ဘက်ခ်မွတ်မြို့တိုက်ပွဲသည် ရုရှား၏အကောင်းဆုံး တပ်ရင်းတပ်ဖွဲ့များကို အင်အားချည့်နဲ့စေသည်ဟု ယူကရိန်းပြောကြား

ဘက်ခ်မွတ်မြို့တိုက်ပွဲသည် ရုရှား၏အကောင်းဆုံး တပ်ရင်းတပ်ဖွဲ့များကို အင်အားချည့်နဲ့စေသည်ဟု ယူကရိန်းပြောကြား
မတ်လ ၃ ရက်က ဘက်ခ်မွတ်မြို့ပြင်ရှိ လမ်းမတစ်ခုတွင် မောင်းနှင်နေသည့် ယူကရိန်း၏ စစ်သည်တင်သံချပ်ကာယာဉ်တစ်စီးကို တွေ့ရစဉ် (Photo – AFP)
မတ်လ ၃ ရက်က ဘက်ခ်မွတ်မြို့ပြင်ရှိ လမ်းမတစ်ခုတွင် မောင်းနှင်နေသည့် ယူကရိန်း၏ စစ်သည်တင်သံချပ်ကာယာဉ်တစ်စီးကို တွေ့ရစဉ် (Photo – AFP)
Published 11 March 2023
Ref: Reuters

တိုက်ပွဲများကြောင့် အကြီးအကျယ်ပျက်စီးနေသည့် ဘက်ခ်မွတ်မြို့မှ ဆက်လက်ခုခံတိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်းနှင့် ၎င်းတိုက်ပွဲသည် ရုရှား၏ အကောင်းဆုံး တပ်ရင်းတပ်ဖွဲ့များကို တဖြည်းဖြည်း အင်အားချည့်နဲ့စေသည်ဟု သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ လက်ထောက်တစ်ဦးက ပြောကြားခဲ့ သည်။

ရုရှားအနေဖြင့် ခြောက်လကျော်ကာလအတွင်း ၎င်း၏ပထမဆုံးသော ကြီးကြီးမားမားအောင်ပွဲကို ရယူရန် ကြိုးပမ်းနေစဉ် စစ်ပွဲ၏ သွေးထွက်သံယိုအများဆုံးဖြစ်သော နိုင်ငံအရှေ့ပိုင်း မြို့လေးကို ကာကွယ်ရန် ယူကရိန်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ရုရှားဘက်က နည်းဗျူဟာပြောင်းလဲခဲ့ပါတယ်။ သူတို့ဟာ ပင်မစစ်တပ်နဲ့ ကြေးစားစစ်သားကုမ္ပဏီတွေက လက်ကျန်အင်အားတွေဖြစ်တဲ့ လေ့ကျင့်မှုပြည့်ဝတဲ့ တပ်ဖွဲ့ဝင်တွေကို ပုံအောအသုံးပြုပြီး ဘက်ခ်မွတ်မြို့ကို တိုက်ခိုက်နေတာဖြစ်တယ်” ဟု သမ္မတဇယ်လန်စကီး၏ လက်ထောက်ဖြစ်သူ မစ်ခေလို ပိုဒိုလ်ယက်က အီတလီသတင်းစာဖြစ်သည့် La Stampa သို့ ပြောကြားခဲ့သည်။

ဒါကြောင့် မိမိတို့ဟာ ရည်မှန်းချက်နှစ်ခု ချမှတ်ထားပါတယ်။ အဲဒါကတော့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ တပ်ဖွဲ့ဝင်အင်အားကို ရနိုင်သလောက် ဆုံးရှုံးအောင်လုပ်ပြီး သူတို့ကို အဓိကတိုက်ပွဲတချို့မှာ စစ်ပန်းအောင်လုပ်ဖို့နဲ့ သူတို့ရဲ့ထိုးစစ်ကို အဟန့်အတားဖြစ်စေပြီး နွေဦးတန်ပြန်ထိုးစစ်အတွက် မိမိတို့အင်အားတွေကို တခြားနေရာတွေမှာ စုစည်းထားနိုင်ဖို့ပဲဖြစ်တယ်။ ဒါကြောင့် ဘက်ခ်မွတ်မြို့တိုက်ပွဲဟာ အဓိကတာဝန်တွေထက်တောင် သာလွန်ပြီး လုံးလုံးလျားလျား ထိရောက်မှုရှိနေတယ်” ဟု ၎င်းကဆိုသည်။

ရုရှားသည် ဆောင်းရာသီထိုးစစ်အတွင်း ဘက်ခ်မွတ်မြို့ကို သိမ်းယူရန် အဓိကပစ်မှတ်ထားကာ သိန်းနဲ့ချီသော အရန်တပ်ဖွဲ့ဝင်များနှင့် ကြေးစားစစ်သားများကို အသုံးပြုလျက်ရှိ သည်။

ရုရှားက ဘက်ခ်မွတ်မြို့၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ဆင်ခြေဖုံးဒေသများကို သိမ်းယူထားသော်လည်း မြို့တွင်းမှ ခုခံတွန်းလှန်နေသည့် ယူကရိန်းတပ်များကို အလုံးစုံပိတ်ဆို့ထားနိုင်ခြင်း မရှိသေးပေ။

မတ်လအစောပိုင်းတွင် အနောက်ဘက်သို့ ခွာစစ်ဆင်ရန် ရည်မှန်းထားပုံရသော်လည်း ဘက်ခ်မွတ်မြို့ရှိ အင်အားကို ထပ်မံဖြည့်တင်းပြီး ဆက်လက်တိုက်ပွဲဝင်ရန် ယူကရိန်း စစ်ဗိုလ်ချုပ်များက ဆုံးဖြတ်လိုက်ကြောင်း ယူကရိန်းတို့က ယခုသီတင်းပတ်ထဲတွင် ကြေညာခဲ့သည်။

ရုရှားတပ်များက အရှိန်မြှင့်ထိုးစစ်ဆင် လျက်ရှိကြောင်းနှင့် မိမိတို့၏ တပ်ဖွဲ့ဝင်များ သည် ရန်သူ့အကြံအစည်များ အထမမြောက် အောင် ဟန့်တားကာကွယ်ရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေသည်ဟု ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာ မာလီယာက ဆိုသည်။

ရုရှား၏ထိုးစစ်ကို ဦးဆောင်နေသည့် ပုဂ္ဂလိက ကြေးစားစစ်သားအဖွဲ့ဖြစ်သော Wagner ၏ အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂိုဇင်က ရုရှားစစ်တပ်၏ ကွပ်ကဲမှုဌာနချုပ်သည် မိမိတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများ လုံလုံလောက်လောက် ထောက်ပံ့ပေးခြင်းမရှိကြောင်း လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပြီးနောက်ပိုင်း ရုရှား၏ထိုးစစ်ဆင်မှုများသည် အရှိန်နှေးကွေးသွားခဲ့ပုံရသည်။

မတ်လ ၁၀ ရက်တွင် ပရီဂိုဇင်ကထောက်ပံ့မှုများ တိုးမြှင့်ပေးသည့်အတွက် ရုရှားအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း Wagner သာမက ရုရှားစစ်တပ်၏ တပ်ရင်းတပ်ဖွဲ့အားလုံးတွင်လည်း အမြောက်ကျည်နှင့် ခဲယမ်းမီးကျောက် မလုံမလောက်ဖြစ်နေသည့်အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ဘက်ခ်မွတ်မြို့ကို သိမ်းယူနိုင်မည်ဆိုလျှင် ယူကရိန်းတို့၏ ခံစစ်ကြောင်းများကို ယိုပေါက်ဖြစ်စေမည်ဖြစ်ပြီး စက်မှုဒေသဖြစ်သော ဒွန်းဘတ်စ်ဒေသ တစ်ခုလုံးကို သိမ်းယူနိုင်မည့် ခြေလှမ်းတစ်ရပ် ဖြစ်လာလိမ့်မည်ဟု ရုရှားကဆိုသည်။ ယူကရိန်းကမူ ထိုတိုက်ပွဲတွင် ရုရှားက ၎င်းတို့ထက်ဆုံးရှုံးမှုပိုများသည်ဟု ယူဆထားသည်။

Most Read

Most Recent