ယခုနှစ်တွင် ကိုဗစ်သည် တုပ်ကွေးကဲ့သို့ အလားတူခြိမ်းခြောက်မှုအဆင့်အထိ လျော့ကျနိုင်ဟု WHO ပြောကြား

ယခုနှစ်တွင် ကိုဗစ်သည် တုပ်ကွေးကဲ့သို့ အလားတူခြိမ်းခြောက်မှုအဆင့်အထိ လျော့ကျနိုင်ဟု WHO ပြောကြား
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ ဟီဘေးပြည်နယ်ရှိ Baoding No.2 ဗဟိုဆေးရုံတွင် COVID-19 လူနာတစ်ဦးကို သယ်ပို့နေစဉ် (Photo – Reuters)
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ ဟီဘေးပြည်နယ်ရှိ Baoding No.2 ဗဟိုဆေးရုံတွင် COVID-19 လူနာတစ်ဦးကို သယ်ပို့နေစဉ် (Photo – Reuters)
Published 19 March 2023
Ref: AFP

ယခုနှစ်တွင် COVID-19 ကပ်ရောဂါသည် တုပ်ကွေးကဲ့သို့ အလားတူခြိမ်းခြောက်မှုအဆင့်အထိ လျော့ကျသွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

WHO က ၂၀၂၃ ခုနှစ်အတွင်းအရေးပေါ်ကြေညာချက်ကို အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည့်အနေဖြင့် ဗိုင်းရပ်စ်၏ကပ်ရောဂါအဆင့်သည်ပြီးဆုံးရန် မျှော်လင့်ချက်များ ပိုမိုမြင့်တက်လာသည်ဟု ပြောကြားခဲ့သည်။

WHO က COVID-19 အား ကပ်ရောဂါအဖြစ် ကြေညာခဲ့ချိန်ကတည်းက လွန်ခဲ့သည့်သီတင်းပတ်ကုန်တွင် သုံးနှစ်ပြည့်သွားခဲ့ပြီဖြစ်သည်။

“COVID-19 ကို ရာသီတုပ်ကွေးလိုမျိုး ရှုမြင်နိုင်တဲ့အဆင့်အထိ ရောက်ရှိလာပြီလို့ ကျွန်တော်ထင်ပါတယ်”ဟု WHO အရေး ပေါ်ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် ဗိုင်းရပ်ကြောင့် လူသေဆုံးမှု ဆက်လက်ရှိနေဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းဒါမှမဟုတ် ကျွန်တော်တို့ရဲ့ကျန်းမာရေးစနစ်တွေကို အနှောင့်အယှက်မပေးတဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပါတယ်။ ဒါဟာအခုနှစ်မှာဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု တက်ဒရိုက ပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် ကပ်ရောဂါကာလအတွင်း အချိန်များထက် လက်ရှိတွင်ပိုမိုကောင်းမွန်လာသည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။

“အခုနှစ်မှာ ကျွန်တော်တို့တွေဟာ COVID-19 ကို နိုင်ငံတကာတွင်စိုးရိမ်ဖွယ် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) ကနေ ကျော်လွှားသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းကဆိုသည်။

COVID-19 သည်တရုတ်နိုင်ငံပြင်ပတွင် ကူးစက်မှုဖြစ်စဉ် ၁၀၀ ကျော်ရှိလာသည့် ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင်အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်သည့် PHEIC ကို WHO က ထုတ်ပြန်ကြေညာခဲ့ပြီးထိုအချိန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦး တစ်ယောက်မျှ မရှိသေးပေ။

သို့သော် မတ် ၁၁ ရက်တွင် ကပ်ရောဂါ၏အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း တက်ဒရိုကပြောကြားခဲ့ပြီးနိုင်ငံအများအပြားသည် အန္တရာယ်ရှိသည့်အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။

“လွန်ခဲ့တဲ့သုံးနှစ်က ကမ္ဘာတစ်ဝန်းလုံး မှာ COVID-19 ကြောင့်သေဆုံးသူ ခုနစ်သန်းနီးပါးရှိပါတယ်။ ဒါပေမဲ့ အမှန်တကယ် သေဆုံးတဲ့သူအရေအတွက်ကတော့ ပိုမိုများပြားနိုင်ပါတယ်”ဟု တက်ဒရိုကဆိုသည်။

လွန်ခဲ့သည့်သီတင်းပတ်လေးပတ်ကျော်အတွင်း အပတ်စဉ် ကိုဗစ်ကြောင့်လူသေဆုံးမှုအရေအတွက်သည် COVID-19 အား ကပ်ရောဂါအဖြစ်ပထမဆုံးကြေညာသည့်အချိန် ထက်လျော့နည်းနေသည့်အပေါ် ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် ကမ္ဘာတစ်ဝန်းတွင် အပတ်စဉ် ကိုဗစ်ကြောင့် လူ ၅၀၀၀ ကျော်သေဆုံးနေမှုသည် ကာကွယ်၊ကုသနိုင်သော ရောဂါအတွက် ယင်းအရေအတွက်သည် အလွန် များပြားနေသည်ဟု တက်ဒရိုကဆိုသည်။

ကိုရိုနာဗိုုင်းရပ်စ်အသစ် ပထမဆုံးကူးစက်မှုဖြစ်စဉ်ကို တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တွေ့ရှိခဲ့သည်။

“ကပ်ရောဂါကိုအဆုံးသတ်ဖို့ ကျွန်တော်တို့တွေရဲ့မျှော်လင့်ချက်တွေ မြင့်တက်လာနေသည့်တိုင် ဒီကပ်ရောဂါဟာ ဘယ်လိုစတင်ပေါ်ပေါက်လာတယ်ဆိုတာကိုတော့ အခုချိန်ထိ အဖြေရှာမရသေးပါဘူး”ဟု တက်ဒရိုက ပြောကြားခဲ့သည်။

တက်ဒရိုက “ကျွန်တော်တို့အနေနဲ့တရုတ်နိုင်ငံကို အချက်အလက်တွေ ၊ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရလဒ်တွေကို ပွင့်လင်းမြင်သာစွာ မျှဝေပေးဖို့ ဆက်လက်တောင်းဆိုလိုပါတယ်”ဟု ပြောကြားခဲ့သည်။

Most Read

Most Recent