ပစိဖိတ်လက်နက်ပြိုင်ဆိုင်မှုမြင့်တက်လာချိန်တွင် သြစတြေးလျက အမေရိကန်တိုမာဟော့ဒုံးကျည်များကို ဝယ်ယူမည်

ပစိဖိတ်လက်နက်ပြိုင်ဆိုင်မှုမြင့်တက်လာချိန်တွင် သြစတြေးလျက အမေရိကန်တိုမာဟော့ဒုံးကျည်များကို ဝယ်ယူမည်
၂၀၀၃ ခုနှစ် မတ်လ ၂၃ ရက်က မြေထဲပင်လယ်တွင် USS Cape St. George စစ်သင်္ဘောပေါ်မှ တိုမာဟော့ဒုံးကျည်ပစ်လွှတ်နေပုံကို တွေ့ရစဉ် (Photo – AFP)
၂၀၀၃ ခုနှစ် မတ်လ ၂၃ ရက်က မြေထဲပင်လယ်တွင် USS Cape St. George စစ်သင်္ဘောပေါ်မှ တိုမာဟော့ဒုံးကျည်ပစ်လွှတ်နေပုံကို တွေ့ရစဉ် (Photo – AFP)
Published 17 March 2023
Ref: AFP

တရုတ်စစ်ရေးသြဇာကြီးထွားလာခြင်းကို တန်ပြန်ရန် သြစတြေးလျက ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်လိုက်ချိန်တွင် အမေရိကန်တိုမာဟော့ခရုစ်ဒုံးကျည် ၂၂၀ ဝယ်ယူရန် သဘောတူစာချုပ်သည် ရန်သူများကို ဟန့်တားရန် အရေးပါသည်ဟု သြစတြေးလျက ပြောကြားသည်။

ထိရောက်မှုရှိသော တာဝေးပစ်ခရုစ်ဒုံးကျည်များကို လက်ရှိရေတပ်စစ်သင်္ဘောများတွင် ဦးစွာအသုံးပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စုသစ်တွင် အသုံးပြုသွားမည်ဟု သြစတြေးလျကာကွယ်ရေးဝန်ကြီး ပတ်ကွန်ရိုင်းက ပြောကြားသည်။

တိုမာဟော့ဒုံးကျည်များ ရောင်းချမှုကို မတ်လ ၁၆ ရက်တွင် ပင်တဂွန်က ထုတ်ပြန်ခဲ့ပြီး စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၅ သန်း(သြစတြေးလျဒေါ်လာ ၁ ဒသမ ၃ ဘီလျံ)အထိရှိသည်ဟု ဆိုသည်။

လက်နက်များကြောင့် သြစတြေးလျအနေဖြင့် ရန်သူများကို ကီလိုမီတာတစ်ထောင်ကျော်မှတိုက်ခိုက်ရန် လက်နက်တိုက်ကြီးတစ်ခုကို ရရှိခြင်းဖြစ်ရာ ရန်သူဖြစ်လာနိုင်သူများအတွက် ကြောက်မက်ဖွယ်အဟန့်အတား ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

“တာဝေးပစ်လက်နက်ဟာ ကျွန်တော်တို့ရဲ့အမျိုးသားလုံခြုံရေးနဲ့ ကျွန်တော်တို့ရဲ့ကာကွယ်ရေးအကျိုးစီးပွားဖြစ်တဲ့ သြစတြေးလျစစ်တပ်ကို လက်နက်တပ်ဆင်ဖို့၊ ရန်သူတွေကို ဟန့်တားဖို့ဆိုပြီး ဒီအစိုးရ ကတိပေးထားတဲ့အလုပ်ရဲ့အရေးအပါဆုံးအရာဖြစ်ပါတယ်”ဟု ကွန်ရိုင်းက သတင်းထောက်များကို ပြောကြားသည်။

ဆက်ဒမ်ဟူဆိန်၏ ကူဝိတ်ကျူးကျော်မှုကို တွန်းလှန်ရန် ၁၉၉၁ အမေရိကန်မစ်ရှင် ဖြစ်သည့် ကန္တာရမုန်တိုင်းစစ်ဆင်ရေးတွင် တိုမာဟော့ဒုံးကျည်များသည် အများပြည်သူ၏ ကျယ်ပြန့်သော စိတ်ဝင်စားမှုကို ပထမဆုံး ရရှိခဲ့သည်။ တိုမာဟော့သည် အီရတ်သမ္မတနန်းတော်အပါအဝင် ပစ်မှတ်များကို ထိမှန်ခဲ့သော ဒုံးကျည်ဖြစ်သည်။

တိုးတက်လာသော တရုတ်နှင့်ရင်ဆိုင်ရေးအတွက် အာရှ-ပစိဖိတ်ဒေသတစ်လွှားတွင် အနောက်အင်အားကို တိုးမြှင့်ရန် ရည်မှန်းချက်ကြီးမားသောစီမံချက်အရ သြစတြေးလျသည် အမေရိကန်နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောငါးစင်းအထိဝယ်ယူရန် အစီအစဉ်များကို ထုတ်ဖော်ပြောကြားလိုက်သည်။

ထို့အပြင် သြစတြေးလျသည် အမေရိကန်၊ ဗြိတိန်နည်းပညာဖြင့် ရေငုပ်သင်္ဘော မော်ဒယ်သစ်ကို တည်ဆောက်သွားမည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂို ရေတပ်အခြေစိုက်စခန်း၌ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနိစ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်တို့ကို လက်ခံတွေ့ဆုံရာတွင် သြစတြေးလျက ယင်းသို့ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ရေမျက်နှာပြင်ပေါ်ကို တက်လာစရာမလိုဘဲ ခရီးဝေးသွားနိုင်သော ရေငုပ်သင်္ဘောများဝယ်ယူခြင်းကြောင့် သြစတြေးလျသည် တရုတ်စစ်ရေးချဲ့ထွင်မှုကို ဟန့်တားရန် အမေရိကန်ဦးဆောင်သောကြိုပမ်းအားထုတ်မှုများ၏ ရှေ့တန်းကို ရောက်လာမည်ဖြစ်ကာ ထိပ်တန်းအဆင့်ထဲပါဝင်လာမည်ဖြစ်သည်။

တိုမာဟော့ဒုံးကျည်များကို သြစတြေးလျ၏ လက်ရှိ ဟိုးဘတ်အတန်းအစား ဖျက်သင်္ဘောများတွင် ဦးစွာအသုံးပြုမည်ဖြစ်ပြီး  ၂၀၃၀ ပြည့်နှစ် အစောပိုင်းမှစ၍ အမေရိကန် ဗာဂျီးနီးယားအမျိုးအစား ရေငုပ်သင်္ဘောများကိုပေးပို့သည့်အခါ ယင်းရေငုပ်သင်္ဘောများတွင် အသုံးပြုသွာမည်ဖြစ်သည်။

ဗြိတိန်ပုံစံကို အခြေခံထားသည့် ဗာဂျီးနီးယားအမျိုးအစားသို့မဟုတ် သြစတြေးလျ ကိုယ်ပိုင်ရေငုပ်သင်္ဘောများကို တည်ဆောက်ဆဲအသံလွန်လက်နက်များ တစ်ချိန်ချိန်တွင် တပ်ဆင်သွားမည်ဟု ကွန်ရိုင်းက ပြောကြားသည်။

အမေရိကန်ထံမှ တိုမာဟော့ဒုံးကျည် ၄၀၀ ခန့် ဝယ်ယူမည်ဟု မကြာသေးမီက ဂျပန်နိုင်ငံက ကြေညာခဲ့သည်။

Most Read

Most Recent