မုန်တိုင်းကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် မာလာဝီစစ်သားများကို မတ်လ ၁၆ ရက်တွင် တွေ့ရစဉ် (Photo – AFP)
ဖရက်ဒီဆိုင်ကလုန်းမုန်တိုင်းကြောင့် မာလာဝီနိုင်ငံတွင် သေဆုံးသူစုစုပေါင်းသည် ၃၂၆ ဦးအထိ မြင့်တက်လာသည်ဟု မတ်လ ၁၆ ရက်တွင် မာလာဝီသမ္မတက ထုတ်ဖောပြောကြားသည်။
ထို့ကြောင့် အာဖရိကတောင်ပိုင်းတွင် ဖေဖော်ဝါရီလနောက်ပိုင်း မုန်တိုင်းကြောင့် သေဆုံးသူစုစုပေါင်းမှာ ၄၀၀ ကျော်ရှိလာသည်။
ဆိုင်ကလုန်းသည် အာဖရိကတောင်ပိုင်း၏ ကုန်းမကို ဒုတိယအကြိမ်ဝင်ရောက်ရန် ပုံမှန်မဟုတ်သောလမ်းကြောင်းအတိုင်း ဝင်လာခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရန် အခွင့်အလမ်းများ မှေးမှိန်လာချိန်တွင် ကယ်ဆယ်ရေးသမားများက နောက်ထပ်အလောင်းများကို တူးဖော်ရရှိခဲ့သည်။
“မနေ့ကအထိ ဒီမုန်တိုင်းဘေးကြောင့် သေဆုံးသူစုစုပေါင်းဟာ ၂၅၅ ဦးကနေ ၃၂၆ ဦးအထိမြင့်တက်လာခဲ့ပါတယ်”ဟု ကူးသန်းရောင်းဝယ်ရေးမြို့တော် ဘလန်တိုင်ရီအနီးတွင် ပျက်စီးနေသော တောင်ပိုင်းဒေသကို ရောက်ရှိနေချိန်တွင် မာလာဝီသမ္မတလာဇာ ရုစ်ချက်ဝီရာက ပြောကြားသည်။
“အိုးအိမ်စွန့်ခွာရသူအရေအတွက်ဟာ နှစ်ဆကျော်ရှိလာပြီး ၁၈၃,၁၅၉ ဦးအထိရှိ လာပါတယ်။ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ အိမ်ထောင်စုအရေအတွက်ကတော့ ၄၀,၇၀၂ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ယခုသီတင်းပတ်အတွင်းတွင် သည်းထန်သောမိုးများကြောင့် ဖြစ်ပေါ်သည့် ရေကြီးမှု၊ မြေပြိုမှုတို့မှ အသက်ရှင်ကျန်ရစ်သူများကို မတ်လ ၁၆ ရက်တွင် ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေချိန်တွင် သမ္မတချက်ဝီရာက တစ်ကမ္ဘာလုံးအကူအညီကို ထပ်မံတောင်းခံခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများအတွက် အရေးပေါ် နားခိုစရာ ၃၀၀ ကျော်ကို တည်ဆောက်ပေးထားသည်။ အကျပ်အတည်းကို ကူညီရန် စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ကို ချထားသည်။
မာလာဝီနိုင်ငံတွင်သီတင်းနှစ်ပတ်ကြာ တစ်နိုင်ငံလုံးဝမ်းနည်းမှုနှင့် အရေးပေါ်အခြေအနေတို့ကို ကြေညာထားသည်။
“ဆိုင်ကလုန်းမုန်တိုင်းဟာ အကူအညီ အလွန်အမင်းလိုအပ်နေတဲ့ လူ့အသိုင်းအဝိုင်းတွေကို အဆက်အသွယ်ပြတ်တောက်စေတဲ့ တံတားတွေအပါအဝင် အဆောက်အအုံတွေ၊ အိမ်တွေ၊ ကောက်ပဲသီးနှံတွေ၊ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေခဲ့ပါတယ်” ဟု သမ္မတချက်ဝီရာက ပြောကြားသည်။
ဆိုင်ကလုန်းသည် ဖေဖော်ဝါရီနှောင်းပိုင်းတွင် အာဖရိကတောင်ပိုင်းကို ဦးစွာ ဝင်ရောက်ခဲ့ပြီး မာဒါဂါစကာနှင့် မိုဇမ်ဘစ်တို့ကို တိုက်ခတ်ခဲ့သည်ဆိုသော်လည်း ကုန်းတွင်းပိတ်မာလာဝီနိုင်ငံတွင် အကန့်အသတ်ရှိသော ပျက်စီးမှုကိုသာဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် မုန်တိုင်းသည် အိန္ဒိယသမုဒ္ဒရာပေါ်ကို ပြန်ဆုတ်သွားခဲ့သည်။ ဖရက်ဒီဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယသမုဒ္ဒရာတွင် ပူနွေးသောရေများကြောင့် ပိုမိုအားကောင်းလာပြီး ရှားပါးသော ပြောင်းပြန်လမ်းကြောင်းဖြင့် အာဖရိကကုန်းမကြီးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခတ်ခဲ့သည်။
မတ်လ ၁၅ ရက်ကတည်းက မိုးများ လျော့နည်းသွားသည်ဆိုသော်လည်း ဖရက်ဒီဆိုင်ကလုန်းမုန်တိုင်းသည် ကမ္ဘာ့အချိန်အကြာဆုံးအပူပိုင်းမုန်တိုင်းဖြစ်လာရန်ရှိနေ သည်။
မိုဇမ်ဘစ်တွင် ၇၃ ဦးသေဆုံးပြီး မာဒါဂါစကာတွင် နောက်ထပ် ၁၇ ဦးသေဆုံးထားသည်။














