကျင်သူများ၏လေ့လာမှုအသစ်တွင် ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်ကို ၁၂၂ နှစ်အတွင်း အပူဆုံးဟုသတ်မှတ်ခဲ့ပြီးနောက် အိန္ဒိယ၏နေရာဒေသ ၆၀ ရာခိုင်နှုန်းကျော်သည် ယခုနှစ် ဧပြီလအတွက် ပုံမှန်အမြင့်ဆုံးအပူချိန်ထက် စံချိန်တင်ခဲ့မှုနှင့်အတူ ပြင်းထန်သောအပူချိန်သည် ယခုနှစ်အစောပိုင်းတွင် နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့ကြောင်း နိုင်ငံ၏မိုးလေဝသဌာနမှ သိရသည်။

ကမ္ဘာလုံးဆိုင်ရာ အပူချိန်တိုးမြင့်လာနိုင်သည့် သဘာဝရာသီဥတုဖြစ်စဉ် အယ်နီညိုသည်လည်း ယခုနှစ်တွင် ဖြစ်ပွားမည်ဟု မျှော်လင့်ရသည်။

ထိုကဲ့သို့ ပြင်းထန်သောအပူလှိုင်းများ ကျရောက်မှု အကြိမ်ရေတိုးလာခြင်းသည် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စားနပ်ရိက္ခာနှင့် ဝင်ငွေဖူလုံရေးနှင့် ကျားမတန်းတူညီမျှမှုရှိ စေရေးတို့တွင် တိုးတက်နေသည့် အလားအလာကို ရပ်တန့်စေခြင်း သို့မဟုတ် လျော့ကျသွားစေနိုင်ခြင်းတို့ ဖြစ်လာနိုင်ပြီး အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလျံ၏ လူနေမှုဘဝနှင့် အရည်အသွေးကို ထိခိုက်စေနိုင်မည်ဖြစ်သည်။

သဘာဝဖြစ်စဉ်တစ်ခုအနေဖြင့် အိန္ဒိယတိုက်ငယ်တွင် နှစ် ၃၀ လျှင် တစ်ကြိမ် သို့မဟုတ် ထို့ထက်လွန်ကဲသော အချိန်ကာလတွင် ဆိုးရွားသည့် အပူချိန်ဖြစ်ပေါ်လာနိုင်မည်ဟု ခန့်မှန်းရသည်။

လူသားများကြောင့်ဖြစ်ပွားသည့် ရာသီဥတုဖောက်ပြန်မှုသည် ရေရှည်တွင် အံ့သြစရာကောင်းသည့်ကိစ္စမျိုးတော့ မဟုတ်တော့ပေ။

အိန္ဒိယနိုင်ငံသည် ၁၉၉၂ ခုနှစ်တည်းက အပူလှိုင်းနှင့်ဆက်နွှယ်သည့် သေဆုံးသူပေါင်း ၂၄၀၀၀ ကျော်ရှိခဲ့ပြီး ၁၉၉၈ ခုနှစ် မေလတွင် အပူလှိုင်းကြောင့် လူပေါင်း ၃၀၅၈ ဦးသေဆုံးခဲ့ကာ ယင်းသည် အပူလှိုင်းကြောင့် လူသေဆုံးမှုအများဆုံး ဖြစ်စဉ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် မေလတွင် အပူလှိုင်းများ ကျရောက်ချိန်အတွင်း နိုင်ငံအနောက်ပိုင်း အာမက်ဒါဘက်မြို့တွင် အပူချိန် ၄၇ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်သို့ရောက်ရှိခဲ့ပြီး အပူလှိုင်းနှင့်ဆက်စပ်သော မွေးကင်းစကလေးငယ်များ ဆေးရုံတင်ရမှုသည် ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ အာမက်ဒါဘက်မြို့သည် အပူလှိုင်းများကျရောက်မှုကို အရေးပေါ်တုံ့ပြန်ရေးနှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရေးအစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်ခဲ့သည့် အိန္ဒိယ၏ ပထမဆုံးသောမြို့ဖြစ်လာခဲ့ပြီး ထောင်နှင့်ချီသည့် လူ့အသက်များကို ကယ်တင်နိုင်ခဲ့သည်။

၂၀၁၅ ခုနှစ် အပူလှိုင်းကြောင့် လူပေါင်း ၂၃၃၀ ကျော် သေဆုံးခဲ့ပြီးနောက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် အပူလှိုင်းများကျရောက်ချိန်အတွင်း သေဆုံးမှုများအား ကာကွယ်ရန် လမ်းညွှန်ချက်များချမှတ်ခဲ့ကာ အိန္ဒိယ၏ပြည်နယ်များကို ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များရေးဆွဲရန် တွန်းအားပေးခဲ့သည်။

ယင်းအစီအစဉ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းသည် အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

အပူလှိုင်းများကျရောက်မှုအတွက် သင့်လျော်သောအစီအစဉ်များကို မဖော်ဆောင်ပါက ဆိုးရွားသောအပူချိန်များသည်  ၂၀၅၀ ပြည့်နှစ်နှင့်  ၂၁၀၀ ပြည့်နှစ်တွင် နိုင်ငံ့ဂျီဒီပီကို  ၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၈ဒသမ ၇ ရာခိုင်နှုန်း အသီးသီးဆုံးရှုံးစေမည်ဖြစ်သည်။ အထူးသဖြင့် ၂၀၃ဝပြည့်နှစ်တွင် ဒေါ်လာ ၁ဝထရီလျံရှိ သည့် ဂျီဒီပီဖြစ်လာရန်  ရည်မှန်းချက်အတွက် စိုးရိမ်စရာလမ်းကြောင်းတစ်ခုဖြစ်သည်။

အပူလှိုင်းကျရောက်မှုအတွက် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်များသည် လူဦးရေတစ်ခုလုံးအပေါ် အပူလှိုင်းများ၏ အကျိုးဆက်များကို လွှမ်းခြုံသက်ရောက်နိုင်မှသာ အသုံးမည်ဖြစ်သည်။

အိန္ဒိယအာဏာပိုင်များအနေဖြင့် ဆိုးရွားပြင်းထန်သည့်အပူချိန်ရှိနေချိန် (အရေးပေါ်လုပ်ဆောင်ရန် လိုအပ်သည့်အချိန်တွင်) လူထုက ခံစားနေရသည့် အခြေအနေများကို သိရှိရန် လိုအပ်သည်။

ကျွမ်းကျင်သူများသည် လေထုအပူချိန်နှင့် စိုထိုင်းဆအဆင့်နှင့်ဆက်စပ်၍ လူ့ခန္ဓာကိုယ်၏ပူပြင်းမှုကို ခံစားရနိုင်ခြေကို ဆုံးဖြတ်ရန် အမေရိကန်တွင် တွင်ကျယ်စွာအသုံးပြုလုပ်ဆောင်နေသည့် အပူညွှန်းကိန်းဟုခေါ် သော ပတ်ဝန်းကျင် ကျန်းမာရေးစီမံချက်တစ်ခုကို အသုံးပြုလေ့လာခဲ့သည်။

ယင်းက အိန္ဒိယနိုင်ငံတစ်ဝှမ်း အပူလှိုင်းဒဏ်ခံရခြင်းအပေါ်  ထိလွယ်ရှလွယ်သူများ  မည်မျှများပြားနေသည်ဆိုသည့်အချက်ကို ဖော်ထုတ်ရာတွင် အထောက်အကူရခဲ့ပြီး ပြီးခဲ့သည့်နှစ် အပူလှိုင်းကျရောက်ချိန်အတွင်း နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသည် ပြင်းထန်သောဂယက်ရိုက်ခတ်မှု အန္တရာယ်ကျရောက်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

အိန္ဒိယ၏ ဆိုးရွားသောအပူချိန်ကို နိုင်ငံ့လူဦးရေ၏ ခံနိုင်ရည်ရှိမှုအပေါ် တိကျစွာ တိုင်းတာရန် အရေးကြီးသည်။

ရာသီဥတုဒဏ် ခံနိုင်ရည်ရှိနိုင်စွမ်းညွှန်းကိန်းဟု လူသိများသော အိန္ဒိယအစိုးရက အသုံးပြုသည့်စနစ်တွင် လူသားများ၏ ကျန်းမာရေးအပေါ် အပူဒဏ်ကြောင့်ဖြစ်ပေါ်စေသည့်  ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များကို ထည့်သွင်းတွက်ချက်ခြင်း မရှိခဲ့ပေ။

ယခုလေ့လာမှုတွင် လေအပူချိန်နှင့် နှိုင်းရစိုထိုင်းဆအဆင့်များ ပေါင်းစပ်ခြင်းဖြင့် ရရှိသည့် အပူညွှန်းကိန်းသည် ဆိုးရွားသော အပူချိန်ကို ကိုယ်တွေ့ခံစားနေရသည့်အခြေအနေကို ဖော်ပြခဲ့သည်။ တစ်နည်းဆိုရသော် အပူဒဏ်ကို ခံစားရသောလူအတွက် သူသည် မည်မျှပူပြင်းသည့်အပူချိန်ကို ခံစားနေရသည်ကို ဖော်ပြခြင်း ဖြစ်သည်။

အိန္ဒိယတွင် ဆိုးရွားပြင်းထန်သည့် အပူချိန်၏သက်ရောက်မှုများကို လျှော့တွက်ခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်များတွင် တိုးတက်မှုကို လျှော့ချ သို့မဟုတ် နောက်ပြန်လှည့်သွားစေ နိုင်သည်။

၎င်းတို့အနက် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု၊ ကျန်းမာရေးနှင့် သုခချမ်းသာ၊ သာတူညီမျှမှု၊ စီးပွားရေးတိုးတက်မှုနှင့် စက်မှုဆန်းသစ်တီထွင်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲတို့နှင့် သက်ဆိုင်သည့်အရာများပါဝင်သည်။

လွန်ကဲသော ရာသီဥတုဖြစ်စဉ်အရေအတွက်တိုးလာခဲ့သည့် လွန်ခဲ့သည့်နှစ် ၂၀ အတွင်း အိန္ဒိယ၏ အဆိုပါရည်မှန်းချက်များ အောင်မြင်ရန် တိုးတက်မှု နှေးကွေးသွားရခြင်းကြောင့် ယင်းသည် အထူးစိုးရိမ်ဖွယ်ဖြစ်သည်။

ဥပမာအားဖြင့် ပြင်းထန်သည့်အပူချိန်ကြောင့် မိုးခေါင်မှုကို ပိုမိုဆိုးရွားနိုင်စေကာ မြေဆီလွှာခန်းခြောက်ပြီး မိုးရွာသွန်းမှုပုံစံများကို ကမောက်ကမဖြစ်စေနိုင်သဖြင့် နောက်ဆုံးတွင် သီးနှံထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပြီး အိန္ဒိယလူ့အဖွဲ့အစည်း၏ ကျန်းမာရေးနှင့် သုခချမ်းသာကို များစွာထိခိုက်စေနိုင်သည်။

အိန္ဒိယ၏ စီးပွားရေးတွင် စိုက်ပျိုးမွေးမြူရေးသည် အဓိကဖြစ်သောကြောင့် ဤကဏ္ဍတွင် ကုန်ထုတ်စွမ်းအားဆုံးရှုံးမှုသည် မဖြစ်စလောက်နှင့် အသေးစားလယ်ယာလုပ်သူ သန်းပေါင်းများစွာ၏ ကျန်းမာရေးနှင့် အလုပ်အကိုင်များအပြင် နေထိုင်မှုဘဝပုံစံ အသစ်တည်ဆောက်မှုနှင့် ယင်းပုံစံအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းတို့အပေါ် ခြိမ်းခြောက်နေသည်။

အပူလှိုင်းနှင့်ဆက်နွှယ်နေသည့်နောက် ထပ်စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေတစ်ခုမှာ  အိန္ဒိယ၏ ဖိအားများနှင့်ရင်ဆိုင်နေရသော ပြည်သူ့ကျန်းမာရေးစနစ်ကို ပိုမိုဆိုးရွားစေနိုင်သည့် ရေမှပေါက်ပွားသော အင်းဆက်ပိုးမွှားမှ ကူးစက်သောရောဂါများ တိုးလာခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ကျေးလက်ဒေသများမှ သန်းနှင့်ချီသောလူများသည် ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိရန် အိန္ဒိယနိုင်ငံ၏မြို့ ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

သို့သော် အပူလှိုင်းများသည် မြို့ပြလူဦး ရေအပေါ်ကိုလည်း ဆိုးရွားစွာထိခိုက်စေခဲ့သည်။ ဥပမာပြရလျှင် ဒေလီတစ်မြို့လုံးနှင့် မြို့ခံ ၃၂ သန်းသည် ၂၀၂၂  အပူလှိုင်းအောက်တွင် ခြိမ်းခြောက်ခံခဲ့ရသည်။

ရွှေ့ပြောင်းနေထိုင်သူအများစုသည် အပူလှိုင်း၏သက်ရောက်မှုများကို ဆိုးဆိုးရွားရွားခံရလေ့ရှိသည့် မြို့၏အဆင်းရဲဆုံးရပ်ကွက်များတွင် အခြေချနေထိုင်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဝမ်းနည်းစရာကောင်းသည့်အချက်မှာ ဤအသိုင်းအဝိုင်းများသည် ၎င်းတို့၏ဆင်းရဲဒုက္ခများကို သက်သာရာရစေမည့် လေအေးပေးစက်များဝယ်ယူရန် ငွေကြေးမတတ်နိုင်ခြင်းဖြစ်သည်။

အိန္ဒိယ၏ ရာသီဥတုပြောင်းလဲမှုအပေါ်  ထိလွယ်ရှလွယ်ရှိမှုကို အကဲဖြတ်ရန် လက်ရှိလုပ်ထုံးလုပ်နည်းများသည် ပြည်သူများအား မကြာသေးမီနှစ်များအတွင်း မြင်တွေ့ရသည့် ထူးခြားသောအပူဒဏ်ကို ကြံ့ကြံ့ခံရန် အထောက်အကူမပြုနိုင်ဘဲ ချက်ခြင်းအဆင့်မြှင့်တင်ရမည်ဖြစ်သည်။

တောင်အာရှရှိအပူလှိုင်းများသည် ယခုရာစုနှစ်အတွင်း ပိုမိုအားကောင်းလာပြီး မကြာခဏပိုမိုဆိုးရွားလာလိမ့်မည်ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့က ခန့်မှန်းထားသည်။

အပူချိန်၏ သက်ရောက်မှုများကို လျော့ပါးစေရန်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် အပူလှိုင်းကျရောက်မှုနှင့်ပတ်သက်သည့် တုံ့ပြန်ဆောက်ရွက်ရေးအစီအစဉ်များသည် အရေးပါလိမ့်မည်ဖြစ်သော်လည်း  ယင်းလုပ်ဆောင်မှုများသည် အိန္ဒိယနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိနိုင်စွမ်းအခြေအနေများ၏ ရှုပ်ထွေးမှုကိုလည်း ကိုယ်စားပြုရမည်ဖြစ်သည်။

အိန္ဒိယ၏ မြို့များသည် လာမည့် ၁၀ နှစ်အတွင်း လူဦးရေးပေါက်ကွဲမှုနှင့် ကြုံတွေ့ရဖွယ်ရှိပြီး ယင်းအခြေအနေအတွက် လူနေအဆောက်အအုံ ၇၀ ရာခိုင်နှုန်းမှာ ဆောက်လုပ်ပြီးစီးခြင်းမရှိသေးမှုနှင့်အတူ အိန္ဒိယမြို့ကြီးများသည် ပြင်းထန်သော အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ရေးသည် အလွန်အရေးကြီးလှသည်။

ထို့ကြောင့် အိမ်အသစ်များဆောက်လုပ်ရာတွင် အပူဒဏ်ခံနိုင်ပြီး အလွယ်တကူ အေးမြစေသည့် အိမ်ပုံစံများကို ဆောက်လုပ်ရန် အခွင့်အလမ်းတစ်ခု ရှိနေဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ လူအများအပြားသည် အနာဂတ်တွင် ပိုမိုပြင်းထန်သောအပူဒဏ်ကို ခံရနိုင်ဖွယ်ရှိသဖြင့် ယင်းအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ဘဏ္ဍာရေး၊ မြို့ပြဒီဇိုင်းနှင့် ပညာရေးတို့သည် မရှိမဖြစ် လိုအပ်နေမည်ဖြစ်သည်။                      

Ref:CNA

Most Read

Most Recent