အာဖရိကဦးချိုဒေသတွင် လူ ၁၃၀၀၀၀ ခန့် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်နေရဟု WHO ပြောကြား

အာဖရိကဦးချိုဒေသတွင် လူ ၁၃၀၀၀၀ ခန့် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်နေရဟု WHO ပြောကြား
အီသီယိုပီးယားတွင် ရွှေ့ပြောင်းနေထိုင်သူများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂျုံများဝေငှပေးနေစဉ်(Photo - AFP)
အီသီယိုပီးယားတွင် ရွှေ့ပြောင်းနေထိုင်သူများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂျုံများဝေငှပေးနေစဉ်(Photo - AFP)
Published 11 March 2023
Ref: AFP

အာဖရိကဦးချိုဒေသတွင် လူ ၁၃၀,၀၀၀ နီးပါးသည် ဆာလောင်မှုကပ်ဘေးကြောင့် သေဆုံးနိုင်ဖွယ်အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၁၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ဂျဘူတီ၊အီသီယိုပီးယား၊ ကင်ညာ၊ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယူဂန်ဒါနိုင်ငံများပါဝင်သော အာဖရိကဦးချိုဒေသရှိလူ ၄၈ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု WHO က ပြောကြားခဲ့သည်။

အိမ်ထောင်စုများသည် အစားအစာနပ် မမှန်ခြင်းနှင့် အစာစားနိုင်ရန်အတွက် စုငွေများ၊ ပိုင်ဆိုင်မှုများကိုသုံးစွဲရခြင်းကြောင့် လျော့နည်းလာခြင်းတို့ကြုံတွေ့ နေရသည်။

ယင်းတို့ထဲတွင် လူခြောက်သန်းသည် စားနပ်ရိက္ခာမလုံလောက်သည့် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့နေပြီး လူ ၁၂၉,၀၀၀ သည်အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိနေသည်ဟုဆိုသည်။

“သူတို့တွေဟာ ငတ်မွတ်နေပြီးသေဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်”ဟု အာဖရိက ဦးချိုဒေသရှိ ကျန်းမာရေးအကျပ်အတည်းဆိုင်ရာ WHO ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မန်နေဂျာ လစ်ဘက်အယ်ဘရက်ချ်ကဆိုသည်။

လူ ၁၂၉,၀၀၀ တွင် ဆိုမာလီယာနိုင်ငံမှ လူ ၉၆,၀၀၀ နှင့် တောင်ဆူဒန်နိုင်ငံမှ၃၃၀၀၀ ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒေသရဲ့ နေရာအများစုဟာ နှစ် ၄၀ ထက်မနည်း အဆိုးရွားဆုံးမိုးခေါင်မှုနဲ့ကြုံ တွေ့နေရပြီး အခြားနေရာတွေမှာတော့ ရေကြီးတာတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့်အငတ်ဘေးဆိုက်နေပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

“ရောဂါကူးစက်မှုမြင့်မားလာတာတွေနဲ့ နှစ်ပေါင်းများစွာအတွင်း အာဟာရချို့တဲ့,တဲ့ကလေးအရေအတွက် မြင့်တက်လာတာတွေကို ကျွန်မတို့တွေမြင်တွေ့နေရပါတယ်}} ဟု ပြောကြားခဲ့သည်။

အသက် ငါးနှစ်အောက်ကလေး ၁၁ ဒသမ ၉ သန်းသည် ယခုနှစ်အတွင်း ဆိုးရွားသောအာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ယင်းဒေသတွင် ဝက်သက်၊ ကာလဝမ်းရောဂါ၊ ငှက်ဖျား၊သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါများနှင့် ရင်ဆိုင်နေရသည်။

“အာဖရိကဦးချိုဒေသမှာ ရောဂါကူးစက်ဖြစ်ပွားမှုအရေအတွက်ဟာ ဒီရာစုနှစ်မှာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေပြီးနိုင်ငံခုနစ်နိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်အောင် ခက်ခဲစွာရုန်းကန်နေကြရပါတယ်”ဟု အယ်ဘရက်ချ်ကဆိုသည်။

ယင်းရောဂါ၏ ကြိမ်နှုန်းသည် အလွန်ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့် တိုက်ရိုက်ဆက်နွှယ်နိုင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းဒေသသည် ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးရွားဆုံး ခုခံအားနည်းသည့်ဒေသများတွင် အပါအဝင်ဖြစ်သည်ဟုဆိုသည်။

ငါးနှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုကြောင့် တိရစ္ဆာန်သန်းပေါင်းများစွာသေဆုံးခြင်း၊ ကောက်ပဲသီးနှံများပျက်စီးခြင်းနှင့်လူပေါင်းသန်းချီ ရေနှင့်အစားအစာများကိုရှာဖွေရန် ၎င်းတို့၏နေအိမ်များကိုစွန့်ခွာရခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရသည်။ “ဖျားနာတာတွေ၊ သေဆုံးတာတွေလျော့ကျဖို့လိုအပ်တဲ့ အရင်းအမြစ်တွေအတွက် WHO က ၂၀၂၃ခုနှစ်မှာ ဒေါ်လာ ၁၇၈ သန်း တောင်းခံထားပါတယ်”ဟု အယ်ဘရက်ချ်ကဆိုသည်။   

Most Read

Most Recent