ရုရှားက ပစ်မှတ်တိကျ ဒုံးကျည်များ ဖြင့် တရစပ်ပစ်ခတ်သောကြောင့် မတ်လ ၉ ရက်တွင် ယူကရိန်းနိုင်ငံတစ်ဝန်း၌ လူကိုးဦး သေဆုံးခဲ့ပြီး အခြားသောတိုက်ခိုက်မှုများက ဥရောပအကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံအပါအဝင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအများအပြားကို ဖြစ်ပေါ်စေခဲ့သည်။
ဇာပိုရီရှား နျူကလီးယားသုံးဓာတ်အား ပးစက်ရုံ၌ ဓာတ်အားပြတ်တောက်မှုကြောင့် ကုလသမဂ္ဂအဏုမြူအေဂျင်စီအကြီးအကဲက “နောက်တစ်ကြိမ်တွင် ကံကောင်းမည်မဟုတ်”ဟု ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကလည်း အနောက်အုပ်စုက ရုရှား၏ အဏုမြူလုပ်ငန်းကို ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုခဲ့သည်။
ရှားပါးသော အသံလွန်ဒုံးကျည်များ ပါဝင်သည့် တိုက်ခိုက်မှုများသည် ယခုလအစောပိုင်း နယ်စပ်ကျူးကျော်မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ရုရှားက ပြောကြားသည်။
စုစုပေါင်းဒုံးကျည် ၈၁ ခု ကို ပစ်လွှတ်ခဲ့သည်ဟု ဇယ်လန်စကီးက ပြောကြားခဲ့ပြီး အနောက်ပိုင်း Lviv မြို့ကြီးတွင် ငါးဦးသေဆုံးကာ အရှေ့ပိုင်းမြို့ကြီး နီပရိုတွင် တစ်ဦး သေဆုံးသည်ဟုဆိုသည်။
တောင်ပိုင်းမြို့ကြီးခါဆန်က ဘက်စ်ကားမှတ်တိုင်ကို လက်နက်ကြီးဖြင့် သီးခြားတိုက်ခိုက်မှုအတွင်း အနည်းဆုံး သုံးဦးသေဆုံးသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားသည်။
ဒုံးကျည်တိုက်ခိုက်မှုများသည် ရက်စက်ပြီး မတရားဟု အမေရိကန်ပြည်ထောင်စုက ပြောကြားသည်။
တိုက်ခိုက်မှုများသည် လူသားများကို တိုက်ခိုက်ရန် အကြမ်းဖက်နိုင်ငံ၏ နောက်ထပ်ကြိုးပမ်းမှုဖြစ်သည်ဟု ဇယ်လန်စကီးက ပြောကြားသည်။ ယူကရိန်းကို အနိုင်ရမည် မဟုတ်ဟု ၎င်းကပြောကြားသည်။
“ကျွန်တော်တို့့ရဲ့နိုင်ငံတော်နဲ့ ကျွန်တော်တို့့ရဲ့ပြည်သူတွေကို ဘယ်တော့မှ ချည်နှောင်ထားလို့မရပါဘူး။ ဒုံးကျည်တွေကရော ရက်စက်ကြမ်းကြုတ်မှုတွေကပါ ရုရှား ထမြောက်အောင်မြင်ဖို့အထောက်အကူပြုမှာ မဟုတ်ပါဘူး”ဟု နိုင်ငံကို ပြောကြားသော နေ့စဉ် မိန့်ခွန်းတွင် ဇယ်လန်စကီးက ထည့်သွင်း ပြောကြားသည်။
ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာ ဗွန်ဒါလေယန်နှင့် ဖုန်းပြောဆိုရာတွင် ဇယ်လန်းစကီးက ရုရှားကို စီးပွားရေးဆိုင်ရာဖိ အားတိုးမြှင့်ပေးရန် အနောက်ကို တောင်းဆိုခဲ့သည်။ ထို့အပြင် ဇာပိုရီရှား ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ပြီးနောက် ရုရှား၏နျူကလီးယားလုပ်ငန်းကို ပိတ်ဆို့မှုများ ချမှတ်ရန် ဇယ်လန်စကီးက ဆော်သြခဲ့သည်။
မတ်လ ၉ ရက်တွင် လူနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကိယက်ဗ်မြို့တော်ဝန်ဗီတာလီက လစ်ရှ်ကိုက ပြောကြားခဲ့ပြီး ကိယက်ဗ်မြို့ခံ ၄၀ ရာခိုင်နှုန်းမှာ နာရီအတန်ကြာ လျှပ်စစ်ဓာတ်အားမရခဲ့ဟုဆိုသည်။
ရုရှားဒုံးကျည်တိုက်ခိုက်မှုများကြောင့် အရှေ့မြောက်ပိုင်းရှိ ယူကရိန်းဒုတိယအကြီးဆုံးမြို့ ခါကိဗ်မှာ လျှပ်စစ်ဓာတ်အား၊ ရေ သို့မဟုတ် အပူပေးစနစ်တို့ မရှိဘဲ နေထိုင်ခဲ့ရသည်ဟု ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဇာပိုရီရှားနျူကလီးယားသုံးဓာတ်အားပေးစက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်ခဲ့ရသည်။














