မတ်လ ၁၄ ရက်က ရုရှားဂျက်တိုက်လေယာဉ်တစ်စင်း၏ ကြားဖြတ်ဟန့်တားမှုကြောင့် အမေရိကန်၏ ကင်းထောက်ဒရုန်းတစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ပင်လယ်နက်ဒေသပေါ်တွင် ကင်းထောက်ဒရုန်း ပျံသန်းမှုများကို ပြန်လည်စတင်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦးက မတ်လ ၁၇ ရက်တွင် ပြော ကြားခဲ့သည်။
မတ်လ ၁၇ ရက်က RQ-4 Golbal Hawk အမျိုးအစား ကင်းထောက်ဒရုန်းတစ်စင်းသည် ပင်လယ်နက်ဒေသတွင် ပျံသန်းရေး မစ်ရှင်တစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ယင်းသည် မတ်လ ၁၄ ရက်ဖြစ်စဉ်နောက်ပိုင်း ၎င်းကဲ့သို့ ဒရုန်းပျံသန်းမှုမျိုးကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ထိုဖြစ်စဉ်ကြောင့် အမေရိကန်၏ အလားတူပျံသန်းမှု မစ်ရှင်များကို ရပ်တန့်မည်မဟုတ်ကြောင်း ယခုသီတင်းပတ်ထဲတွင် ပင်တဂွန်တာဝန်ရှိသူများက အခိုင်အမာ ပြောဆိုထားသည်။
သို့ရာတွင် အမေရိကန်၏ MQ-9 ဒရုန်းယာဉ် ပျက်ကျမှုသည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှား တို့ တိုက်ရိုက်ပတ်သက်နေသည့် ပထမဆုံး ဖြစ်စဉ်ဖြစ်ကာ အမေရိကန်နှင့် ရုရှားတို့အ ကြား ဆက်ဆံရေးတင်းမာမှုများ ပိုဆိုးရွားလာ ခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ စလုံးက အပြန်အလှန် လူသိရှင်ကြား အပြစ် တင်ထားသည်။
မတ်လ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ယင်း ဖြစ်စဉ်တွင် ရုရှား၏ Su-27 တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန်၏ MQ-9 Reaper ဒရုန်းကို နိုင်ငံတကာ ရေပြင်နယ်နိမိတ်အပေါ်တွင် ကြားဖြတ်ဟန့်တားခဲ့ပြီး ရုရှားတိုက်လေယာဉ်တစ်စင်းက ၎င်းတို့ဒရုန်းအပေါ်ကို လောင်စာများ လောင်းချခဲ့သည်ဟု အမေရိကန်၏ ဥရောပစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
“လေယာဉ်ချင်းမတိုက်မိခင်အချိန်မှာ Su-27 တိုက်လေယာဉ်တွေက လောင်စာတွေလောင်းချခဲ့ပြီး MQ-9 ရဲ့ အရှေ့မှာ မဆင်မခြင်နဲ့ ပရော်ဖက်ရှင်နယ်မဆန်ဘဲ မောင်းနှင်ခဲ့တာဖြစ်ပါတယ်”ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
ရုရှားကမူ ၎င်း၏ Su-24 ဂျက်တိုက် လေယာဉ်နှစ်စင်းက အမေရိကန် ဒရုန်းယာဉ်အနီးတွင် မဆင်မခြင် ပြုမူခဲ့သည်ဆိုသော အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ ပြီး အမေရိကန်၏ ဒရုန်းသည် ရုတ်တရက် အရှိန်ဖြင့်ချိုးကွေ့လိုက်ခြင်းကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
သို့ရာတွင် ရုရှားဂျက်တိုက်လေယာဉ်တစ်စင်း အမေရိကန် ဒရုန်းတစ်စင်းနှင့် အလွန်နီးကပ်စွာ ပျံသန်းလာပြီး ၎င်းဒရုန်းအနီးသို့ လောင်စာဆီများ လောင်းခဲ့ပုံကို ပြသထားသည့် ဗီဒီယိုတစ်ခုကို ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ ယင်းသည် ပျံသန်းနေသည့် အမေရိကန် ဒရုန်းယာဉ်ကို ထိခိုက်မှုဖြစ်ပွား အောင် လုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပုံရကြောင်း အမေရိကန် တာဝန်ရှိသူများကဆိုသည်။
ထို့အပြင် ဒရုန်းနှင့် ဝင်တိုက်မိစေသည့် အကြောင်းရင်းဟု ပင်တဂွန်ကဆိုသည့် ရုရှားတိုက်လေယာဉ်၏ နောက်တစ်ကြိမ် အနီးကပ်ပျံသန်းမှုကြောင့် ဗီဒီယိုမှတ်တမ်းပေးပို့မှုများ ရပ်တန့်သွားပုံကိုလည်း အမေရိကန်က ပြသခဲ့သည်။
ဗီဒီယိုအဆုံးသတ်တွင် ဒရုန်းယာဉ်၏ပန်ကာထိခိုက်ပျက်စီးသွားသည့် ဓာတ်ပုံများကို ပြသထားသည်။ ဝင်တိုက်မိခြင်းကြောင့် ပန်ကာပျက်စီးသွားကာ ဆက်လက်ပျံသန်းနိုင်စွမ်းမရှိတော့ဘဲ ရေနက်ပိုင်းသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းလည်း ပင်တဂွန်က ပြောဆိုထားသည်။
အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ပေါ်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား တိုက်ရိုက်ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်ခြေကို သတိပေးလိုက်သည့် ဖြစ်စဉ်လည်း ဖြစ်သည်။ အမေရိကန်နဲ့ မဟာမိတ်အနောက်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်နှင့်အခြားအကူအညီများပေးနေသည်။














