NSPNC နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး

NSPNC နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး
Published 29 March 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ မတ် ၂၈ ရက်က အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် အထောက်အကူပြုအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ NCA-S-EAO အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS)၊ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး (NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောကျော်သန်းဌေး (DKBA)၊ စောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး (LDU)၊ ခွန်မင်းသိန်း(PNLO)နှင့် အထောက်အကူပြု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စနှင့် ဖက်ဒရယ်အခြေခံမူများကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲဒုတိယနေ့ကို မတ်၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။