ရုရှားတိုက်လေယာဉ်တစ်စီးကြောင့် အမေရိကန်ဒရုန်းပျက်ကျခဲ့ပြီးနောက် နိုင်ငံတကာဥပဒေကခွင့်ပြုထားသည့် နေရာတိုင်းတွင် အမေရိကန်လေယာဉ်ပျံသန်းမည်ဟု မတ်လ ၁၅ ရက်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရွိုင်ဂူကို ဖုန်းဆက်ပြောကြားခဲ့သည်။
ရုရှား Su-27 က MQ-9 ဒရုန်းကို ဝင်တိုက်ခဲ့သောကြောင့် ဒရုန်းသည် ပင်လယ်နက်တွင် ပျက်ကျခဲ့သည်ဟု အမေရိကန်က ပြောကြားသည်။ အမေရိကန်ဒရုန်းပျက်ကျရာတွင် တာဝန်ရှိသည်ဆိုခြင်းကို ရုရှားက ပယ်ချထားပြီး ပင်လယ်နက်ဒေသတွင် ရန်လိုသောပျံသန်းမှုများကို အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။
ပင်လယ်နက်ကောင်းကင်ယံရှိ နိုင်ငံတကာဝေဟင်ပိုင်နက်တွင် ရုရှားလေတပ်၏ မကြာသေးမီက ပရော်ဖက်ရှင်နယ်မဆန်သော၊ အန္တရာယ်များသော မဆင်မခြင်အပြုအမူနှင့်စပ်လျဉ်း၍ အော်စတင်က ရွိုင်ဂူနှင့် ပြောဆိုခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာဥပဒေက ခွင့်ပြုသည့် မည်သည့်နေရာတွင်မဆို အမေရိကန်ပြည်ထောင်စုက ပျံသန်းမည်၊ မောင်းနှင်မည်ဟု ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
ဖုန်းဆက်ပြောဆိုမှုကို ရုရှားကအတည်ပြုခဲ့ပြီး အမေရိကန်က စတင်ဆက်သွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ရုရှားစစ်လေယာဉ်သည် ဘေးကင်းပြီး ပရော်ဖက်ရှင်နယ်ဆန်သောပုံစံဖြင့် မောင်းနှင်ရန် ရုရှားတွင် တာဝန်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မတ်လ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ရုရှား၏ Su-27 တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန်၏ MQ-9 Reaper ဒရုန်းကို နိုင်ငံတကာ ရေပြင်နယ်နိမိတ်ပေါ်တွင် ကြားဖြတ်ဟန့်တားခဲ့ပြီး ရုရှားတိုက်လေယာဉ်တစ်စင်းက မိမိတို့၏ဒရုန်းအပေါ်ကို လောင်စာများ လောင်းချခဲ့သည်ဟု အမေရိကန်၏ ဥရောပစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
“မတိုက်မိခင်မှာ Su-27 တိုက်လေယာဉ်တွေက လောင်စာတွေလောင်းချခဲ့ပြီး MQ-9 ရဲ့ အရှေ့မှာ မဆင်မခြင် ပရော်ဖက်ရှင်နယ်မဆန်ဘဲ မောင်းနှင်ခဲ့တာဖြစ်ပါတယ်”ဟု အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်အပြီးတွင် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အနာတိုလီအန်တို နော့ဗ်က အမေရိကန်အနေဖြင့် ၎င်းနိုင်ငံ၏ နယ်စပ်အနီးတွင် ရန်လိုသည့် လေကြောင်းပျံသန်းမှုများပြုလုပ်နေခြင်းကို ရပ်တန့်ရန် မတ်လ ၁၅ ရက်တွင် ဆော်သြခဲ့သည်။
ယူကရိန်းစစ်ပွဲဖြစ်ပွားသည်မှာ တစ်နှစ်ကျော်လာချိန်တွင် အမေရိကန်နှင့်ရုရှား ထိပ်တန်းကာကွယ်ရေးတာဝန်ရှိသူများတိုက်ရိုက်ဆက်သွယ်မှု ရှားပါးလာချိန်အတွင်း ရုရှားနှင့် ဆက်သွယ်ခြင်းမှာ အဓိကကျသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ဖြစ်ပျက်ခဲ့သမျှကို တိတိကျကျသိရရန် ဒရုန်းမှ ဗီဒီယိုနှင့်အချက်အလက်တို့ကို ပင်တဂွန်က လေ့လာဆန်းစစ်နေသည်ဟုဆိုသည်။














